Friday, May 16, 2014

ဤ ကွန်းခိုရာလေးကို ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။



ဤ ကွန်းခိုရာလေးကို  ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။
April-Living Fashion မဂဇင်းတွင်ပါဝင်သော


* မင်းကိုယ်တိုင် မသိအောင်  လျှို့ဝှက်ထား ၊ ရင်တွေခုန်တတ်စအရွယ် ငယ်ဘ၀မှာ
ငါ ချစ်တတ်စိတ်ဟာ ဆန်းကြယ်စွာ ပိုင်ဆိုင်ခြင်းရဲ့ တစ်ဘက်မှာ ကျန်ရစ်ခဲ့ ........ *

အလန်းပေးထားသော သီချင်းသံကြောင့်  ကျင့်သားရနေသည့် ကျွန်မမျက်လုံးတွေ ပွင့်လာရ၏ ။ ပြန်အိပ်ချင်ပေမယ့် ဒီချိန်လေးကို ကျွန်မ နှမြောနေမိသည် ။ ထိုကြော့်မထချင်ဘဲ ထလာခဲ့ရပါသည် ။ ဒီချိန်လေးကို ကျွန်မဆက်အိပ်နေမည်ဆိုလျှင် ကျွန်မအတွက် တစ်ယောက်တည်းနေရချိန်တွေ ပို၍များပြားလို့နေပေမည်။ မကြာခင်အလုပ်သွားရတော့မည့် ခင်ပွန်းသည်နှင့် ကျွန်မတူတူ နေရချိန်သည် အင်မတန်ရှားလွန်းသည် ။ ထိုကြောင့် မှိတ်ချင်နေသေးသည့် မျက်လုံးအစုံကို အတင်းပြူးကာ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည် ။ အမှန်တကယ်တော့ ကျွန်မ ဒီအချိန်ထခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပေသည် ။ ဒီအိမ်လေးမှာ အိမ်သာ ရေချိုးခန်းတွဲလျှက် နှစ်ခန်းသာပါဝင်သည် ။ ဒီအခန်း နှစ်ခန်းကို အလှည့်ကြသုံးစွဲကြရသည် ။ ကျွန်မတို့ ဇနီးမောင်နှံနေထိုင်ရာ အခန်းတွင် ရေချိုးခန်း တပါတည်းပါဝင်တာမို့ ကျွန်မအတွက်တော့ အရမ်းအဆင်ပြေသည် ။ ကျွန်မတို့အခန်းထဲမှာ ရှိနေသော်လည်း ကျွန်မတို့ချည်း သုံးလို့မရပါ ။ မလေးတရုတ်ရယ် ၊ ကျွန်မတို့လင်မယားရယ် သုံးယောက် သုံးစွဲရသည်။ မနက်ဆိုရင် ကျွန်မက အစောဆုံးထ ကိုယ်လက်သန့်စင် မျက်နှာသစ်ပြီးတာနဲ့ အမျိုးသားထရပါသည် ။ အမျိုးသားပြီးတာနဲ့ မလေးတရုတ် ထသည် ။ အကယ်၍ တယောက်ယောက်က နောက်ကျခဲ့ရင် စောင့်ပေတော့ပဲ ။ ကျွန်မ နောက်ကျနိုးခဲ့မိလျှင် အားလုံးအလုပ်သွားချိန်ကျမှ ရေချိုးခန်းကို သုံးခွင့်ရသည် ။ ဒါနေ့စဉ် မနက်ခင်းအချိန်ဇယားလေးပါပဲ ။ 
ကျွန်မ အမျိုးသား၏ အလုပ်ရှင် ငှားပေးထားသော ဒီကွန်ဒိုတိုက်ခန်းလေးတွင် ကျွန်မအပါဝင် မြန်မာလူမျိုးချည်း ၅ယောက် ၊ မလေးရှား တရုတ်လူမျိုး တစ်ယောက် ပေါင်း၆ယောက်တိတိ နေထိုင်ကြသည် ။ တခြားသူတွေအနေနဲ့ ဒီအိမ်လေးကို ဘယ်လိုသဘောထားသည် ကျွန်မ မသိပါ ။ ကျွန်မအတွက်တော့ ထိုအိမ်လေးသည် ကျွန်မ၏ကွန်းခိုရာလေးပင် ဖြစ်သည် ။ မည်သူငှားပေးသည်ဖြစ်ပါစေ ကျွန်မနေထိုင်ရာနေရာသည် ကျွန်မ အိမ်ဂေဟာလေးပင်ဖြစ်သည် ။ ဒီစိတ်တစ်ခုဖြင့် ဒီအိမ်ဂေဟာလေးကို အစဉ်သန့်ရှင်း သပ်ရပ်နေအောင် ကျွန်မပြင်ဆင်တတ်သည် ။ ကျွန်မ မလေးရှားကို စရောက်ပြီး အမျိုးသားဆီမှာဘဲ နေတော့မည်လို့ ဆုံးဖြတ်လိုက်ချိန်က အစပြုလို့ ဒီအိမ်လေးသည် ကျွန်မအတွက် ကွန်းခွန်ရာလေးဖြစ်ခဲ့သည်  ။ မလေးစံတော်ချိန် မနက် 8နာရီကနေ ည 9နာရီခွဲသည်အထိ ဒီအိမ်လေးထဲမှာ  ကျွန်မ တစ်ယောက်တည်းနေရသည်   ။ အချိန်တွေကြာလာသည်အမျှ ဒီအိမ်လေးသည် ကျွန်မအတွက် အဖော်မွန်ကောင်းတစ်ဦး ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည် ။ ဘယ်နေရာက ပြန်လာပါစေ ကျွန်မနေထိုင်ရာ ကွန်ဒိုတိုက်ဝန်းထဲကို ခြေချမိ ရင်ဘဲ ကျွန်မစိတ်တွေ အေးချမ်းသွားတတ်၏ ။ မလေးရှားဆိုသည်မှာ ပတ်စပို့( စ် ) တွေ ၊ ပါမစ်တွေ ဘယ်လိုရှိရှိ ရဲဆိုသည့် လူမျိုးတို့သည် ရစ်ချင်ရစ်တတ်သည့် နိုင်ငံပါ ။ ခိုးယူလုယက်သူ အင်မတန်ပေါများသည့် နိုင်ငံမို့ လမ်းပေါ်ထွက်ချိန်တိုင်း အမြဲသတိထားနေရပါသည် ။ကျွန်မစိတ်တွေ အပေါ့ပါးဆုံးအချိန်ကတော့ ကျွန်မအိမ်လေးထဲမှာ နေနေရသည့် အချိန်တွေပါပဲ  ။ ဒီအိမ်လေးထဲမှာ တစ်ယောက်ထဲနေလာလိုက်တာ ခုဆို နှစ်နှစ်တင်းတင်းပြည့်ရော့မည် ။
သံယောဇဉ်တွေလည်း ခိုင်မာနေပြီ ။ တစ်ပတ်တစ်ကြိမ်ခါမျှသာ အပြင်ထွက်ရသည့် ကျွန်မအနေဖြင့် ဒီအိမ်လေးထဲမှာ နေသားတကျဖြစ်နေခဲ့ပြီ ။ ကျွန်မ အခန်းလေးကိုလည်း နှစ်သက်သည် ။ ဧည့်ခန်းရယ်လို့ သတ်သတ်မှတ်မှတ် ဘာမှ မရှိသော်လည်း ကိုးကွယ်ဆည်းကပ်ရာ ဘုရားစင်လေးရယ် ၊ ကော်ဇောတစ်ချပ်ရယ်သာ ရှိနေသည့်  အိမ်ရှေ့အခန်းလေးကိုလည်း သဘောကျသည် ။ ကျွန်မခင်ပွန်းသည်အတွက်  အရသာရှိသော ဟင်းလျာပေါင်းစုံကို စီမံချက်ပြုတ်ပေးနိုင်သည့် မီးဖိုခန်းလေးကိုလည်း  မြတ်နိုးသည် ။ အားလုံးကို စမတ်ကျ သန့်ရှင်းစွာ ၀တ်ဆင်နိုင်ဖို့ ကူညီပေးနေသည့် အ၀တ်လျော်စက်ထားသော ၊  အ၀တ်လှန်း ခွင့်ရသော အခန်းငယ်လေးကိုလည်း ကျေးဇူးတင်သည် ။ တခြားသူတွေ အတွက် နားခို အိပ်စက်ခွင့်ပေးထားသော အခန်းငယ်လေး နှစ်ခန်းကိုလည်း ကျွန်မ ကြိုက်နှစ်သက်သည် ။ အနှစ်သာရပေါင်းများစွာ စီးဆင်းပျော်ဝင်နေသော ကျွန်မ အခန်းလေးရဲ့ အဓိက အားသာချက်ကတော့စာတွေအများကြီးကိုစိတ်ပါဝင်စားစွာဖတ်နိုင်ဖို့ ပေးစွမ်းစေသည့်တိတ်ဆိတ်ခြင်း ၊ ရေးချင်သည့်စာတွေကို စိတ်ချမ်းမြေ့စွာ ရေးနိုင်သည့်  စိတ်ငြိမ်ခြင်း တွေပါပဲ ။
ဒီအိမ်လေးထဲမှာ ရက်ပေါင်းများစွာ ကျွန်မတစ်ယောက်ထဲ အချိန်တော်တော်များများကို ဖြတ်ကျော်ခဲ့ရဘူးပါသည် ။ ငြီးငွေ့ခြင်းဆိုသော ခံစားချက်လေးကို တစ်ခါတရံခံစားမိသော်လည်း များသောအားဖြင့် ချမ်းမြေ့ခြင်းတွေကိုဘဲ ပေးစေခဲ့သည် ။ ဒီအိမ်လေးထဲမှာ ကျွန်မအတွက် အမှတ်တရများစွာ ရှိနေခဲ့ဘူးသည် ။
ပထမဆုံးအမှတ်တရက ကျွန်မချစ်ခင်မြတ်နိုးရသော မောင်ဆိုသော လူသားလေးနဲ့ တရားဝင်အကြင်လင်မယားအဖြစ် ပတ်ဝန်းကျင်က အသိမှတ်ပြုစေဖို့ ဒီအိမ်လေးကစွမ်းဆောင်ပေးခဲ့သည် ။ ဘာလို့လည်းဆိုရင် ဒီအိမ်လေးထဲမှာ ကျွန်မတို့ရဲ့ မင်္ဂလာဦးတွမ်းကျွေးပွဲလေး ၊ မင်္ဂလာဧည့်ခံပွဲလေး နှင့်အတူ ညစာစာပွဲလေးကိုပါ ကျင်းပဖြစ်ခဲ့လို့ပါ ။
