Thursday, March 28, 2013

နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ ။



.ဒိတပတ် women's wold ဂျာနယ်ပါ ဆောင်းပါးလေးပါ ။ဒီတပတ် ထုတ် WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေး နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ ။



နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ  ။
ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ် လက်ခုပ်သံစည်းချက်လိုက်မှာလား
ညီညီညာညာညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ စိုပြည်တဲ့ ပိတောက်တို့ပွင့်စေမယ် ...... အွန်လိုင်းရေဒီယိုဆီက ထွက်ပေါ်လာတဲ့ တေးသံလေး ။ အတာကူးတဲ့ တန်ခူးချိန်ခါ သမယ ရောက်ဖို့ နီးကပ်လာပြီလို့ အသိပေးလိုက်သလိုပဲ ။ ရင်ထဲကို ချက်ချင်းတိုးဝင်လာတာက လွမ်းဆွတ် တမ်းတခြင်းဆိုတဲ့ ခံစားမှု ။ ကျွန်မတို့လို ပြည်ပရောက်နေသူများ အနေနဲ့ သင်္ကြန်ဆိုတာ စိတ်ကူးလေးနဲ့ ပုံဖော်ရင်ခုန် ရုံပါပဲ ။ သင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတိုင်း ၊ လူကြီး လူငယ်မရွေး နှစ်သက်မြတ်နိုးတဲ့ ရာသီပွဲတော် တစ်ခုပါ။ မြန်မာ သက္ကရာဇ် ၁၃၇၄ ကို အပြီးအပိုင် နှုတ်ဆက်ရတော့မယ့် အချိန်ကို နီးကပ်လာပြီပေါ့လေ ။ နှစ်ဟောင်းက အညစ်ကြေး ၊ အမှားယွင်း နှစ်ဟောင်း က ကံမကောင်းမှုတွေ ဆုံးရှုံးမှုတွေ အပူအပင်တွေ အခက်အခဲ တွေအားလုံးကို သင်္ကြန်ရေနဲ့ ဆေးကြောတယ်လို့ သင်္ကြန်ရောက်တိုင်း  ပြောတတ်တဲ့ အဘွားစကားသံလေးကို သတိရမိတယ်  ။ ကျွန်မတို့ ၁၀တန်းနှစ်လောက်ထိကို မြန်မာနှစ်ကူးပွဲတော်လေးက စည်းကမ်းတကျနဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို တွေ့ရှိနိုင်ခဲ့ပါသေးတယ်။ ယောကျာင်္းလေးတွေကလည်း   နှမချင်းစာနာစိတ် ၊ မိန်းကလေးတွေဆိုလည်း  ထိန်းသိမ်းအပ်သော ယဉ်ကျေး မှုတွေကို ထိန်သိမ်းကြလို့ ။ မြင်ရသူတိုင်း ရင်ကို အေးမြစေခဲ့ဘူးတယ် ။ အေးမြတဲ့ အတာရေစင်တွေကလည်း ဘ၀အမောတွေကို ပြေပျောက်စေခဲ့ဘူးပါတယ် ။ တစ်နှစ်တာ ဘ၀ အမောတွေ ကို နှစ်ကူး ပွဲတော်လေးမှာ အေးမြအမောပြေစေခဲ့ဘူးကြတယ် ။ ခုချိုန်မှာတော့ အမောတွေကို ထပ်ဆင့်စေဖို့တွေကို လူငယ်တွေက ပုံစံသစ်တွေနဲ့ ဖန်တီးလာကြပါတယ် ။ ခေတ်မှီတယ် ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးတွေကို အကာကွယ်ယူကာ ဖြစ်ချင်တိုင်းဖြစ်နေကြပြီ။ မဖော်အပ်တာတွေကို အကုန်ဖော်လို့ ဖော်ချွတ်ပွဲတော်တစ်ခုလို့တောင် ထင်မှတ်ရအောင် ဆိုးလှပါပေတယ် ။ အရှက်တရားတွေ ဘယ်ဆီဘယ်နေရာတွေမှာ ပုန်းအောင်းကုန်ပြီလည်း မသိအောင်ပါပဲ ။ အမျိုးသားတွေနဲ့ တန်းတူ အရက်သေစာတွေကို အပြိုင်သောက်။ မူးလာတော့ ရှက်ရမှန်းမသိ ၊ ကြောက်ရမှန်းမသိ ဖြစ်ကုန်ကြပါလေကော ။ မနှစ်က သင်္ကြန်မှာဖြစ်ပျက်နေပုံတွေဆို မြင်ရသူတောင် မျက်စိရှက်စရာဖြစ်စေခဲ့ပါတယ် ။ ယောကျာင်္လေးတွေ မှာ ဘောင်းဘီရှည် ၊ တီရှပ်အပြင် အပေါ်က အချမ်းသက်သာစေဖို့ ဂျာကင်အကျီတွေ ၀တ်ထားချိန်မှာ အမျိုးသမီးတွေက အအေးဒဏ်ကို အံ့တု ၊ အရှက်သိက္ခာတွေကို  မေ့ချင်ယောင်ဆောင်ကာ ရှိတာအကုန်ချွတ်လို့ အတွင်းခံတွေကို ဖော်ပြနေတာ အံ့သြ၀မ်းနည်းမိခဲ့ရပါတယ် ။ ဒါတွေကို ဂုဏ်ယူစွာ တမင်လုပ်ပြနေတာလား မိန်းကလေးတွေရယ် ။ ကျွန်တို့ မြန်မာမိန်းကလေးတွေ ရဲ့ အနာဂတ်ဟာ အတော်လေးကို ရင်နာစရာကောင်းနေပါပြီ ။ ကျွန်မတို့ ဘယ်လို ပညာပေးဆောင်းပါးတွေ ရေးနေနေ သူတို့ဥပကတရားကို လက်ကိုင်ထားကာ လုပ်ချင်ရာကို ဇွတ်တိုးကာလုပ်နေကြခြင်းဟာ အနာဂတ် မြန်မာအမျိုးသမီးတွေ အတွက် အထူးရင်လေးစရာ ကောင်းလှပါတယ် ။ သိပ်ကိုချစ်စရာကောင်းတဲ့ ရာသီပွဲတော်လေး တစ်ခုက ခုတော့ နိုက်ကလပ်ရောက်နေရသလို ဖြစ်နေတာ ဘယ့်သူ့တွေမှာ တာဝန်ပိုရှိသလဲ ။ ကျွန်မတို့ အနာဂတ်လူငယ်တွေမှာ တာဝန်အရှိဆုံးပါပဲ။ facebook တွေမှာ ပလူပျံနေအောင် တိုင်းပြည်ကို ချစ်ပြနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရယ် ရှင်တို့ ချစ်တဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံတမ်းအစဉ်လာတွေနဲ့ ဂုဏ်သိက္ခာတွေကို ရှင်တို့ကိုယ်တိုင် ဖျက်ဆီးနေသူတွေ မဖြစ်ကြပါစေနဲ့ရှင် ။ ဖော်မှ ချွတ်မှ နာမည်ကြီးမယ်ဆိုတဲ့ အောက်တန်းကျတဲ့ အတွေးခေါ် အယူအဆတွေကို အဝေးကို မောင်းထုတ်ပစ်ပေးကြပါ ။
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရဖို့အတွက် မဟုတ်တဲ့ အတုယူမှုတွေကို လုပ်စရာမလိုပါဘူး ။ ထက်မြက်ထူးချွန်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ စီးပွားရေး ပညာရေး အမြင်တွေ တိုးတက်တာတွေကို အတုခိုးပါ ။ အတူယူပါ။ ဖော်တာ ချွတ်တာတွေ ရှက်ရမယ့်အရာကို ရှက်တတ်ပါစေ။ သင်္ကြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတစ်ခုပါ။  နှစ်ဟောင်းက အညစ်အကြေးတွေကို ခ၀ါချပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အချိန်မျိုးမှာ အညစ်ကြေးတွေကို ထပ်မံဖိတ်ခေါ်ယူနေကြတာ သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။ မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူသားအားလုံး ကံကောင်းခြင်းလက်ဆောင်တွေကိုဘဲ ရစေချင်မိပါတယ် ။ အခါကြီးရက်ကြီးမှာတောင် ဥပုလ်သီလ မဆောင်တည်နိုင်ကြဘဲ သားသမီးတွေအတွက် အိမ်မှာထိုင် ပူပန်နေရတဲ့ လူကြီးသူမ မိဘတွေလည်း သနားစရာကောင်းပါတယ် ။ မိဘတွေရဲ့ ပူပန်စိုးရိမ်မှုကို သားသမီးတွေဘက်က ချုပ်ချယ်မှု လို့ အတွေးမှားတွေနဲ့ စော်ကားတတ်ကြပါတယ် ။ တကယ့်မိဘနေရာကို ရောက်တဲ့ အချိန်ကြမှ ကိုယ်ချင်းစာနာ တတ်ကြပြန်ပါတယ် ။ အခါလွန်မှ ရမယ့်နောင်တတွေက အဖိုးမတန်တော့ပါဘူး ။ မြန်မာယဉ်ကျေးမှု ပွဲတော်တစ်ခုမှာ မြန်မာ့သက်ြန် သီချင်းသံတွေနဲ့သာ လိုက်ဖက်တယ်လို့ ခံစားနားလည်မိတယ် ။ တူးပို့တေးသံ ၊ မုန့်လုံးရေ ပေါ် ၊ ပိတောက်ပန်း ၊ အတာရေ အေးအေးလေးတွေဟာ သင်္ကြန်ရဲ့ ပြယုဒ်တွေပါပဲ ။ တဖြေးဖြေး နေရာယူလာတဲ့ ဘာမှန်းမသိတဲ့ သက်ြန်ဖျက်တေးသံတွေကိုလည်း မုန်းမိတယ် ။ ဘာဆိုနေမှန်းတောင် သေချာ မသိဘဲ လူတွေ လိုက်ရူးနေတဲ့ ကိုရီးယားသီချင်းသံကြီးကို မကြားချင်ပေမယ့် ဒီနှစ်သင်္ကြန်မှာ သေချာပေါက် ကြားရမယ်ဆိုတာ အသေချာပါပဲ ။   
ဒီနေ့ facebookမှာ သတင်းလေးတစ်ခုကို ဖတ်လိုက်ရတယ်။ ဖတ်နေရင်းဒါမျိုးငါတို့ မြန်မာနိုင်ငံမှာ လုပ်ရင်လည်း သိပ်ကောင်းမှာဘဲလို့ တွေးမိလိုက်ပါသေးတယ် ။ ကိုးရီးယားမှာ ရုပ်ရှင်မင်းသမီးတွေကို အစိုးရက အမိန့်တစ်ခု ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။ ဒါကတော့ မင်းသမီးတွေ အရမ်းတိုတဲ့ စကပ်တွေ မ၀တ်ရဘူးဆိုတာပါပဲ ။ ၀တ်မယ်ဆို ဒဏ်ငွေ ပေးဆောင်ရမယ်လို့ ပါပါတယ် ။ ဒီလို စည်းကမ်းမျိုး ကျွန်မတို့ နိုင်ငံမှာလည်း ထုတ်ပြန်မယ်ဆို သိပ်ကောင်းမှာပဲ ။ ကျွန်မတို့ မြန်မာမိန်းကလေးတွေက ခေတ်ကိုဖျက်နေတာနဲ့ ခေတ်မှီတာကို သိပ်ခွဲခြားမသိကြပုံပါ ။ သြော်သင်္ကြန်၊ သင်္ကြန် …”။ ရင်မောလိုက်ပါဘိ သင်္ကြန်ရယ် ။ ပွဲတော်လေးပြီးချိန်မှာ ဘာတွေ ကြားရမြင်ရအုံးမလဲ ။