ဒုတိယတစ်ချက်အနေနဲ့ မလေးရှားနိုင်ငံကို ရောက်ပြီး အကြောင်းကြောင်းကြောင့် အိုဗာစတေးဘ၀ဖြင့် ရှစ်လကြာနေထိုင်ခဲ့ဘူးသည် ။ ဒီရှစ်လတာကာလအတွင်း အဆိုးရွားဆုံး ဖမ်းဆီးရှာဖွေခြင်းတွေ မလေးရှားနိုင်ငံ အနှံ့အပြားပြုလုပ်ခဲ့သော်လည်း ကျွန်မအစစ်ဆေးတောင်မခံရအောင် ကျွန်မချစ်သည့်ဒီအိမ်လေးက ကာကွယ်ပေးခဲ့သည် ။ ဒီအိမ် ဒီတိုက်ဝန်းထဲကို မည့်သည့်အဖမ်းဆီး အစစ်မျိုးမှ မလာခဲ့ပါဘူး ။
တတိယအချက်ကတော့ သွားရလာရအဆင်ပြေချောမွေ့စေခြင်း ၊ ဘေးပတ်ဝန်းကျင်တွင် နေထိုင်ရတာ အဆင်ပြေသော အိမ်နီးနားချင်းများကြောင့် ကျွန်မအိမ်လေးက ကျွန်မကိုများစွာနေပျော်ခဲ့ပါသည် ။ ကျွန်မအိမ်လေးထဲမှာ ခမ်းနားထယ်ဝါသည့် ဇိမ်ခံပစ္စည်းတွေ ရှိမနေသော်လည်း ကျွန်မချစ်တဲ့ green ဆိုသည့် ကြက်တူရွေးလေးရှိနေသည် ။ ချစ်စဖွယ် ငါးကန်လေးလည်းရှိနေပြန်သည် ။ နောက်ကျွန်မချစ်တဲ့ စာအုပ်စင်လေးရှိသည် ။ ကဲဘာလိုသေးလည်း ။ဒီအိမ်လေးအပါဝင် ကျွန်မဘ၀မှာ အိမ်ငါးအိမ်ပြောင်းနေခဲ့ဖူးပါသည် ။ ဒီအိမ်လေးမှာ နေရတာကျွန်မအတွက် စိတ်အချမ်းမြေ့ဆုံးပါ ။ ကျွန်မအတွက် ခံစားမှု့ရသပေါင်းစုံကိုလည်း အိမ်လေးကပေးစွမ်းစေခဲ့သည် ။
အလွမ်းဆိုသည့်ခံစားချက်ကို ဒီအိမ်လေးက ပီပြင်စွာ သရုတ်ခွဲပြနိုင်ခဲ့ပါသည် ။ အိမ်လေးထဲမှာ တစ်ယောက်ထဲရှိနေချိန် ပျင်းပျင်းရှိလို့ ၀ရန်တာရပ်မိချိန်တိုင်း လမ်းပေါ်မှာ သွားလာနေကြသည့် မိသားစုလိုက်ပုံရိပ်တွေကို ကြည့်မိတိုင်း ကျွန်မရင်ထဲက ပျောက်နေသည့်  လမင်းလေးနှစ်စင်း ကို လွမ်းမိသည် ။ ကျွန်မရဲ့ လမင်းလေးတွေကို မြင်ယောင်လာမိသည် ။ ဒီအမှတ်ရမှု့တွေကို အိမ်လေးရဲ့ တိတ်ဆိတ်ခြင်းတွေက အားဖြည့်လိုက်တော့ အလွမ်းတွေ ဖွဲ့တည်လာကြပြန်တာပေါ့ ။ မိဘအရွယ်တွေကို တွေ့ရပြန်ရင် ဖေဖေနဲ့ မေမေကို လွမ်းမိပြန်သည် ။ လွမ်းခြင်းရသကို အရောင်တင်ပေးလိုက်သည့် အိမ်လေးရဲ့ တိတ်ဆိတ်မှု့တွေကို ထာဝရ ကျေးဇူးတင်မိပါသည်  ။ ဘာလို့လည်းဆိုတော့ အလွမ်းရသကို တခါခါ ကျွန်မမက်မောမိနေတာကို ။
ဒီအိမ်လေးက ပေးစေသည့် ကြည်နူးခြင်းတွေကလည်း ချိုမိန်လို့ နေပြန်သည် ။ မောင်အလုပ်သွားချိန်တိုင်း အိမ်ရှေ့တံခါးနားထိလိုက်ပို့ပေးရသည့် ကြည်နူးခြင်းတွေကို အိမ်လေးရဲ့ တံခါးမကြီးက ကျွန်မကိုပေးစေသည် ။ မောင်နဲ့ တူတူနေထိုင်ခွင့်တွေကို လက်ဆောင်ပေးထားသလို မောင်ရဲ့ အကြင်နာတွေဖြန့်ကျဲ့ထားတဲ့ ဒီအိမ်လေးရဲ့ တစ်နေရာက ကျွန်မတို့အခန်းငယ်လေးကိုလည်း မြတ်နိုးသည် ။ မောင် အလုပ်ကပြန်ချိန်တိုင်း ခေါက်တတ်သည့် အခန်းတံခါးခေါက်သံလေးတစ်ခုက ဘာရယ်မဟုတ်ပေမယ့် ကျွန်မလိုခံစားတတ်သူအတွက် ချိုမိန်ခြင်းရသတစ်မျိုးပါပဲ ။
ခင်မင်မှု့ကိုပေါင်းကူးဆက်သွယ်စေသည့် ရင်းနှီးခြင်းတွေကိုလည်း ကျွန်မအိမ်လေးက ပေးပါသေးသည် ။ ကျွန်မခင်မင်သိကျွမ်းရသော မိတ်ဆွေသူငယ်ချင်းများ ကိုလည်း ဒီအိမ်လေးက နွေးထွေးပျူငှာစွာ ကြိုဆိုပေးတတ်ပါသည် ။ အိမ်ဆိုသည်မှာ နားခိုရာ သက်သက်မဟုတ်ဘဲ ကျွန်မတို့၏  စိတ်ခံစားမှု့တွေနှင့် ထပ်တူကျစွာ ခံစားပေးနေသည့် အကောင်းဆုံး သက်မဲ့ မိတ်ဆွေပါပဲ ။ ကျွန်မပျော်နေရင် ကျွန်မရယ်သံတွေ စိတ်ချမ်းမြေ့ခြင်းတွေက အိမ်လေးဆီသို့ကူးစက်ကာ အိမ်လေးလည်း ပျော်နေပါလိမ့်မည် ။ ကျွန်မ ငိုကျွေးနေလျှင် ကျွန်မငိုသံတွေ စိတ်မချမ်းမြေ့မှု့တွေ အိမ်လေးဆီသို့ ပဲ့တင်ထပ်နေမည်သာဖြစ်သည် ။
ကျွန်မ အတွက် စိတ်ချမ်းမြေ့ခြင်းတွေကို အိမ်လေးက အပြည့်ဝ ၀န်ဆောင်မှု့ပေးစေခဲ့ပါသည်လို့ ကျွန်မ အမြဲမှတ်ယူထားသူပါ။ ခုတော့ ကျွန်မ ၀မ်းနည်းနေရပြီ  ။ ညက အမျိုးသားက ပြောလာသည် ။
* အိမ်လေးက နှစ်နှစ်ကျော်ပြီဆိုတော့ သူဌေးက အိမ်ပြောင်းအုံးမှလားမသသိဘူးမိန်းမရေ ။ အိမ်အသစ်ပြောင်းရတယ်ဆိုတာကလည်း မလွယ်ပါဘူးကွာ ။ ထင်တာပြောတာပါ ။ ဆက်ငှားချင်လည်းငှားမှာပေါ့ ။ ဒါပေမယ့် ကိုယ်အပိုင်မဟုတ်တော့ ကြိုတင်တော့ တွေးထားပေါ့ကွာ *
ကျွန်မ လွန်စွာ ၀မ်းနည်းသွားသည် ။ ဟင်အင်း ကျွန်မ မပြောင်းချင်ဘူး ။ ဒီအိမ်လေးရဲ့ ထွေးနွေးလုံခြုံခြင်းတွေကိုအိမ်သစ်ဆိုသည့်အရာက ပေးစွမ်းနိုင်မှာလား ။ မသေချာပါဘူး ။ ကျွန်မစိတ်တွေကို ကျေနပ်ခြင်းပေါင်းများစွာပေးသည့် ဒီိအိမ်လေးကိုဘဲ ကျွန်မ ချစ်ခင်မြတ်နိုးနေမိပြီ ။ အမျိုးသားစကားဆုံးသည်နှင့် တပြိုင်တည်း ကျွန်မသူ့နားကနေချက်ချင်း ထထွက်လာခဲ့လိုက်သည် ။ ဘာလုပ်မလို့လည်းဟု အဓိပ်ပယ်ရစေသည့် အမျိုးသား၏ အကြည့်တွေကို  ခုချိန်မှာ ဖြေရှင်းဖို့ စိတ်မပါသေးပါ ။ လောလောဆယ် ကျွန်မ ဆုတောင်းခြင်း အမှု့ကိုသာ ပြုချင်နေသည်  ။ အခန်းတံခါးကို တွန်းဖွင့်လို့ အိမ်ရှေ့ခန်းဆီသို့ ဦးတည်လိုက်၏ ။ ဘုရားစင်ရှေ့အရောက်တွင် ညင်သာစွာ ထိုင်ချလိုက်သည် ။ ထို့နောက်  ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ထိခြင်းငါးပါးဖြင့် ကန်တော့ လိုက်ပါသည် ။ တပည့်တော် ပြုခဲ့ဘူးသော ကောင်းမှု့အစုစု၏ အကျိုးကြောင့် ယခုနေသော အိမ်ဂေဟာလေးမှတပါး တခြားသော နေရာသို့ မပြောင်းရွေ့ရပါစေနဲ့ ဘုရား ဟု လေသံတိုးတိုးဖြင့် ဆုတောင်းလိုက်မိသည် ။ အိမ်ရှိလူအားလုံး၏ ဆန္ဒကိုတော့ ကျွန်မ မသိပါ ။ ကျွန်မကတော့ ဒီအိမ်လေးမှတခြားမည်သည့်နေရာကိုမှ မပြောင်းရွေ့လိုပါ ။ အဘယ်ကြောင့်ဆိုသော် ဤ ကွန်းခိုရာလေးကို ကျွန်မသိပ်မြတ်နိုးနေမိပါပြီ ။

ခိုင်လေး ( ရွှေတောင် )

အလွမ်းပန်းလေး ရနံ့လှိုင်လှိုင် ခိုင်လေး ( ရွှေတောင် )



အလွမ်းပန်းလေး ရနံ့လှိုင်လှိုင်
ခိုင်လေး  ( ရွှေတောင် )

ခံစားချက်ရောင်စုံဖြင့် အလွမ်းရနံ့တွေ ဖြာဝေနေ၏ ။ အချစ်ရဲ့ ယှက်ဖြာ မြူးကွန့်ခြင်းတွေက ဖြစ်တည်လာသောမြတ်နိုး တွယ်တာ ။ လွမ်းစွတ်ခြင်းတို့သည် ကျွန်မနှလုံးထက်၌ဖေးတင်နေခဲ့ကြပြီ * မောင် *။ လွမ်းရသည့်ဝေဒနာကြောင့် ရင်ခုန်သံတို့သည်ပင် စည်းချက်မညီချင်ပေ ။  တုန်ယင်နေသော လက်အစုံဖြင့် ကျလာသည့် မျက်ရည်စက်တို့အား ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်၏။ သူထွက်သွားခဲ့သော ယခုလို ညအချိန်တွေရောက်တိုင်း ကျွန်မစိတ်တို့် ကစဉ့်ကလျားဖြစ်တတ်၏ ။ တဟုန်းဟုန်း တောက်လောင်နေသော မျှော်လင့်ချက်မီးတောက်ကြီးတစ်ခု ကျွန်မရင်တွင်းထဲ၌ အစဉ်ဖြစ်ထွန်းနေသည် ။
တခါတရံစိုးရိမ်တတ်တာ၊တခါတရံဆူပူတတ်တာ၊တခါတရံချစ်ခင်မြတ်နိုးတတ်တာ၊တခါတရံတဇွတ်ထိုးဆန် တတ်တာ အစရှိသည့် မောင်၏စိတ်ခံစားများအား ကျွန်မချစ်သည်။ခိုလှုံရာရင်ထွင်တစ်ခု ပျောက်ဆုံးသွားနေသူ ကျွန်မ ။မောင်အား လွမ်းရလွန်း ရူးချင်နေ၏ ။ မောင်ဖျော်တိုက်နေကြ ကော်ဖီလေးတစ်ခွက်အား ရူးမူး တမ်းတစွာ မျှော်လင့်နေမိသည် ။ ပျော်စရာအချိန်တစ်ချို့ကို ပြန်တွေးအမှတ်ရပေးပါမောင် ။ မောင်အား နှစ်တွေအကြာကြီး ကျွန်မစောင့်နေခဲ့၏ ။ကျွန်မဆီသို့ ပြန်လာမည့်မောင့်အား အချိန်တော်တော်ကြာအောင် စောင့်နေခဲ့သူပါ ။ ခုချိန်ထိရောက်မလာသူအတွက်  ပြန် မလာတော့ဘူးလားဆသည့် အတွေးကပင် ကျွန်မရင်အား ပူလောင်လွန်းလှပေ၏ ။
ညတွေအား အိပ်စက်ဖို့ပင် ကြောက်နေမိသည် ။ အထီးကျန်သည့်အဖြစ်နှင့် ထိုင် ငိုမိခဲ့သည့် အကြိမ်ပေါင်းလည်း မနည်းတော့ပေ ။ အိပ်ဖို့ကြိုးစားရင်း အိပ်မပျော်နိုင်ခဲ့သူအဖြစ် ရှိနေခဲ့ရသည် ။ မောင်ဖျော်တိုက်နေကြ ကော်ဖီတစ်ခွက်သည် ကျွန်မအတွက် အိပ်ဆေးဖြစ်ခဲ့သည်ပင် ။ ဒီအကြောင်းတွေအား မောင်သိပါလေစ ။သိခဲ့လျှင်လည်း ကျွန်မအား ဟားတိုက်ရယ်မောနေုမည်ထင်ပါရဲ့ ။ တကယ်ပါ မောင် ။ အိပ်ခါနီးတိုင်း မောင်ကိုယ်တိုင် ဖျော်တိုက်ခဲ့သော ကော်ဖီတစ်ခွက်ကို မသောက်ရသည့် နေ့ကအစပြုလို့ ကော်ဖီဆိုသောအရာသည်ကျွန်မနှင့် အဝေးဆုံးသို့ ရောက်ရှိသွားခဲ့သည် ။ ၀ါသနာ ၊ ခံယူချက်တွေ ကွဲပြားနေခဲ့ခြင်းဟာ သိပ်ချစ်ပါတယ်ဆိုသော ခေါင်းစဉ်အောက်မှာရှိသော ကျွန်မတို့ နှစ်ယောက်အား ဝေးကွာစေခဲ့သော အခြေခံ အချက်တွေများလား ။ မောင် ဘယ်ဆီမှာများ ရှိနေမလဲ ။ ပြန်လာပါတော့ ။ ပြန်လာခဲ့ပါတော့ မောင်ရယ် ။
ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်စတို့အား လက်ဖ၀ါးဖြင့် ဒုတိယအကြိမ်  ခပ်ကြမ်းကြိမ်း သုတ်လိုက်မိပြန်၏ ။ ဘာကိစ္စဒီမျက်ရည်တွေ ခဏခဏ ကျနေရတာလဲ ။ ငိုနေလို့ မောင်က ကျွန်မအနားကို ပြန်ရောက်လာမတဲ့လား ။ ပျော့လိုက်သည့် စိတ် ။  * နင် ဒီလောက်တောင်ချစ်နေရက်နဲ့ သူ့ကို စကားလုံးလက်နက်တွေနဲ့ ဘာလို့ ထုချေခဲ့တာလဲ ။ သူ့ကို နာကြည်းချက်ဒဏ်ရာတွေ ဘာကြောင့်ဖြစ်တည်စေခဲ့တာလဲ ။ * တဒင်္ဂဒေါသစိတ်ကို ကျွန်မ မထိန်းနိုင်ခဲ့လို့ပါ ။ ကျွန်မအသွေးသားထဲထိ စိမ့်ယိုနေအောင် ၀ါသနာထုံသည့် စာရေးခြင်းအနုပညာ နှင့် ပတ်သတ်လာလျှင် သည်းခံစိတ်နည်းခဲ့တာ ကျွန်မအတ္တလား ။ စိတ်ထဲ အမေးအဖြေတွေ မွှန်းကျပ်နေ၏။ ကျန်ရှိနေသည့် ဘ၀၏ အချိန်တွေကို မောင်နဲ့အတူတူ ဖြတ်ကျော်ပါရစေ ။ * ကျွန်မရဲ့ အချိန်တွေကို မောင်အတွက် ဖြစ်စေရမယ် * ဆိုသည့်ကတိစကားအား ခပ်လှောင်လှောင်အပြုံးတစ်ခုဖြင့် တုံ့ပြန်ရင်း ကျောခိုင်းထွက်ခွာသွားသည် ။ မောင်နောက်သို့ ပြေးလိုက်ရင်း လဲကျကျန်ခဲ့သည်က ကျွန်မ ။ ဒီလို အိမ်မက်မျိုးတွေ မကြာခဏ မက်နေခဲ့တာ ကြာပြီ ။ အိပ်ပျော်ဖို့ ခဲယဉ်းသော ကျွန်မ အိမ်မက်ထဲမှ လန့်နိုးသည်နှင့် သည်းထန်စွာ ငိုကျွေးရလေ၏ ။ ငိုလို့မောသောအခါ မောင်နဲ့ အတူရှိခဲ့ဖူးသည့် အတိတ်နေ့ရက်တွေအား ပြန်ပြောင်း သတိရမိပြန်သည်။