 ပျော်တဲ.သူတွေလည်းပျော်ကြ၊မပျော်ရတဲ.သူတွေလည်းလွမ်းနေကြရတာပေါ.သင်္ကြန်မိုး ရုပ်ရှင်ကားလေးကို အင်တာနက်ကနေ ပြန်ကြည့်မိရင်း သင်္ကြန်ပွဲတော်လေးကို လွမ်းမိပါတယ် ။ ခါသင်္ကြန် ဂိမှာန်ရာသီ ရောက်တဲ့အချိန်မှာ အလှထူးတတ်တဲ့ ခိုင်ရွှေဝါတွေကိုလည်း လွမ်းတယ် ။ ပိတောက်တွေ ဝေနေအောင်ပွင့်တဲ့ အတာနွေတန်ခူးမှာ မုန့်လုံးရေပေါ်စားမိလို့ စပ်ရတဲ့ ခံစားချက်ကိုလဲ နှစ်သက်တယ် ။ ရေဘယ်လောက်စိုစို ဖျားနာခြင်းမရှိတဲ့ ထူးဆန်းတဲ့ အတာရေတွေကိုလည်း ချစ်တယ်။
သင်္ကြန်တေးသံလေးတွေကိုလည်း ကြည်နူးတယ်။ သင်္ကြန်ဆိုတာနဲ့ကို ရင်တွေ အရမ်းခုန်နေခဲ့ဖူးတယ်။ ခုချိန်မှာတော့ ရင်ခုန်မှုနေရာမှာ ပူပန်မှုတွေသာ ကြီးစိုးလို့နေတယ်ဆို ပိုလိုက်တာလို့များ ထင်ကြမလား ။ တကယ်ပါ ။ မြန်မာပြည်ကို ချစ်တယ် ။ ဒါကြောင့် မြန်မာယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးမိပါတယ် ။ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေ တဖြေးဖြေး ပျောက်ဆုံးလာခြင်းဟာ သိပ်ကိုကြေကွဲ ၀မ်းနည်းစရာကောင်းပါတယ် ။ အဆိုးတွေ ပျောက်ကာ အကောင်းတွေ ပြန်လာပါစေတော့လို့သာ အကြိမ်ကြိမ် ဆုတောင်းမိပါတယ် ။ မြန်ရွှေပြည်မှာ ပျော်ခဲ့ရဖူးတဲ့ သင်္ကြန်ပွဲလေးနဲ့ အတူတူ မေမေရဲ့ စတုဒီသာ မဏ္ဍပ်လေးကိုလည်း အရမ်းလွမ်းမိပါတယ် ။ သင်္ကြန်ရောက်ဖို့ ၃ ရက်လောက်လိုတာနဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတော့တာပါပဲ။ သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်နေ့ တစ်မျိုး မထပ်ရအောင် အလှူဒါန လုပ်တတ်တဲ့ မေမေ ။ ခုချိန်ဆို ဘာတွေ ကျွေးမယ်ဆိုတာ အစီစဉ်တွေ ဆွဲနေလောက်ပါပြီ ။ မနက်၎နာရီလောက်ထဲက အိပ်ရာကထပြီး ဆွမ်းလောင်းဖို့ ချက်ပြုတ်။ လူတွေကို စတုဒီသာ ကျွေးဖို့ စီစဉ်တတ်ပါတယ် ။ ကျွန်မတို့ကို ဖြတ်သမျှကားတွေကို အကုန်တားခိုင်းပြီး မုန့်တွေ ဝေခိုင်းပါတယ် ။ သိတတ်စအရွယ်ထဲက မေမေ အလှူမှာ နေ့စဉ်ပါဝင်ခဲ့ရတာမို့ ဒီအလှူလေးကို လွမ်းဆွတ်မိပါတယ် ။ ကျွန်မတို့ မြို့နယ်လေးမှာ သင်္ကြန်ခါဆို သံယာတော် အပါး ၃၀၀ လောက် နေ့တိုင်း ဆွမ်းလောင်းဖြစ်ပါတယ် ။ ကျွန်မက သင်္ကြန်ရောက်ပြီဆို ရေပက်ဖို့ထက်  ပျော်ရွှင်နေကြတဲ့ သူတွေကို လှလှပပလေး ၀တ်ပြီး ထိုင်ကြည့်နေရတဲ့ အရသာကို ပိုနှစ်သက်မိတယ် ။ နောက်ပိုင်းမှာ တဖြေးဖြေး  ပျောက်ကွယ်လာတဲ့ ရိုးရာ သက်ြန်ပွဲတော်လေးရဲ့ ယဉ်ကျေးမှု တွေ အတွက်တော့ အထူးပင် ကြေကွဲ ၀မ်းနည်းမိပါတယ် ။ နိုက်ကလပ်တစ်ခုနဲ့တူလာတဲ့ ရာသီပွဲတော်လေးကို မြင်ရတိုင်း ရင်နာမိတယ် ။ လှပတဲ့ သင်္ကြန်ယိမ်းသမလေးတွေရဲ့ အကအလှနေရာမှာ အစားထိုး ၀င်ရောက်လာတဲ့ ဖော်ချွတ်မူးရူးယမ်းကားတဲ့ ဘာမှန်းမသိတဲ့ အကတွေကို ရွံ့ရှာ စက်ဆုတ်မိတယ် ။  မိန်းကလေးချင်းတောင် မျက်စိရှက်စရာ ၀တ်စားဆင်ယင်မှုတွေကိုမှ ဂုဏ်ယူစွာ ၀တ်ဆင်လာတတ်တဲ့ မိန်းကလေးတွေနဲ့ နှမချင်းစာနာစိတ်ကင်းတတ်တဲ့ ယောကျာင်္းတွေကြောင့် ရိုးရာ သက်ြန်လေးဟာ နိုက်ကလပ်ပွဲတော်တစ်ခုနဲ့ တူမှန်းမသိတူလို့လာနေပါပြီ ။ ဒီလို ရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းတွေ အမြန်ဆုံး ပျောက်ကွယ် ပပျောက်ဖို့ ကျွန်မတို့ လူငယ်တွေ လက်တွဲညီညီနဲ့ တိုက်ထုတ်ပစ်ကြပါစို့ ။ နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ   ။ မြန်မာ သက္ကရာဇ် ၁၃၇၅ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြ ရအောင် ရှင် ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ထိန်ဝေညောင်းတဲ့ အတာ သင်္ကြန် နှစ်ကူး အခါသမယ မှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြီးပြည့်စုံပြီး လုပ်ငန်း စီးပွားများ အဖုအထစ်မရှိ ချောမွေ့အောင်မြင်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ရှင် ။