မောင်သည် ကျွန်မစာရေးခြင်းဝါသနာအပေါ် ကန့်ကွက်ခြင်း မရှိသော်လည်း နှစ်သက်ခြင်းလည်း မရှိခဲ့ပါ ။ သဘောင်္သားတစ်ဦးဖြစ်သည်မို့ ကုန်ပေါ် အနေနည်းသူပေါ့ ။ သဘောင်္မတက်ရ အိမ်မှာရှိချိန်တိုင်း ကျွန်မစာရေးခြင်းအပေါ် ဂျီတိုက်ဗိုလ်ကြပါတော့၏ ။အတူရှိနေသည့်အချိန်တိုင်း ဂျီကြခြင်း စိတ်ကောက်ခြင်း ပြန်ချော့ခြင်း အစရှိသည်တို့ဖြင့်သာ လည်ပတ်နေခဲ့ကြသည် ။ စာရေးခြင်း အနုပညာကို ၀ါသနာပါသူကျွန်မသည် ဖီလင်လာလျှင် လာသလို ချက်ချင်းထ စာရေးတတ်သူမို့ မောင်၏ စိတ်ဆိုး၊ စိတ်ကောက်ခြင်းတွေအား မကြာခဏ ရင်ဆိုင်ရလေသည် ။ အိမ်ထောင်မကျမှီကတည်းက ၀ထ္ထုတို ၊ ဆောင်းပါးလေးတွေ ရေးသားနေခဲ့ပြီ။ မောင်နှင့် အိမ်ထောင်ကျပြီးချိန်၌ ကျွန်မသည် နာမည်လေးတစ်ခုဖြင့် စာပေလောက နေသားတကျရှိနေခဲ့ပါပြီ ။ စာဖတ်ပရိတ်၏ အားပေးလက်ခံခြင်းများအား ထပ်မံပိုင်ဆိုင်ရန်အတွက် ကြိုးစားချင်သည့် တက်ကြွသော စိတ်အစဉ်သည် အင်မတန် ကြီးမားလှသော ဆွဲငင်အားတစ်ခုအဖြစ် ကျွန်မ၏အချိန်တွေအား သိမ်းနုတ်ဆွဲယူနေကြပါသည် ။  စာရေးခြင်း အမှု့ကိုသာ လုပ်ဆောင်ချင်သူမို့ မောင်အပေါ် တာဝန် လစ်ဟင်းမှု့တွေလည်းရှိခဲ့၏ ။ မောင်စိတ်ကြည်လင်နေချိန်တွင် သည်းခံတတ်သော်လည်း စိတ်ဆိုးပြီဆိုလျှင် ကပ်ဖဲ့တိုက် ဂျီကျပါတော့သည် ။ ထိုအချိန်များသည် ကွှန်မအတွက် အင်မတန်စိတ်ပျက်စရာကောင်းသော အချိန်အခါများပင် ဖြစ်တော့သည် ။ အချစ်ဝထ္ထုတွေကိုမှ ကဗျာဆန်ဆန်ရေးချင်သည့် ကျွန်မ ။ ကိုယ်ပိုင် အချစ်ဇာတ်လမ်းလေးကိုဖြင့် ကဗျာဆန်အောင် ရေးသားနိုင်ခြင်း မရှိခဲ့ပါ ။ ဒီလိုနှင့် ကျွန်မတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ညှိနှိုင်းခွင့်လွှတ်ဖို့ ကြိုးစားလိုက် ဝေးကွာလိုက်ဖြင့် အိမ်ထောင်သက်၏ နေ့ရက်တစ်ချို့ကို ဖြတ်ကျော်လာခဲ့ကြသည် ။
ကျွန်မချစ်သော ဒီစာရေးခြင်းကြောင့်ပဲ  မောင်နဲ့ ကျွန်မ ဆုံခဲ့ကြသည် ။ စာပေမိတ်ဆက်ပွဲလေးတစ်ခမှ အစပြုကာ မောင်နဲ့ ကျွန်မ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည် ။ ချစ်သူတွေအဖြစ် တစ်ယောက်ကို တစ်ယောက် မခွဲနိုင်အောင် ချစ်ခဲ့ကြသည် ။ ဒီစာရေးခြင်းကြောင့်ဘဲ ကျွန်မတို့နှစ်ယောက်ဟာ နီးရက်နဲ့ ဝေးသလို ခံစားနေကြရပြန်၏ ။ ဒီတစ်ခေါက် သဘောင်္ပေါ်က ဆင်းလာချိန်တွင်  မောင်အား အရင်ထက်အချိန် ပေးဖို့ ကျွန်မဆုံးဖြတ်ထားခဲ့ပါသည် ။ ဆုံးဖြတ်ထားသည့် အတိုင်းလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့သည် ။ ရေးလက်စ ပြိုင်ပွဲစာမူလေးတစ်ခုသာ လက်စသက်ဖို့ အတွက် ကျန်ရှိနေ၏ ။ ဒါကလည်း ပြိုင်ပွဲအတွက် နောက်ဆုံးစာမူပို့ရမည့်ရက်က လိုသေးသည်။ဒါကြောင့် မောင် အပြင်ထွက်သည့် အချိန်တွေကြမှ ရေးမည်ဆိုသော စိတ်ကူးဖြင့် စာမူလေးအား ကွန်ပြူတာလေးထဲ သိမ်းထားလိုက်သည် ။ စိတ်နာခြင်းဧည့်သည်လေးသည်    ကျွန်မတို့ဘ၀လေးထဲ မထင်မှတ်ထားဘဲ ထောင့်ချိုးတစ်နေရာမှ ဖြုန်းခနဲပေါ်လာခဲ့ပါသည် ။ ထို့အတွက်ကြောင့် ကျွန်မနှင့် မောင်၏ အိမ်ထောင်ရေးအသည် ဖယိုဖရဲ ဖြစ်ရလေတော့၏ ။
 ထိုနေ့ညက မောင်သည် ကျွန်မအတွက် ကော်ဖီတစ်ခွက်အား စိတ်ပါလက်ပါ ဖျော်ပေးနေခဲ့သည် ။ မောင်ကိုကြည့်ရသည်မှာ စိတ်ကြည်ကြည်လင်လင် ရှိနေသည်။ ထိုကြောင့် မကိုင်တာကြာပြီဖြစ်သော ကျွန်မလက်တော့လေးအား ဖွင့်ကြည့်လိုက်မိသည် ။ ၀င်းဒိုး 7 တက်လာသည်နှင့် သိမ်းထားသော စာမူဖိုင်အား ဖွင့်ရန် ဒက်စတော့ ပေါ် စာမူဖိုင်လေးအား ရှာလိုက်၏ ။ *ဟင် မတွေ့ပါလား* ။ မျက်စိများမှောက်နေသလား ။ နောက်တစ်ကြိမ် ထပ်မံ ရှာဖွေလိုက်ပြန်သည် ။ မတွေ့ပါ ။ နောက်တစ်ကြိမ် နောက်တကြိမ် နောက်တစ်ကြိမ်ပေါင်းများစွာ ရှာဖွေလိုက်မိ၏ ။ သေချာပါပြီ ။ ကျွန်မစာမူဖိုင်လေးသည် ဒီလက်တော့လေးထဲတွင် လုံးဝ မရှိတော့ ။ သွားပြီ သွားပါပြီ ဆိုသော ရေရွတ်သံသည် စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏ ။ အပိုသိမ်းထားသည်လည်း မရှိခြင်းကြောင့် ကျွန်မစာမူလေး လုံးဝ ပျောက်ဆုံးသွားခဲ့လေပြီ ။ ဘယ်သူလုပ်လိုက်တာလဲ ။ ဒီတစ်အိမ်လုံးတွင် မောင် ၊ ကျွန်မ နှင့် အိမ်ထိန်းဒေါ်ကြီးမြ သုံးဦးသာ နေထိုင်ကြသည် ။ ဒီထဲမှ ကွန်ပြူတာ သုံးတတ်သည်မှာ မောင်နှင့် ကျွန်မသာရှိသည် ။ ဒါဆို ကျွန်မစာမူဖိုင်ကို ဖျက်လိုက်သည့် တရားခံသည် မောင်မှ တပါး တခြားသူမဖြစ်နိုင် ။ သေချာသော အဖြေတစ်ခုဖြင့် မောင်အားရင်ဆိုင်လိုက်၏ ။
 လက်ရှိအခြေနေသည် ကျွန်မအတွက် အတော်လေး သွေးပျက်ချောက်ချားစေကာ ယူကျုံးမရဖြစ်စေခဲ့သည် ။ ရူးသွားလောက်အောင်ကို ခံစားနေရ၏ ။ ဒီပြိုင်ပွဲလေးအတွက် ကျွန်မသေချာစွာ ပြင်ဆင်ခဲ့သည် ။ ဇာတ်လမ်းလေးအတွက် ကြိုးစားအားထုတ်ပေါင်းများစွာကို ပေးဆပ်ခဲ့၏ ။ ခံစားချက်ဖီလင် အပြည့်ထည့်ကာ ရေးထားခဲ့သည် ။ ပြန်ရေးမယ်ဆိုရင်တောင် သေချာပါသည် ။ ယခုပျက်သွားသော စာမူလေးလောက် အသက်ဝင်မည် မဟုတ်တော့ပေ ။ ကျွန်မ ထိုပြိုင်ပွဲမှ ဆုလေးအား လွန်စွာမျှော်လင့်ထားခဲ့သည် ။ယခုတော့ သွားချေပြီ ။ ပျက်စီးခဲ့ရပြီ ။ ကျွန်မ စိတ်မကောင်းခြင်းများစွာ ဖြစ်ယုံမှတပါး ဘာများတတ်နိုင်မည်နည်း ။ ကော်ဖီခွက်ကိုင်ကာ ကျွန်မနားလျှောက်လာနေသည့် မောင်ကား စိုက်ကြည့်နေလိုက်၏ ။ ဘာဖြစ်နေမှန်းမသိသော မောင်ကဖြင့် အေးအေးလူလူ ပုံစံဖြင့် ကော်ဖီခွက်အား ကျွန်မဆီသို့ လှမ်းပေးသည် ။ မောင်ဆီက ကော်ဖီခွက်ကို ယူကာ စာပွဲပေါ်သို့ တင်လိုက်၏ ။ထိုနောက် လှည့်ထွက်တော့မည့် မောင်လက်အား စောင့်ဆွဲလိုက်သည် ။
*အာ နာလိုက်တာကွာ ။ ဘာလုပ်တာလည်း ။ ဖြေးဖြေးသက်သာ မလုပ်ဘူး*
*မလုပ်နိုင်ဘူးမောင် ။ ကျွန်မရင်ထဲ ရှင်လက်နာတာထက် အစများစွာနာနေတယ် *
*ဟေ ။ ဘာဖြစ်ရပြန်လည်း ။ အကောင်းကြီးကနေ ထဖောက်ပြန်ပြီ*
*မောင် ကျွန်မလက်တော့ကို ကိုင်တယ်မဟုတ်လား *
*အေး  ကိုင်တယ်လေ ။ ဘာဖြစ်လည်း ။ ညက အိပ်မပျော်လို့ ဂိမ်းဆော့တာ ။*
* ဂိမ်းဆော့တယ်ဆိုလည်း ဂီမ်းဘဲ ဆော့ပါလား ။ မဆိုင်တဲ့ ဖိုင်တွေ ဘာကိစ္စဖျက်ရတာတုန်း*
*အာ ဖျက်တာ မဟုတ်ဘူး ။ မှားနှိပ်မိတာ ။ ဂီမ်းတစ်ခုကို ဒေါင်းလော့လုပ်တာ ။ လုပ်ပြီးမှ မကြိုက်လို့ ပြန်ဖျက်တာ။ ဂိမ်းဖိုင်မဟုတ်တဲ့ တခြားဖိုင်တစ်ခုကို မှားဖျက်မိသွားတာ ။ ဘာလည်း အဲဒါစာမူဖိုင်လား ။*
*မောင်မှားဖျက်လိုက်မိတဲ့ ဖိုင်က ကျွန်မစာမူဖိုင်မောင် ။ အားလုံးပြီးနေပြီ ။ အချောသတ်ဖို့ဘဲကျန်တော့တာ ။ ဒီထက်ဆိုးတာက အဲဒီစာမူက ပြိုင်ပွဲတစ်ခုကို ၀င်ဖို့အတွက် ရေးထားတဲ့စာမူ*
*အေးကွာ ။ ဆောရီးဘဲ ။ မတော်တဆ မှားဖျက်မိသွားတာ ။ မင်းရေးထားတဲ့စာဘဲ အသစ်ပြန်ရေးလိုက်ပေါ့ကွာ ။ ဒါကို ရစ်နေတယ် ။ တကယ်ဘဲ စိတ်ပျက်တယ် *
* ဘာပြောလိုက်တယ် မောင် ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ပါဝင်စီးမျောပြီး ရေးခဲ့တာ ။ အများကြီး မျှော်လင့်ထားတဲ့ စာမတစ်ခု ဖျက်စီးခံလိုက်ရတာလေ ။ ဒါကို မတော်တဆမှားဖျက်မိသွားတာပါဆိုတဲ့ မောင်ရဲ့ဆင်ခြင်တစ်ခုနဲ့ကျွန်မက ကျေနပ်လိုက်ရမှာလား ။ ခံစားချက်တွေကို ပြန်ဖမ်းလို့မရဘူး နားလည်လား ။ အသစ်ပြန်ရေးလည်း အရင်ရေးထားတဲ့ စာမူထဲက ခံစားချက်အတိုင်း ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူး ။ မောင်ဟာ သူတပါးခံစားချက်တွေကို နည်းနည်းမှ နားလည်ပေးခြင်းမရှိတဲ့ စိတ်ဓာတ်အောက်တန်းကျသူတစ်ဦးပဲ ။*
* ဘာကွ ။ မင်းဘာပြောလိုက်တယ် ။ ငါကို စိတ်ဓာတ်အောက်တန်းကျသူတစ်ဦး ဟုတ်လား ။  တောက် ! မင်းစကားကို မင်းမြဲမြဲမှတ်ထားလိုက် ။ ဘာမဟုတ်တဲ့ စာလုံးတွေအတွက် မင်းချစ်ပါတယ်ဆိုတဲ့ ငါကို အောက်တန်းကျတယ်လို့ သုံးနှုန်းခဲ့တယ် ။ငါ့မိဘတောင် ဒီလိုစကားလုံးအသုံးနှုန်းမျိုး တခါမှ မသုံးခဲ့ဘူးဘူး ။  အေး အဲဒီအောင်တန်းကျတဲ့ စိတ်ရှိတဲ့ ငါလို ကောင်ရဲ့ မျက်နှာကို ဘယ်သောအခါမှ မတွေ့ရဘူးမှတ်ပါ *
မောင်သည် စကားဆုံးသည်နှင့် ကျွန်မအား စိုက်ကြည့်နေသည် ။ ကျွန်မတို့နှစ်ဦးကြား အတန်ကြာ တိတ်ဆိတ်သွားခဲ့၏ ။ထိုတိတ်ဆိတ်ခြင်းအား ပထမဆုံး စတင်လှုပ်ရှားသူကတော့ မောင်ပင် ။ ဖြေးဖြေးမှန်မှန် ဖြေလှမ်းအစုံဖြင့် ကျွန်မအားကျောခိုင်း ထွက်ခွာသွားလေတော့သည် ။ ကျွန်မသည်လည်း စိတ်တွေအား ထွက်ပေါက်ပေးရန်အလို့ငှာ အိပ်ယာပေါ်သို့ လဲလျောင်းရင်း တသိမ့်သိမ့် ငိုကြွေးလိုက်မိပါတော့၏ ။ ထိုညက မိုးလင်းတဲ့အထိ မောင်ပြန်ရောက်မလာခဲ့ပေ ။ စိတ်ဆိုး၍ ခဏထွက်သွားသည်ဟု ထင်ခဲ့သော ကျွန်မအတွေးများသည် တက်တက်စင်အောင် လွဲချော်သွားခဲ့လေ၏ ။ ထိုညကစ၍ မောင်သည် ကျွန်မဆသို့ လုံးဝပြန်မလာတော့ချေ ။ စိတ်ဆိုးလွန်း၍ ပြောခဲ့မိသော စကားများအတွက် နောင်တဆိုသည့် အရာအား ရင်ဝယ်ပိုက်မိလေပြီ် ။  မောင် မရှိသောအခါမှ တန်ဖိုးမထားမိခဲ့သည့် မောင်၏ အရည်သွေးများအား  သိမြင်ခံစားလာရသည် ။ ပိုဆိုးသည်က တွေးရင်း လွမ်းရင်း မောင့်အား ချစ်စိတ်ဖြိုးဝေ၍ သေမတတ်ခံစားရလေသည် ။ နှလုံးသားမှ တစိမ့်စိမ့်ယိုစီးနေသော အလွမ်းဝေဒနာသည် ကျွန်မနှလုံးအား ဓားနှင့်မွှန်းနေသည့်နှယ် ။ မောင်ပြန်အလာကို စောင့်နေသူအဖြစ် ကျန်ရှိချိန်တွေကို ဖြတ်သန်းနေမိ၏ ။ တစ်နွေပြီးတစ်နွေ သာလဲသွားခဲ့သည် မောင်တစ်ယောက်ကဖြင့်  ပြန်ရောက်မလာခဲ့ပေ ။ မောင် မိဘအသိုင်းဝိုင်းများထံ စုံစမ်းကြည့်ပြန်တော့လည်း သဘောင်္ပေါ်ပြန်တက်သွားပြီးကတည်းက ပြန်ဆင်းလာရင်တောင် အိမ်ကို ပြန်မလာဘူးတဲ့လေ ။မောင့်မိဘတွေလည်း ကျွန်မနည်းတူ ခံစားနေကြရသည် ။ မောင်နှင့်ပတ်သတ်သော မည်သည့်သတင်းကိုမှ ကျွန်မ သိခွင့်မရတော့ပါ ။ကျွန်မစကားအပေါ် မောင်ရဲ့နာကြည်းစိတ်တွေ ပြင်းထန်လိုက်လေခြင်း ။ မောင်ရယ် ခွဲခွာခြင်းဆိုတဲ့ ခံစားမှု့ဟာ သိပ်ကို ဆိုးရွားစေပါတယ် ။ မောင်ထားခဲ့သည့် ဘ၀လေးမှာ ကျွန်မတစ်ယောက်တည်း အချစ်တွေကို ထွေးပိုက်ရင်းပေါ့ ။ မောင်ပြန်လှည့်ကြည့်မဲ့နေ့လေးတစ်နေ့ကို မရဲတရဲလေးမျှော်လင့်နေသူ ကျွန်မထံပါး အလွမ်းပန်းလေး ရနံ့လှိုင်လှိုင် မွှေးကြိုင်  နေတော့မည်သာ………………။