ခိုင်လေး ( ရွှေတောင် )

Thursday, March 21, 2013

43.မြို့လေးက ပေးတဲ့ လက်ဆောင် (၀ထ္ထုတို)



ချစ်စရာကောင်းတဲ့ မြို့လေးက ပေးခဲ့ဘူးတဲ့ လက်ဆောင်လေး

ခုန်နေသောရင် ၊ ၀င်စားသော စိတ်တွေနဲ့ တုန်လှုပ်သော ခံစားမှုတို့ဖြစ် ဖေ့ဘုတ်ပေါ်က ဓာတ်ပုံလေးတစ်ပုံရှေ့ မှာ ကျွန်မမျက်လုံးတွေက အရောင်တလက်လက် တောက်ပနေကြပါတယ် ။ ပုံလေးက မြို့အ၀င် ဆိုင်းဘုတ်လေးတစ်ခုပါ ။ အဲဒီပုံလေးပေါ်မှာ  ကျွန်မမျက်လုံးတွေ အချိန်အတော်ကြာအောင် ရပ်တန့်နေပါတယ် ။  ဒီနေရာ ဒီဒေသလေးကို ကျွန်မအခါအားလျော်စွာ သတိရနေတတ်တယ်။ အဲဒီနေရာလေးကို အရောက်သွားဖို့ကိုတော့ လားလားမှ စိတ်မကူးမိတော့ပါဘူး ။ လူတိုင်းမှာ သတိရလွမ်းဆွတ်တဲ့ နေရာဒေသလေးတွေ ရှိတတ်ကြပါတယ် ။ ထိုနေရာလေးတွေဟာ တခါတရံမှာ ဘယ်တော့မှ ပြန်မသွားချင်တဲ့ နေရာလေးတွေလည်း ဖြစ်နေတတ်ပြန်တယ်။ ကျွန်မလည်း ထိုနည်းတူစွာဘဲ ဒီနေရာလေးကို လွမ်းဆွတ်သတိရနေပေမယ့် ဘယ်သောအခါမှ မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ် ။ သိပ်ချစ်ရသူနဲ့ မုန်းရတဲ့သူတစ်ယောက်ထဲ ဖြစ်နေရသလို  အတော်ကိုဆိုးတဲ့ ခံစားချက်တစ်ခုပါ ။မြန်မာပြည်ရဲ မြေလတ်ပိုင်း မထင်မရှား မြို့လေးတစ်မြို့ပေါ့ ။ လူသိပ်မသိကြပေမယ့် သမိုင်းဝင်စေတီပုထိုးတွေ ၊ ကျော်ကြားတဲ့ ဆရာတော် ၊ လူပုဂ္ဂိုလ်တွေ  ပေါ်ထွန်းခဲ့ဘူးပါတယ် ။ မြို့လေးကို ၀င်လိုက်တာနဲ့ လှပရှူမငြီးတဲ့ လယ်ကွင်းစိမ်းစိမ်းစိုစိုတွေကို မြင်ရပါတယ် ။စပါးပင်တို့က စိမ်းမြမြ ။ စိမ်းစိုလှပ ညီညာတဲ့ ကတ္တီပါ စိမ်းရောင် လယ်ကွင်းပြင်တွေဟာ မြင်ရသူတိုင်းရဲ့ ရင်ကိုအေးမြ ကြည်လင်စေပါတယ် ။  အဲဒီနေရာတွေကို အရင်က အပ်ကြောင်းထပ်အောင် သွားခဲ့ဘူးပါတယ်။ သိပ်ကို မွှန်းကျပ်လာတဲ့ အခါမျိုးတွေမှာ ခဏခဏ ရောက်ဖြစ်ခဲ့ဘူးပါတယ် ။ လောကတခွင်ကို လွတ်လပ်ပေါ့ပါးစွာ မြင်တွေ့လိုက်ရသလို ရင်ထဲကို အေးမြစေခဲ့ဘူးပါတယ် ။ အဲဒီနေရာမှာ ဂုံးတံတားလေးတစ်ခုလည်းရှိပါသေးတယ် ။ ဆိုက်ကယ်လေးကို အနားမှာ ရပ်ပြီး အုတ်ခုံးလေးပေါ်ထိုင်ကာ မွှန်းကျပ်တာတွေကိုလည်း ဖျေဖြောက်ခဲ့ဘူးတယ်။ တစ်ခါတစ်ရံ တစ်ယာက်ထဲ ။ တခါတလေ သူလည်းပါတတ်ပါတယ် ။ သူဆိုတာကတော့ ကျွန်မဘ၀ရဲ့ တစ်ဆိတ်တစ်ဒေသ ပါဝင်ပတ်သတ်ခဲ့ဘူးသူတစ်ယောက်ပေါ့ ။ ခုတော့ ဘာမှ မသတ်ဆိုင်တော့တဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။
အဲဒီမြို့လေးက အထင်ကရ ဆရာတော်တွေ လူပုဂ္ဂိုလ်တွေ စာဆိုရှင်တွေလည်း အသက်ဝင်မွေးဖွားခဲ့ဘူးပါတယ် ။ လက်ရှိမှာလည်း သူနယ်ပယ်နဲ့ သူနေရာရနေသူတွေ ရှိနေကြပါတယ်။ လှပတင့်တယ်မှုများစွာ တည်ရှိနေတဲ့ ဂန္တ၀င်မြိုကလေးဆိုလည်း မမှားပါဘူး ။ ရန်ကုန်ဘက်က လာပြီဆို့ ပေါင်းတည် အင်းမမြို့ တွေကိုကျော်လိုက်တာနဲ့ ရွှေတောင်မြို့လေးရဲ့ နယ်နိမိတ် စတင်ပါတယ်။ ပြည်တောင်တန်းရေနံမြေ ကိုတွေ့ပြီဆိုတာနဲ့ မြို့လေးနဲ့ နီးကပ်လို့လာပါပြီ။ ရန်ကုန်ကနေဆို ၁၉၇ မိုင်ကွာဝေးပါတယ် ။ ရန်ကုန်ကနေ express စီးပြန်လာတိုင်း ရေနံမြေကို ရောက်ပြီဆိုတာနဲ့ အထုပ်တွေပြင် ကားပေါ်က ဆင်းဖို့ ဟန်ပြင်တော့တ်ာတာပါပဲ ။ ဘယ်ခရီးကိုသွားသွား ၅ရက်ကျော်ပြီဆိုတာနဲ့ မြို့လေးကို လွမ်းတတ်ပါတယ် ။ရန်ကုန်က ပြန်လာလို့ မြို့ဝင်ဆိုင်းဘုတ်လေးကို မြင်တာနဲ့ ကလေးငယ်တစ်ယောက်လို ပျော်သွားတတ်တာလည်း နောက်ဆုံး မြို့လေးကနေ ထွက်ခွာလာတဲ့ အချိန်အထိပါပဲ ။ ကြားမှာ ရွာလေးတွေ ရှိပါသေးတယ် ။ ဒီထဲမှာ မြို့လေးကို ဂုဏ်တက်စေခဲ့တဲ့  စပေ အမွေတွေနဲ့ မြို့ကျက်သရေဆောင် စာဆိုရှင် အကျော်မော်များ ပေါ်ထွန်းခဲ့ပါတယ် ။
 တရားသူကြီး ခုံတော်ဦးအောင်မင်း၊ မယ်တော်ဒေါ်ဂျမ်းဘုံတို့မှ မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ်၊ သတင်းကျွတ် လပြည့်ကျော် ()ရက်၊ (.၁၀.၁၈၁၇)ကြာသပတေးနေ့ နံနက်ဦး ရောက်ခြည်လာချိန်တွင် ရွှေတောင်မြို့၊ ကျီးသဲ၊ ရှမ်းတန်းလေးရပ်၌ မီးရှုးသန့်စင်ဖွားမြင်တော်မူခဲ့သည့် ကျီးသဲလေးထပ် ဆရာတော် ။ 