ခိုင်လေး ( ရွှေတောင် )
မလေးစံတော်ချိန် နေ့လည် 12 နာရီ
၇ . ၅ . ၂၀၁၄ (  ဗုဒ္ဓဟူးနေ့ )


ဘ၀စာအုပ်ထဲက စာမျက်နှာတချို့



ဘ၀စာအုပ်ထဲက စာမျက်နှာတချို့

“အကျိုးရယ် xxx အကြောင်းရယ် စုံလင်ကာကွယ် xxx ကျွန်တော် ရွှေညာသား မလေးရှားသို့ ရောက်လာတယ် xxx အချိန်ကိုလုကာ လွမ်းရတဲ့ဘ၀ရယ် ။ ပြန်ချင်တယ် ပြန်ချင်တယ် xxx ပြန်ချင်သော်လည်း အကြွေးကမကျေ”
အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် သူကိုယ်တိုင် စပ်ထားသည့် သီချင်းကို ဇာတ်သံနှောကာ လွမ်းချင်းချနေသော အညာသားအသံကို အတိုင်းသားကြားလိုက်ရ၏။ အလုပ်ရှင်သူဌေးငှားပေးထားသည့် ဒီအိမ်လေးတွင် မြန်မာလူမျိုး ခြောက်ဦး ၊ ဘင်္ဂလားလူမျိုး သုံးဦး စု စုပေါင်းကိုးဦး။ ကျွန်တော်တို့ မြန်မာအုပ်စုက နှစ်ခန်းစုနေကြ၏။ ဘင်္ဂလား နှစ်ဦးက တစ်ခန်းနေကြသည်။ ကျွန်တော်နဲ့ ဘင်္ဂလား တစ်ယောက်ကတော့ ပူသည့်ဒဏ်မခံနိုင်ကြသူများမို့ အခန်းတွေထဲ မနေကြဘဲ  အပြင်ဘက်တွင်သာ နေရာယူလိုက်ကြ၏။
အညာသားက ကျွန်တော်တို့ဆီကို နောက်ဆုံးမှ ရောက်လာသူပါ။ မှတ်မှတ်ရရ အညာသား စရောက်တဲ့နေ့မှာဘဲ လူနောက်နှစ် ဦးဖြစ်သည့် ဖိုးသဲနဲ့ မောင်ကျော်တို့၏ ပညာပေးခြင်းကို ခံရပါတော့သည်။ အညာသားရောက်တယ်ဆိုရင်ဖြင့် နေရာထိုင်ခင်းတွေ ဘာတွေ နေရာချပေးကြတာပေါ့။ စကားစမြည်လေးတွေ ပြောကြည့်လိုက်တယ်ဆိုရင်ဖြင့် အညာသားသည် ကပ်စေးနည်းတတ်သူ တစ်ယောက်ဆိုသည်ကို အားလုံးသိလိုက်ကြသည် ။
ဒါကိုအခွင့်ကောင်းယူလိုက်သူနှစ်ဦးက ဖိုးသဲနှင့် မောင်ကျော် ။ အညာသားဘေးမှ ကျွန်တော်တို့အားလုံး ထလာချိန်ထိ သူတို့နှစ် ယောက်က ထိုင်မြဲကျန်နေရစ်ကြလေ၏။ မကြာပါဘူး အညာသားတစ်ယောက် သုတ်သီးသုတ်ပြာဖြင့်  ဘင်္ဂလား အခန်းထဲသို့ ၀င်သွား ၏။ ခုမှရောက်ယုံရှိသေးတယ်၊ ဘာလုပ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ကျွန်တော်တို့လည်း အကဲခတ်နေခဲ့သည်။ ခဏကြာသော် အညာ သား တစ်ယောက် ဆန်အိတ် ၊ အာလူးအိတ် ၊ ကြက်သွန်အိတ်ကို ဆင့်ထမ်းကာ ထွက်လာလေ၏။ ကျွန်တော်စိတ်ထဲ တွေးလိုက် မိသည် ။ ဟ ! ဒီအညာသား ရောက်ယုံရှိသေးတယ် ။ ၀ယ်လိုက်တာ မနည်းမနောပါလား။
ဘင်္ဂလားသုံးဦးထဲမှ တစ်ဦးက ကုန်စုံ ရောင်းသူပါ။ ကျွန်တော်တို့ ဘေးခန်းတွေမှာ တခြားဘင်္ဂလားတွေ မြန်မာတွေပါ ရှိနေတာမို့ အ တော်လေး အရောင်းဝယ် ဖြစ်လေသည် ။ လမကုန်ခင် လိုချင်တာ အကုန်ယူလို့ရသည်။ လကုန်လို့ လခထုတ်ပြီးပြီ ဆိုတာနှင့် လာထား ပါပဲ။
ဒီလိုနှင့်နေလိုက်တာ လကုန်လို့ လခထုတ်ရက် ရောက်လာပါတော့သည်။ လကုန်ရက်၏ ထုံးစံအတိုင်း ကုန်ခြောက်ရောင်းသော ဘင်္ဂလား အကြွေးတောင်းသံသည် ဆည်းလည်းသံအလား အိမ်ထဲတွင် ပျံ့နှံ့လျှက်။ အညာသားကို အကြွေးတောင်းလှည့် ရောက်ချိန် မှာတော့

“အညာသား  100 RM ပေးပါ “
“ဟ ဘာလို့ပေးရမှာလဲ ။ မင်းဆီက ငါဘာယူထားလို့လဲ “
အညာသားတစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးငြင်းတော့တာပါပဲ ။ ဘင်္ဂလားကလည်း မင်းဆန်တွေ ကြက်သွန်တွေ အာလူးတွေ ယူ ထားတာတွေလေလို့ ရှင်းပြသည် ။ ဒီမှာ အညာသားပြန်ပြောလိုက်ပုံက

“အောင်မယ် အဲဒါသူဌေးပစ္စည်းတွေပဲ ။ သူဌေးက ဒီအိမ်မှာနေတဲ့ သူတွေ အတွက်ထားထားတာမို့ ငါယူတာ မင်းနဲ့ ဘာဆိုင်တုန်း”
ဒီတော့မှ ကျွန်တော်သဘောပေါက်သွားပါတော့သည်။ ဟိုတလောက လူနောက်နှစ်ယောက် ကျပ်ထားတာဘဲ ဖြစ်ရမည်။ မနေသာ တော့ဘဲ သူတို့ ကိစ္စကို ၀င်ရှင်းပေးရတော့တာပေါ့ ။

“အညာသား မင်းကို သူဌေးပေးထားတာလို့ ဟိုနှစ်ကောင်ပြောတာမလား ။ အဲဒါမင်းကို နောက်လိုက်တာ။ ဘယ်က သူဌေးပေးထားရ မှာလည်းကွာ။ ဒီပစ္စည်းတွေက ဒီဘင်္ဂလားရောင်းတဲ့ဟာတွေ။ လမကုန်ခင်ကြိုက်သလောက်ယူ။ လကုန်လို့ လခထုတ်တာနဲ့ ပြန်ရှင်း ပေးရတယ်”
သေချာရှင်းပြလိုက်မှဘဲ ပိုက်ဆံကို မပေးချင်ပေးချင်နဲ့ ထုတ်ပေးပါသည်။ ပေးသာပေးလိုက်ရသည် လုံးဝမပေးချင်သည့် မျက်နှာဖြင့်။ အ ညာသားရဲ့ ကပ်စေးနဲချက်က ဒါတင် ဘဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ တစ်နေ့ တစ်နေ့ ထမင်းစားဖို့ ဟင်းစိုစိုဖက်ဖက် ဘယ် တော့မှ မချက်။ ထမင်းအိုးတစ်လုံးတည်ကာ အခြောက်အခြမ်းတွေကိုကြော်ထားသည်။ ထမင်းစားချိန်ဆို ဟိုလူဆီနည်းနည်းတောင်း ဒီလူဆီ နည်းနည်းတောင်းဖြင့် နေလာလိုက် နှစ်ပတ်လည်လို့နေပါပြီ။
အညာသားလူလည်ကြတာကို သိနေရဲ့ ဘာလို့ ကျွေးနေကြသနည်းလို့ မေးစရာရှိသည်။ သူကျွေးတာလေးတွေ တစ်ပတ်တခါ စားထား မိကြသည်ကိုး။ သူရက်ရောတဲ့နေ့တော့ ရှိသဗျ။ တနင်္ဂနွေနေ့ဆိုရင်ဖြင့်  အားလုံး အလုပ်ပိတ်သည်မို့ နေဖင်ထိုးအောင် အိပ်တတ်ကြ သည် ။ အညာသားကတော့ အဲဒီနေ့ကို အမြဲတစေ စောစောထကာ ဈေးသို့သွားတတ်ပါ၏ ။ ဈေးကပြန်လာလျှင် ပန်းသီး လိမ္မော် သီးတို့ကို အလျှံအပယ်ဝယ်လာတတ်သည်။ ပြန်ရောက်ပြီဆိုတာနဲ့ အသီးတွေကို ဆေးကြောကာ ရေခံသေတ္တာထဲသို့ စားချင်စ ဖွယ်ဖြစ်အောင် စီရီထည့်ထားတတ်သည်။ နေမြင့်မှ နိုးလာသော ကျွန်တော်တို့အတွက်  ၀မ်းဗိုက်၏ ဆာလောင်မှု့ကိုဖြေရှင်းရန် ရေခဲ သေတ္တာဖွင့်လိုက်သည်နှင့် စားချင်စဖွယ် အသီးနှံတွေကို တွေ့ရစမြဲ။ ဒီလိုချိန်တွေဆို အညာသားတစ်ယောက် ရက်ရက်ရောရော စေ တနာတွေ ကောင်းနေတတ်၏။ ဒီလောက် ကပ်စေးနည်းတဲ့ကောင် ဒီနေရာမှာ ရက်ရောနေပြန်တော့ သူ့၏ အရည်လေးနည်းနည်း ဟို ဟာလေးနည်းနည်းဆိုတာကို လူတိုင်းက သည်းခံနေရပြန်သည်ပေါ့ ။
ဒီလိုနဲ့ တနင်္ဂနွေတစ်ရက်မှာ အိုတီရှိတာမို့ ကျွန်တော် အစောထဖြစ်လေသည်။ အလုပ်ဝန်းထဲသို့ ရောက်တယ်ဆိုရင်ဖြင့် အိတ်တစ်လုံး ပခုံးပေါ်ထမ်းကာ လမ်းလျှောက်နေသော အညာသားကို တွေ့လိုက်ရလေ၏။ စိတ်ထဲ မသင်္ကာတာကြောင့် သူ့နောက်သို့ အသာလေး လိုက်ချောင်းခဲ့မိသည်။ လျှောက်နေရင်း  နတ်စင်တစ်ခုသို့ ၀င်သွား၏။ နတ်စင်တွင် တင်ထားသမျှ လိမ္မော်သီ ၊ ပန်းသီး အားလုံးကို သူ ပခုံးပေါ်ရှိ အိတ်ထဲသို့ ထည့်လိုက်သည်။ ဒီလိုနဲ့ နောက်ထပ်နတ်စင် တစ်ခုသို့ဝင်လိုက် အသီးနှံတွေ အိတ်ထဲထည့်လိုက်ဖြင့် စက် ရုံဝန်းထဲရှိ နတ်စင်အားလုံးမှ ရှိသမျှအသီးတွေကို ပျော်ပျော်ကြီး ယူနေပါတော့သည်။ ဒီတော့မှ အညာသားရဲ့ အကြီးအကျယ်ရက်ရောမှု ဇစ်မြစ်ကို သိခွင့်ရလိုက်လေတော့၏။ လက်စသတ်တော့ နတ်စင်က အသီးတွေဖြင့် ကျွန်တော်တို့ ကိုရက်ရောနေခဲ့သည်ကိုး။ သူစေတနာတွေကို နှစ်ပတ်လည်အောင် ကျေးဇူးတုံ့ပြန်ခဲ့မိသည့် ကျွန်တော်တို့မှာ ကိုယ်နှဖူးကိုယ်သာ အကြိမ်ကြိမ်ရိုက်မိကြလေ တော့သည် ။
သီချင်းသံကအစပြုလို့  အညာသားအကြောင်းတွေ လူးလာစုန်/ဆန်ဖြစ်နေစဉ် ဧရာဝတီသား နှင့် ၀တုတ် တို့နေထိုင်ရာ အခန်းဆီမှ  ထွက်ကျလာသော အသံများက နောက်ကြောင်းပြန်အတွေးကမ္ဘာထဲက ကျွန်တော်ကို ပုတ်နှိုးလိုက်ကြလေသည် ။
“၀တုတ် ၀တုတ်  ၀တုတ်”
“ဟာ ဘာလဲကွာ ။ တကယ်အာရုံပဲ ။ အသက်ငင်နေသလားမှတ်ရတယ် ။ ထိုင်နေတာကို မြင်နေရက်နဲ့”
“မြင်လို့ခေါ်တာပေါ့ ။ မင်းကလှည့်မှ မကြည့်တာကို”
“ဒီမှာ ငါဆော်နဲ့ ချက်နေတယ်လေ”
“နောက်မှ ချက်ကွာ ။ အရက်သောက်ကြရအောင်”
“နေအုံးကွ ဒီမှာစိတ်ကောက်နေလို့ ချော့နေတာ”
“ဒါဆို မင်းမသောက်ဘူးပေါ့”
“ခဏစောင့်လေကွာ ။ ပြောပြီးရင် သောက်မှာပေါ့”
“ဒါဆိုလည်း ပြောစရာရှိတာ မြန်မြန်ပြော”
“အေးပါ ။ ခဏလေး ခဏလေး”
“ပြောတာပဲ ။ ခဏလေး ခဏလေးနဲ့”
“ဘေးကနေ လာပူနေတယ် ။ ဒီမှာ စာရိုက်နေတာ မှားကုန်ပြီ”
ကြားနေရသည့်အသံတွေကြောင့် ၀တုတ်နဲ့ ဧရာဝတီသားတို့ အခန်းထဲမှာ အရက်သောက်ဖို့ပြင်နေကြပြီဆိုတာ ကျွန်တော်သိလိုက်၏။ အရက်ကလေးတခါသောက်ဖို့အရေး ဧရာဝတီတစ်ယောက် ၀တုတ်ချက်တင်ထိုင်ပြီးတဲ့ အထိစောင့်ရပေအုံးမည်။
သို့သော် သူတို့ နှစ်ယောက် အရက်သောက်ကြပြီဆို နောက်ကြောင်းပြန်နှောတတ်သည့် ဧရာဝတီဒဏ်ကို ခံရသူက ၀တုတ်ပင်။ တစ် ယောက်တည်း သောက်ပြန်ရင်လည်း ပျင်းစရာကောင်းနေပြန်တာကိုး။ အဖော်လေးနဲ့သောက်မှ အရှိန်လေးရလာရင် ရှေးဟောင်း နောက်ဖြစ်တွေ ပြောကြဆိုကြလေတော့ ၀ိုင်းလေးကလည်း စိုပြေတတ်ပြန်သည်ကိုး။ မူးလာပြီဆို မြန်မာပြည်ကအကြောင်းလေးတွေကို စားမြုံ့ပြန်ရသည်မှာ လွတ်အရသာရှိဆိုပဲ။ သူတို့နှစ်ယောက်က အပေးယူတော့မျှကြသည်။ ၀တုတ် ကျူနေတုန်း ဧရာဝတီက လုပ်စ ရာရှိတာတွေ ပြင်ဆင်ထားနှင့်သည်။ အခင်းကျောက်ပြားပေါ်သတင်းစာခင်းခြင်းမှစလို့ ရေဘူးတွေဖြည့် ခွက်တွေ အဆင်သင့်ယူထား သည်ထိ ၀ိုင်းကိုအဆင်သင့် ပြင်ဆင်ထားတတ်ပါသည်။ ဆော်နှင့် ကျူနေသော ၀တုတ် လက်ထဲက ဖုန်း ချချိန်မှ  ၀ိုင်းကိုစကြရသည်။ ဒီချိန်ရောက်ပြီဆိုရင် အမြည်းထလုပ်ဖို့ကို စကားနိုင်လုကြပြန်သေး၏ ။
“ကဲဆရာဝတုတ်  အမြည်းက ဘာမြည်းမလဲ”
“ခေါက်ဆွဲပြုတ်လိုက်ပေါ့ ဧရာဝတီရာ”
“တတ်ပါ့ နော် …မင်းသွားပြုတ်ချည့်”
“အေးပါကွာ ပြုတ်ပါ့မယ်”