သက္ကရာဇ် ၁၁၈၆ ခုနှစ်တွင် ရွှေတောင်မြို့၊ ကွမ်းညှပ်စင်ရွာ၌  ဖွားမြင်ပါ သည်။ ငယ်မည်မှာ မောင်ဖြူဝင်း ဖြစ်ပါသည်။ ရဟန်းဘွဲ့မှာ ဦးပဏ္ဏိတ ဖြစ်ပါသည်။ မင်းတုန်းမင်းတရား ကြီးက ပဏ္ဏိတ၀ံသာ ဘိဓဇ မဟာဓမ္မရာဇာ ဓိရာဇာဂုရုဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ဘိုးတော်ဘုရားလက်ထက် ဘိုးတော်မင်းတရားကြီး၏ မိဘုရားဝေသာလီမင်းသမီး (ဗန်းမော်မြို့စား) ဥပေါတရာ ဆောက်လုပ်လှူဒါန်းသော ဗန်မော်ကျောင်းတိုက် တွင်သီတင်းသုံးသောကြောင့် ဗန်းမော်ဆရာ တော်ဟုခေါ်တွင်ခဲ့သော ဗန်းမော်ဆရာတော် ။
ရွှေတောင်မြို့နယ် ဝါးလယ်ကျေးရွာတွင် လှည်းသမားတစ်ဦး ဖြစ်သူ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့သော ဆရာကြီး သခင် ကိုယ်တော်မှိုင်း ။
ဒီလိုအထင်ကရတွေ အများပြားတည်ရှိပါတယ် ။ စနစ် အဆက်ဆက် ခေတ်အဆက်ဆက်မှာ ရာဇ၀င်စာတွင်ခဲ့တဲ့မြို့၊ မြန်မာ့တွင်းထွက် ရွှေအနက်တွေ ထွက်တဲ့မြို့၊  နိုင်ငံတ၀ှန်း အလင်းဆောင်ဖို့ လျှပ်စစ်ဓါတ်အားပေး စက်ရုံရှိတဲ့မြို့၊ နိုင်ငံခြားထိ များပြားပို့ဆောင် ရွှေတောင် အထည် သတင်းကြွယ်တဲ့ ချည်မျှင်နဲ့ အချောကိုင် စက်ရုံရှိတဲ့မြို့။
သမိုင်းဂုဏ်ရောင်­ ရွှေနတ်တောင်နှင့် ရွှေပြောင်ပြောင်၊ ရွှေဂူကြီး၊ ရွှေမျက်မှန်၊ ချမ်းသာကြီး စတဲ့ သမိုင်းဝင် တခိုးကြီးဘုရားများရှိတာကြောင့် ဘုရားဖူးတွေနဲ့စည်ကားတဲ့မြို့ဓမ္မဒေသနာ ဘိဓမ္မာကို ၀ါတွင်းကာလ နာယူကြသည့် ဓမ္မတေးသံမြို့လုံးလျှံသည့်မြိစာပေအမွေ ကျက်သရေဆောင်မြို့ရွှေတောင်မှာ နေလိုလလိုထွန်းလင်းတောက်ပခဲ့တဲ့ စာဆိုရှင် အကျော်အမော်များ ပေါ်ထွန်းခဲ့တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ် ။
http://shwedaung.yolasite.comဆိုဒ်မှာ လေ့လာပါသည် ။
မြို့လေးအကြေင်း ဆက်ရမယ်ဆိုရင် မြို့ဝင်ဆိုင်းဘုတ်လေးကနေ  ဆက်လာတော့ ကျီးသည်းလေးထပ်ဆရာတော်ဘုရားကြီး ရုပ်ထုတော်ကို ဖူးတွေ့ရပါ့မယ် ။ ဒီရုပ်ထုတော်ကို လှူဒါန်းထားတဲ့မိသားစုက ကျွန်မအချစ်ဆုံးသူငယ်ချင်းမိသားစုလေးပေါ့ ။ အဲဒီအချစ်ဆုံးသူငယ်ချင်းလေးက ကျွန်မနဲ့ တစ်နေ့ထဲ တစ်ရက်ထဲ မွေးခဲ့သူပါ ။ ၅မိနစ်ဘဲကွာတယ် ။ တိုက်ဆိုင်မှုလားတော့ မသိဘူး ။ ကျွန်မသူငယ်ချင်းလေးနဲ့ ကျွန်မ တစ်နေ့ထဲတွေးတာချင်းတူနေလို့ထင်တယ်အဖြစ်ပျက်အကြောင်းအရာတော်တော်များများတူနေခဲ့တယ် ။ ဘ၀နဲ့ချီတဲ့ ကိစ္စတော်တော်များလည်း  တူနေခဲ့တယ် ။ ကဲဆက်ရအောင် ။
 ဆရာတော်ဘုရားကြီး ရုပ်ထုကို ဖူးမြော်ပြီးတာနဲ့ တွေ့ရမှာက ကျွန်မတို့ကို ပညာနို့ရည်တိုက်ကျွေးပေးခဲ့တဲ့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့  အ.ထ.က ကျောင်းလေးပါ ။ ကျွန်မတို့ မြို့လေးမှာ အ.ထ.က ကျောင်းက တစ်ကျောင်းတည်းဘဲ ရှိတယ် ။ ဒီကနေဆက်လာရင် ဈေးကိုသွားတဲ့ လမ်းကွေ့လေးရှိပါတယ် ။ အဝေးပြေးလမ်းပေါ်ကနေ ကွေ့လိုက်မယ်ဆို ဈေးကိုရောက်မယ် ။ လမ်းထိပ်မှာ ဆေးရုံရှိတယ် ။ ဆက်လာရင် ရဲစခန်း ။ ဆက်သွားလိုက်ရင် တကမ္ဘာလုံးမှာ တစ်ဆူတည်းသာတည်ရှိသော ရွှေမျက်မှန် ဘုရားကိုဖူးမျှော်နိုင်ပါတယ် ။ ရှေ့ဆက်မယ်ဆို ဈေးကိုရောက်ပြီပေါ့ ။ ဈေးကနေ နည်းနည်းဆက်သွားရင် ချမ်းသာကြီး ဘုရားကို ဖူးမြော်နိုင်ပြီး ဧရာဝတီမြစ်ကိုပါတွေ့နိုင်ပါတယ် ။ ကျွန်မတို့ အိမ်လေးကတော့ ဈေးဘက်ကို မကွေ့ရဘူး။ ရန်ကုန်အဝေးပြေးလမ်းကနေ ပြည်ဘက်ကို ထွက်တဲ့အနားမှာ တည်ရှိတယ် ။ ကျွန်မ အိမ်နားမှာ အဘအောင်မင်းခေါင် ထွက်ရာပေါက်ခဲ့တဲ့ အောင်မင်းခေါင် စေတီတော်မြတ်ကိုလည်း ဖူးမျှော်နိုင်ပါတယ် ။ ကျွန်မတို့အိမ်ရှေ့ရှေ့တည့်တည့်မှာတော့ ရွှေတောင်ခေါက်ဆွဲ အိုဆာကာ ခေါက်ဆွဲဆိုင်လေးလည်းရှိတယ် ။ သိပ်ကို ချစ်စရာ ဂုဏ်ယူစရာ ကောင်းတဲ့ ဒီမြို့လေးမှာ ဒီမြို့ဇာတိမဟုတ်တဲ့ သဲကုန်းမြို့သားဖေဖေ နဲ့ ကျိုက်ထိုမြို့သူမေမေတို့က ကျွန်မကို မွေးဖွားသန့်စင်ခဲ့တယ် ။ နွေးထွေးလုံခြုံမှုတွေ ပြည့်ဝတဲ့ ဖေဖေနဲ့ မေမေ ရင်ခွင်မှာ လူလားမြောက် ကြီးပြင်းစေခဲ့တယ် ။ ဘ၀တစ်ခုကို ရပ်တည်နိုင်ဖို့ ပညာရပ်တွေကို ဒီမြို့လေးထဲက ကျောင်းတော်ကြီးက သင်ကြားပေးခဲ့တယ် ။ ဒီထိ ပျော်စရာအတိဖြစ်နေတဲ့ မြို့လေးက ရုတ်တရက် ကျွန်မကို သက်ရှိလက်ဆောင်တစ်ခုကို ပေးလိုက်ပါတယ် ။အဲဒီလက်ဆောင်လေးကို ပိုင်ဆိုင်လိုက်ရချိန်ကစလို့ ကျွန်မဘ၀မှာ လင်းလက်နေတဲ့ ဘ၀မီးအလင်းရောင်တွေ ကာလရှည်ကြာစွာ  ပျောက်ဆုံးကုန်ပါတော့တယ် ။ ဒီလိုဖြစ်ရတာ အဲဒီလက်ဆောင်ကြောင့်လို့ ကျွန်မ မသတ်မှတ်ချင်ပါဘူး ။ ဖြစ်ဖို့ပါလာတဲ့ ကံကြမ္မာ နဲ့ ပြုခဲ့ဘူးတဲ့ အကုသိုလ်ကံရဲ့ အကျိုးသက်ရောကမှုကြောင့်လို့ သတ်မှတ်ယူဆခဲ့ပါတယ် ။ ဆိုးရွားလွန်းတဲ့ ရိုက်ခတ်မှုတွေကြားမှာ ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လည်းဆိုတာကိုတောင် မေ့နေခဲ့ဘူးတယ် ။ နေ့တွေကို တစ္ဆေ္စတစ်ကောင်လိုလည်း ရွံ့ရှာ ကြောက်ရွံ့ခဲ့ဘူးတယ် ။ လမ်းမကြီးကိုငေးကြည့်ရင်း အိပ်မပျော်တဲ့ ညတွေကို ရောင်ချာချာနဲ့ မိုးလင်းခဲ့ဘူးတယ် ။ ငိုစရာမျက်ရည်တွေ မကျန်တော့အောင် ခမ်းခြောက်သွားတဲ့အထိ သည်းထန်စွာ ငိုကျွေးခဲ့ရတာလည်း  အခါမလပ်ပါပဲ။ ၀ဋ်ကျွေးတွေကျေဖို့ အချိန်တန်လာတဲ့ အချိန်မှာတော့ ကျွန်မ ဒုက္ခနွံ့ထဲက လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ် ။ အဲဒီလွတ်လပ်ခြင်းက အရာရာကို ပြောင်းလဲ ပြစ်စေခဲ့ပါတယ် ။ ဒီအချိန်ထိ အရာရာကို ကံတရားလို့ တွေးမြင်ခံစားခဲ့ဘူးတယ် ။ မြို့လေးက ပေးတဲ့ လက်ဆောင်လေးအတွက် ကျွန်မ ကိုယ်၊ စိတ် နှစ်ပါးလုံး ရဲ့ စိတ်ချမ်းသာပျော်ရွင်မှုတွေ အပြင် ရုပ်ဝထ္ထုပစ္စည်း ပိုင်ဆိုင်မှုတွေပါ ပျောက်ဆုံးခဲ့ဘူးတယ် ။ ဒီအတွက် ကျွန်မပြန်ရလိုက်ရတဲ့ ရလာဒ်က သူရဲ့ ဥပက္ခာပြုခြင်းတွေပဲ ။ ဒီအထိလည်း ကျွန်မမြို့လေးထဲမှာ နေခွင့်ရနေတာကို ကျေနပ် နေခဲ့ပါသေးတယ် ။ကာလအတန်ကြာတဲ့ အခါမှာ  နွေးထွေးလုံခြုံခြင်းတွေ အတွက် ကံတရားကပေးတဲ့ လက်ဆောင်တစ်ခုကို ထပ်ရလိုက်ပြန်တယ် ။ ဒီတခါမှာတော့ အတော်လေး ကြောက်တတ်နေပါပြီ ။ ချက်ချင်းလက်မခံရဲတော့ဘူး ။ စမ်းသပ်ချက်အမျိုးမျိုး ပြုလုပ်ပြီး စိတ်ကျေနပ်မှုရမှ လက်ဆောင်လေးကို လက်ခံယူလိုက်မိပါတယ် ။ ဒီတခါ လက်ဆောင်လေးကတော့ ကျွန်မကို အေးချမ်းစေခဲ့ပါတယ် ။ လက်ဆောင်လေးရှိရာကို ကျွန်မလိုက်လာတဲ့အခါမှာ ချစ်စရာကောင်းတဲ့ မြို့လေးကို အဝေးတစ်နေရာကနေ လွမ်းနေမိတတ်တယ်။ ဘယ်တော့ အလည်ပြန်ရမလဲဆိုတာကို အချိန်တိုင်း တွေးနေခဲ့ဘူးတယ် ။ ဒါပေမယ့် ခုချိန်မှာတော့ ဒါတွေ မရှိတော့ပါဘူး ။ မရှိတော့အောင် လုပ်လိုက်သူကတော့ မြို့လေးက ပေးခဲ့ဘူးတဲ့ လက်ဆောင်ဟောင်းလေးပေါ့ ။ သူအပေါ် ကျွန်မသည်းခံခဲ့တာတွေကို သူမမြင်တတ်တော့ပါဘူး ။ ထားခဲ့လို့ ကျန်နေခဲ့ရသူအဖြစ် အပြစ်တွေသာမြင်နေခဲ့ပြီ ။ သူထားခဲ့တဲ့ အချိန်တိုင်း တစ်ယောက်ထဲ ခံစားနာကျင်ခဲ့ရတဲ့ အကြိမ်တွေကို သူပြန်မတွေးတတ်တော့ဘူး ။ ကျွန်မက ဒီတခါလေး ထားခဲ့တာပါလို့ ပြောခဲ့စဉ်က သူကပြန်ပြောတယ် ။ ကျွန်မထားခဲ့တာက တဘ၀စာထားခဲ့တာတဲ့လေ ။လက်ဆောင်လေးရယ် မင်းကို မြတ်နိုးအောင်လုပ်ခဲ့တာလည်း မင်းဘဲဖြစ်သလို ၊ တစ်ဘ၀စာ လှည့်မကြည့်ချင်အောင် လုပ်ခဲ့တာလည်း မင်းဘဲလို့ ကျွန်မက ပြောမယ်ဆို ဘာပြောမလဲဟင် ။ အေးချမ်းပါရစေတော့ ။ ပူလောင်ခဲ့ရတဲ့ နေ့ရက်တွေကို အိမ်မက်အဖြစ်တောင် မမက်ချင်တော့ဘူး ။ တစ်ကယ်ခံစားနာကျင်ရသူသာ အသိဆုံးဖြစ်စေမယ့် ခံစားချက်တွေကို လူတိုင်း နားလည်ချင်မှ နားလည်မယ် ။ လက်ဆောင်လေးကို ပေးခဲ့တဲ့ မြို့လေးလည်း သိချင်မှ သိနိုင်မှာပါ ။ မြို့လေးကို သတိရမိကာ ပြန်ဖို့ တာဆူနေတတ်တဲ့ ကျွန်မကို ဘယ်တော့မှ မပြန်ဖြစ်အောင် နားကျင်ခံစားစေခဲ့တဲ့နေ့လေးကတော့ ဘ၀မှာ ဘယ်သောအခါမှ မမေ့စေမယ့် နေ့လေးပါဘဲ ။ လက်ဆောင်ဟောင်းဆီကို မဖြစ်မနေ ဆက်သွယ်ရမယ့် အချိန်ကို ရောက်လာခဲ့တယ် ။ သူဆီကို ဖုန်းဆက်လိုက်မိတယ် ။  သိပ်ကိုမှားသွားတယ်ဆိုတာ အဖြစ်ပျက်တွေ အားလုံးပြီးမှ သိလိုက်ရချိန်မှာ ကျွန်မဘာမှ မတတ်နိုင်တော့ဘူး ။ ခံစားနာကျင်ရုံမှ တစ်ပါး တကယ်ကို ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်လောက်ထိ နာကျင်ခံစားလိုက်ရသလဲဆိုရင် ခုချိန်ထိ ပြန်တွေးမိရင် ချက်ချင်းကို မျက်ရည်တွေက