စကားသံတွေအဆုံး အခန်းထဲမှ ထွက်လာသည့်  ၀တုတ်နောက်ကျောကို ငေးရင်း အိပ်ယာပေါ်ပက်လက်လှန်ချလိုက်မိသည်။ နေထွက် ကနေ၀င် အလုပ်ထဲမှာဘဲ အချိန်ကုန်ရသည့်ကျွန်တော်တို့ ဘ၀တွေ။ အလုပ်ကနေ အိမ်ပြန်ချိန်က အိပ်ချိန် ။ အိမ်ပြန်ရောက်လို့ တန်း အိပ်လိုက်မည်ဆိုလျှင် အလုပ်လုပ်ဖို့တစ်ခုအတွက် လူဖြစ်လာရသလိုလို။ ဒီတော့ မအိပ်ခင်စပ်ကြား ကိုယ်အားသန်ရာ ၀ါသနာပါ ရာလေးတွေဖြင့် အချိန်လုအပမ်းဖြေကြရလေသည်။ အရက်သောက်ကြိုက်တဲ့သူက အရက်သောက်မည် ။ ချက်တင်ထိုင်ချင်သူက ချက်တင်ထိုင်မည်။ စာဖတ်ဝါသနာပါသူက စာဖတ်မည်။ ဖဲရိုက်တာကြိုက်သူက ဖဲရိုက်မည်။ တီဗီကြိုက်သူက တီဗီကြည့်မည်။
ဧရာဝတီတို့ အပမ်းဖြေနည်းက အရက်သောက်ခြင်း ။အရက်သောက်တယ် ဆိုပေမယ့်  ကြိုက်လို့သောက်တာမျိုးတော့ မဟုတ်ချေ။ ပျော်လို့သောက်နေကြတာ။ အရက်ဆိုတာက ကြိုက်လို့သောက်တာ ပျော်လို့သောက်တာရယ်လို့ နှစ်မျိုးနှစ်စားရှိသတဲ့။ ဧရာဝတီ တို့ကတော့ ပျော်ချင်လို့ကိုသောက်တာဗျို့။ နည်းနည်းလေးမူးလာရင် ဖန်တရာသေတဲ့ သူ့ငယ်ရည်းစားအကြောင်းတွေ ပြောမည်။ အမေနဲ့ ရွာကို လွမ်းမည်ပေါ့ဗျာ ။ ကြိုက်လို့ သောက်တဲ့သူရယ် ၊ ပျော်လို့သောက်တဲ့ သူရယ် ဘယ်လိုခွဲခြားလည်းလို့ ကျွန်တော် ဧ ရာဝတီကို မေးဘူးသည် ။ ဒီတော့ သူက ခုလိုရှင်းပြခဲ့ဘူးသည် ။
“အလွယ်လေးပါ အကိုရာ။ ပျော်လို့သောက်တဲ့ သူဆိုတာ မာကာထည့်ပေးသည့်အတိုင်း သောက်ကြတယ်။ သဘောကတော့ တစ် ၀ိုင်းလုံးကုန်မှ မာကာသမားက အားလုံးကို ထပ်ထည့်ပေးတယ်။ အပျော်သောက်သူတွေဆိုတော့ စကားလေးပြောရင်း ထည့်ပေး တာကိုပဲ စောင့်ပြီးသာက်ကြတယ်လေ။ ရှေးဟောင်းနောက်ဖြစ်တွေ ပြောမယ်။ ကိုယ်ခွက်ကုန်ရင်တောင် တခြားသူတွေ ကုန်အောင် စောင့်ကြတယ်။ ဒါအပျော်သောက်တာ။ ကြိုက်လို့သောက်တဲ့ သူမျိုးတွေကျ ကိုယ်အရက်ကို နှမြောတတ်လာတယ် အကို။ တစ် ယောက်တည်း သောက်ချင်သောက်မယ်။ အပေါင်းသင်းတွေနဲ့ သောက်မည်ဆိုရင်လည်း ကိုယ်ခွက်ထဲကုန်ပြီဆို တခြားသူကုန်ကုန် မကုန်ကုန် မစောင့်တော့ဘဲ ထပ်ထည့်ပြီး သောက်ကြတော့တာပဲ”

 နားထဲသို့ ထပ်မံဝင်ရောက်လာသော အသံတွေကြောင့် အတွေးအာရုံတွေကို ဆွဲငင်စုစည်းလိုက်၏ ။

“ကဲရပြီ ဧရာဝတီသားရေ ဇိမ်ရစ်မနေနဲ့”
“မင်းကလည်းနော် ခေါက်ဆွဲလေးပြုတ်ရတာကို စာဖတ်ချင်နေတာလား”
“ကဲလာပါ ။ အိပ်ယာပေါ်ကဆင်းတော်မူ ။ တော်ကြာ အရမ်းနောက်ကျနေလို့ မနက် အလုပ်မဆင်းနိုင်လို့ကတော့ ဂျာကြီးတော်ကီထဲ မျောပါသွားမယ်”
“အေးပါ ။ ကဲ စလိုက်ကြအောင်”
“ချီးယား( စ် )”
တဖြည်းဖြည်း ပိုကျယ်လာသော အသံများကြောင့် ကျွန်တော်စိတ်ထဲ တွေးလိုက်မိ၏။ အရှိန်လေးတော့ကောင်းနေပြီ။ ဧရာဝတီသားရဲ့ ဓာတ်ပြားဟောင်းကြီးဖွင့်တော့မည်ထင်ပါရဲ့။ အတွေးလေးမှ မဆုံးလိုက်ရပါ၊ ဧရာဝတီ့အသံကို စကြားရပါတော့သည် ။ ဧရာဝတီသား၏ ငယ်ရည်းစားနာမည်များအား ကျွန်တော်ပင် အလွတ်တောင်ရနေခဲ့ပါပြီ။ မရင်နု ၊ ရီရီဆွေ ၊ စိမ်းဝါ ဒီသုံးယောက်ကို စတင်ပိုးပန်းပုံက အ စပြုလို့ သူကိုထားခဲ့ချိန်ထိ ဖန်တရာတေဇာတ်နာကြီးတွေကို နားဆင်ရပေဦးမည်ပေါ့။ ဒါတွေသိသိနဲ့ သူတို့နှစ်ဦး တူတူသောက်ဖြစ် နေကြတာပါပဲ။ ဘ၀တူအလုပ်သမားချင်းမှ နားလည်မပေးရင် ဘယ်သူကလာပြီးနားလည်ပေးမလဲ။
ဧရာဝတီရဲ့ ဓာတ်ပြားဟောင်းထုတ်လွင့်သံတွေ လွှမ်းမိုးနေသော အခန်းကျဉ်းလေးထဲ ရီဝေေ၀လူသားနှစ်ဦးရဲ့ နောက်ကြောင်းပြန်ဆွေး နွေးသည် အချိန်အတော်လေး ကောင်းနေပါပြီ။ သူတို့သည်လည်း အားသန်ရာဖြင့် အပမ်းဖြေနေကြီပြီ။ ကျွန်တော်သည်လည်း နှစ် သက်ရာ စာအုပ်တစ်အုပ်ကို ဆွဲကိုင်ကာ ဖတ်မည့်လုပ်သော်လည်း အိမ်ရှိလူသားတွေ၏ အကျင့်စရိုက်တွေကို တွေ့မြင် ကြားနာ ခံ စားနေမိပြန်သည်။ ကျွန်တော်နေထိုင်ရာ အပြင်ခန်းလေးသည် တခါတခါ ဘင်္ဂလား ချက်တင်ထိုင်လျှင် မြည်တတ်သော ကီးဘုတ်နှိပ် သံကလွဲရင် အစဉ်တိတ်ဆိတ်နေတတ်သည်။ ကျွန်တော်ဆိုသည့်ကောင်ကလည်း စာဖတ်နေရရင် ကျေနပ်နေသူ။
ဒီတိုက်ခန်းလေးထဲမှာ အခန်းသုံးခန်းရှိနေသည် ။ အခန်းသုံးခန်းထဲ လူခုနှစ်ယောက်နေထိုင်ကြသည် ။ ခုနှစ်ယောက်စလုံး၏ မတူ ညီသည့် သွင်ပြင်လက္ခဏာတွေဖြင့် နေ့စဉ်ဖြစ်ပျက်နေကြသည့် အဖြစ်ပျက်တို့သည်လည်း ရိုးအီမသွားခဲ့ပါ ။နေရာဒေသ ပေါင်းစုံမှ ရောက်ရှိလာကြသည်။ မတူညီမှုတွေ ရှိနေ၏။ သို့သော်လည်း သည်းခံခြင်းဖြင့် အတူတကွနေထိုင်ကြရသည်။ တစ်ခါတရံသူတို့ ရန်ဖြစ်ကြသည်။ တစ်ခါတရံ ၀ိုင်းဖွဲ့သီချင်းဆိုနေတတ်ကြပြန်သည်။ ရှောင်လွဲလို့မရသည့် ဒီတိုက်ခန်းလေးအတွင်း မခေါ်မပြော စိတ် ဆိုးနေလည်း ကြာကြာမရနိုင်ပါ ။
အားလုံးထဲမှာ အသက်အကြီးဆုံး ကျွန်တော်သည်ပင်လျှင် တစ်ခါတရံ စိတ်၏အစိုးမရခြင်းကြောင့် စနိုးစနောင့်ဖြစ်စရာတွေ ကြုံရ တတ်သေးသည်ပင်။ သို့သော် ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စာဖတ်ခြင်းဖြင့် ဖြေဖျောက်ကာနေလာခဲ့သည်မှာ ငါးနှစ်တိုင်ခဲ့လေပြီ။ လူဆိုသည်မှာ လုပ်သင့်သည်ကို လုပ်မှ လူပီသ နိုင်သည်မဟုတ်လား ။ စိတ်ကဖြစ်ချင်နေအုံး ဦးနှောက်က မဖြစ်သင့်ဘူးလို့ အ ချက်ပေးလာရင် လက်ခံခြင်းရှိကို ရှိရပေမည်။ ကျယ်ပြောလှတဲ့ လူ့ဘ၀ကြီထဲ ဘ၀ပေါင်းစုံ ဖြစ်တည်နေနိုင်ကြသည်ပဲ။ တစ်ခါတစ်ခါ စိတ်ညစ်ရမည်။ တစ်ခါတစ်ခါ ပျော်ရွင်ရယ်မောရမည် ။ ဒါတွေဟာ ဘ၀ဖြစ်တည်မှု့တွေပဲ ပေါ့ ။
တိုက်ခန်းလေးထဲက  အခန်းသုံးခန်း၏ အဖြစ်ပျက်တွေသည်လည်း ဘ၀စာအုပ်ထဲက စာမျက်နှာတချို့ပေမို့ စာဖတ်ဝါသနာပါသူပီပီ ကျွန်တော်မောင်စိုးတစ်ယောက် ဘ၀စာမျက်နှာတွေထဲက ဘ၀စာသားတွေကို လေးလေးစားစား ဖတ်ရှု့နေအုံးမည်သာ ။
ခိုင်လေး ( ရွှေတောင် )