အတားဆီးမဲ့ စီးကြလာတတ်ပါတယ် ။သူဆီ ဖုန်းဆက်လိုက်တော့ သူလာကိုင်တယ် ။ ကျွန်မအသံကို ကြားလိုက်တယ်ဆိုရင်ဘဲ အော်လိုက်တဲ့ သူအသံဟာ သိပ်ကိုကြောက်ဖို့ကောင်းခဲ့တယ် ။ ရှက်ဖို့လည်း အလွန်ကောင်းပါတယ် ။ ဒီလောက်အော်စရာ လိုအပ်သလားဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်ပြန်မေးမိရင်း ရူးမတတ်ကို ခံစားနာကျင်ခဲ့ရတယ်။ ကမ္ဘာပျက်သလို နာကျင်ကြေကွဲခဲ့ရတယ် ။ တင်စားဖို့ စကားလုံးမရှိအောင်ပါပဲ ။ ရိုးသားစွာ ဆက်သွယ်ခဲ့မိတယ် ။ ဆက်သွယ်ရတဲ့ အခြေခံအကြောင်းအရာက  အကြောင်းပြချက်ခိုင်မာတယ် ။ ဒါတွေကို တခုမှ နားမထောင်ဘဲ အော်ကြီးဟစ်ကျယ် အသံကုန်ဟစ်ပြောဆိုတယ် ။ သူအော်တာတွေကို  ဆုံးအောင်နားထောင်ဖို့ မလိုအပ်ဘူးလို့ မှတ်ယူလို့ သူအရင် ဖုန်းကို ဦးစွာချလိုက်ပါတယ် ။
၁၀ နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကြာအောင် ကျွန်မ သူအပေါ် အများကြီး သည်းခံနားလည်ပေးခဲ့ဘူးတယ် ။ ရလာဒ်က ဒါမျိုးကြီးလားရှင် ။ လူတစ်ယောက် နဲ့ တစ်ယောက် ခိုင်မာတဲ့ အကြောင်းအရာတွေ ကြောင့် ကိုယ်လမ်းကိုယ်လျှောက်ကြတာနဲ့ ရန်သူတွေ လို ဆက်ဆံ ဖို့လိုအပ်လို့လား ။ ဒါဟာ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းသူတွေ တုံပြန်မှုတစ်ခုလို့ သတ်မှတ်ရင် ကျွန်မလွန်မလား ။ လက်ဆောင်ဟောင်းလေးကို အပြီးတိုင်မေ့ပြစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ လက်ဆောင်သစ်လေး နဲ့ အတူရှိနေခဲ့ပေမယ့် အကြောင်းတိုက်ဆိုင်တဲ့အခါတိုင်း လက်ဆောင်ဟောင်းလေး နဲ့ ပတ်သတ်တာတွေကို ပြောပြတတ်ခဲ့တယ် ။ ကျွန်မပြန်ပြောပြတတ်တဲ့ စကားတွေကို  အေးချမ်းစွာ နားထောင်ပေးတတ်တဲ့ လက်ဆောင်သစ်လေးကို မျက်လုံးထဲ မြင်ယောင်လို့လာမိပါတယ် ။ အဲဒီနေ့ လက်ဆောင်သစ်လေး အလုပ်က ပြန်လာချိန်ကြရင် သူမတောင်းတဲ့ ကတိလေးတစ်ခုကို ကျွန်မပေးလိုက်မိပါတယ် ။ လက်ဆောင်ဟောင်းလေးနဲ့ ပတ်သတ်တာတွေကို ဘယ်တော့မှာ မပြောတော့ဘူးဆိုတာရယ် ၊ ဘာအကြောင်းနဲ့မှ ရိုးသားစွာလည်း ပတ်သတ်ဆက်ဆံခြင်းမရှိတော့ပါဘူးဆိုတဲ့ ကတိလေးကိုပါ ထပ်လောင်းပေးလိုက်မိပါတယ် ။ လက်ဆောင်သစ်လေးနဲ့ အေးချမ်းတဲ့ အခြေနေတစ်ခုမှာ ရှိနေခဲ့ပေမယ်  ပတ်သတ်ရမယ့် အကြောင်းအရာတွေ ရှိလာတဲ့အခါတွေမှာ သူကို့ရိုးစားစွာ သတိတရရှိခဲ့ဘူးပါတယ် ။ ချစ်ခြင်း ၊ မုန်းခြင်းကင်းသော  မိတ်ဆွေတစ်ယောက်လို စိတ်မျိုးနဲ့ပေါ့ ။ ဒါပေမယ့် ခုတော့ ဒါတွေ တကယ်ကို ပြီးဆုံးသွားခဲ့ပါပြီ ။ မြို့လေးကပေးခဲ့ လက်ဆောင်လေးနဲ့ အတူ မြို့လေးကိုပါ  ထာဝရ စွန့်လွတ်လိုက်ပါတော့မည်  ။ ဘာကြောင့်လည်းဆို သိပ်ချစ်စရာကောင်းတဲ့ မြို့လေးထဲမှာ သိပ်ကို အတ္တကြီးတဲ့ လက်ဆောင်ဟောင်းလေးရှိနေခဲ့တဲ့ အတွက်ပါ ။ တစ်ခုလောက်တော့ မေးချင်တယ် မြို့လေးရယ် ၊ ထားခဲ့တဲ့ သူတိုင်းက မှားတဲ့ဘက်မှာလား ၊ ကျန်ခဲ့ရတဲ့သူတိုင်းကကော မှန်နေတဲ့သူတွေ ဖြစ်ခွင့်ရတော့မှာလား ။ တဆိတ်လောက် ဖြေပေးပါနော် ။ ဒါဆို ကျွန်မ ကို သူထားခဲ့တဲ့ အကြိမ်တွေ မရေတွက်နိုင်အောင်ပါပဲ ။ ခဏခဏ ကျန်နေခဲ့ရဘူးပါတယ် ။ဒါတွေကိုကြ မေ့လိုက်ပြစ်လိုက်ပြီလားလို့မြို့လေးကနေ တဆင့် သူကိုပြောပြပေးပါနော် ။ ထားခဲ့တဲ့ သူတိုင်း မှားရကြေးဆို သူမှားခဲ့တဲ့ အမှားတွေက ရေလို့တောင် မနိုင်နိုင်ပါဘူး မြို့လေးရယ်။ အမှတ်တရတွေ အားလုံး ရေပေါ် အရုပ်ရေးသလို ဘာဆိုဘာမှ မရှိတော့ပါဘူး ။ မြို့လေးကိုတော့ ရိုးသားစွာ တမ်းတမိပါတယ် ။ မြို့လေးက ရိုးသားတယ် ။ နွေးထွေးတယ် ။ ဒီလိုချစ်စရာကောင်းတဲ့ မြို့လေးကို  မသွားချင်အောင် ဖြစ်စေခဲ့တာကတော့ လူတွေက ဖန်တီးလိုက်လို့ပါပဲ ။ ဖန်တီးသူက ဘယ်သူလည်း သူလား ၊ ကျွန်မလား ဆိုတဲ့ အဖြေကို ကျွန်မမသိချင်တော့ပါဘူး။ လောကကြီးမှာ တချို့ဘ၀ပုစ္ဆာတွေက အဖြေမထုတ်ဘဲ ထားတာပိုကောင်းပါတယ် ။ ခုချိန်မှာတော့ facebook ပေါ်က မြို့ဝင်ဆိုင်းဘုတ်လေးတစ်ခုကို ငေးကြည့်ရင်း ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်ဖို့ မေ့လျော့စွာ မြို့လေးကို လွမ်းမိနေပါတော့တယ် ………………………………..

ခိုင်လေး ( ရွှေတောင် )

Sunday, March 17, 2013

မောင် ( စွယ်စုံကျမ်း ) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး

မောင် ( စွယ်စုံကျမ်း ) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး


မေး = ပထမဆုံး မောင်လေး နာမည်အရင်းလေးနဲ့ လက်ရှိမောင်လေး ရှင်သန်နေတဲ့ လက်ရှိအခြေနေလေးနဲ့အတူ မောင်လေး မိသားစုလေးကို မိတ်ဆက်ပေးပါနော် ။
ဖြေ = နာမည်အရင်းက Zaw Win Maung ပါ လက်ရှိအခြေနေကတော့ ပြည်ပမှာ အလုပ်လုပ်တယ်လေ
မိသားစုကတော့ မောင်နှစ်မ 2ယောက်ထဲရယ်  ကျနော်ကအကြီးဆုံးပေါ့ ။ ညီမငယ်လေး
တစ်ယောက်ရှိတယ် ကျောင်းတက်နေဆဲပဲရှိသေးတာ.အဖေရယ် အမေရယ် ညီမလေးရယ်
ကျနော်ရယ် မိသားစုက  ဒါအကုန်ပါပဲ



မေး = နည်းပညာတွေကို ဘယ်အချိန်ကစပြီး ၀ါသနာပါလေ့လာဖြစ်ခဲ့တာလည်းမောင်လေး ။
 ဖြေ = 2005 လောက်ထဲက အင်တာနက် Email ကို စိတ်ဝင်စားနေပြီး 2006 လောက်မှ သေချာ
လေ့လာသင်ယူဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲဗျ ။ ကျောင်းစာမှာပါထဲက Email နဲ့ အင်တာနက်ကို
စိတ်ဝင်စားနေခဲ့တာ 2006 မှာ Yahoo မေးကို စတင်ဖွင့်ပီး သုံးဖြစ်ခဲ့တယ်.လေ့လာဖြစ်ခဲ့တာ။
အင်တာနက်အစဆို အဲ့လောက်က စပီး စိတ်ဝင်းတစားဖြစ်နေခဲ့တာပါ


မေး = ကွန်ပြုတာနည်းပညာတွေထဲမှာ မောင်လေး  အဓိက လေ့လာဖြစ်ခဲ့တာလေးက ဘာများဖြစ်မလဲဟင် ။
 ဖြေ = ကွန်ပျုတာနဲ့  ပတ်သက်ရင် အားလုံးစိတ်ဝင်စားပါတယ် ဒါပေမယ့် အလုပ်နဲ့ ပတ်သက်လာရင်တော့
ဝါသနာပါတာ မပါတာ ရွေးလို့ မရပဲ မဖြစ်မနေတတ်ထားရမဲ့ ပညာတွေကို သင်ပါတယ် စာရင်းပိုင်း
ကွန်ပျုတာ System Repair , Networking, နဲ့ ဒီဇိုင်းပိုင်း ကိုပို့ လေ့လာဖြစ်ပါတယ် Photoshop နဲ့ 
Video တည်းဖြတ်တာတွေလည်း လေ့လာဖြစ်တယ် ။ ဒါပေမယ့် ၀က်ဆိုဒ်ရေးနေတော့ အခုနောက်ပိုင်း အစုံ လေ့လာဖြစ်တယ် ။
အထူးပြုတော့ မလေ့လာဖြစ်တော့ဘူး နဲနဲစီ သိအောင်ပဲ လေ့လာနေပါတယ် ။


မေး = မောင်(စွယ်စုံကျမ်း)ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေးကိုလည်း စပ်စုချင်ပါတယ် ။
 ဖြေ = ပြည်ပရောက်မှ မောင် ဆိုတာ တွင်လာတယ် ။ မောင်ဆိုတာ ကျနော့်နာမည်ရဲ့ နောက်ဆုံး
စာလုံး ။ Manager က အိမ်နာမည်ရှိဘူးလား နင့်နာမည်ကခေါ်ရခက်တယ်ဆိုတော့
အမောင် လို့  ပြောဖြစ်တယ် ကျနော်တို့ ရွာတွေဘက် မှာတော့ မောင်ကြီးတို့  အမောင် တို့  ခေါ်ကြတာကိုး
အဲ့နောက်ပိုင်း အလုပ်ထဲမှာ ခေါ်တွင်ကြရင်းနဲ့  မောင် ( Maung ) လို့  အလွယ်ခေါ်ကြရော
မြန်မာတွေလည်း ရှိတော့  အလုပ်လုပ်ရင်း စကားပြောရင်း ဒီနာမည်ဖြစ်ကရော ။
စွယ်စုံကျမ်း က ၀က်ဆိုဒ်ရေးတော့ မှ အစုံရေးချင်လို့  နောက်က ထည့်လိုက်တာ
ကဗျာ ရသ စာပေ နည်းပညာ ကျန်းမာရေး သုတ အစုံ လျှောက် ရေးချင်တော့
စွယ်စုံကျမ်းလို့  စိတ်ကူးရလာတယ် ဒါကြောင့် မောင်(စွယ်စုံကျမ်း) လို့  ဖြစ်လာတာပါ ။


 မေး =http://www.zwmnna.com ဆိုဒ်လေးကို စတင်တည်ထောင်ဖြစ်ခဲ့ပုံလေး နဲ့ ဘယ်နေ့မှာ
 စတင်တည်ထောင်ဖြစ်ခဲ့တယ်ဆိုတာလေး ပြောပြပေးနော် ။
 ဖြေ = အတိအကျတော့ 7.3.2011 မှ သေသေချာချာ ရေးဖြစ် လုပ်ဖြစ်တာပါ 2010 မှာတုန်းက
အစမ်းသဘောပဲ ထားထားတာ ပါ။ တည်ထောင်ဖြစ်တာကလည်း အရင်က ဖြေဖူးသေးတယ်။
ကိုယ်သိထားတဲ့ ပညာလေးတွေ ကိုယ်ကြုံရတဲ့ အခက်ခဲလေးတွေကို တခြားသူတွေ အလွယ်တကူ သိစေဖို့ ပြန်လည်
မျှဝေတဲ့သဘောပါ ။ ကိုယ်တိုင်လည်း လေ့လာရင်းပေါ့။ရည်ရွယ်ချက်ကတော့ အဲ့လောက်ပါပဲ ကိုယ်တွေလေ့လာခါစက  မြန်မာစာတောင် 
ကွန်ပျူတာထဲကို အင်စတောမလုပ်တတ်ခဲ့ဘူး အဲ့လိုပေါ့အစရှိသဖြင့်အသေးစား အခြေခံပညာလေးတွေကို သိစေချင်လို့ ရေးသားမျှဝေပေးနေတာပါ။

မေး = မောင်လေး ဆိုဒ်မှာ ယခုလက်ရှိ သူ့ ဆိုဒ်မှာ မန်ဘာဝင်ထားသူ ဘယ်လောက်ရှိနေပြီလဲဆိုတာလေး ပြောပြပေးနော် ။
 ဖြေ = 15 -3 -2013 ရက်စွဲအရတော့ မန်ဘာဝင်ထားသူ  1617 ယောက်ပဲရှိပါတယ်

မေး = မောင်လေး ယခုလက်ရှိ ဆိုဒ် လင့်လေးနဲ့ ဖေ့ဘွတ်လင့်လေး ကိုမန်ဘာဝင်တွေကို ဝေမျှပေးပအုံးနော် ။
ဖြေ = လက်ရှိဆိုဒ်လိပ်စာက www.zwmnna.com  ပါ ဖေ့ဘွတ်လိပ်စာက www.facebook.com/maungsssk
အဲ့ဆိုရင် ကျနော့်ဝက်ဆိုဒ်နဲ့  ဖေ့ဘွတ်ကို အဆင်ပြေစွာ ကြည့်လို့ ရပါပြီ ။

မေး = လုပ်ဆောင်ချက်တိုင်းမှာ ရည်ရွယ်ချက်ဆိုတာ ရှိတတ်ကြပါတယ် ။ မောင်စွယ်စုံကျမ်း ဆိုတဲ့ဆိုဒ်လေးကို တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်လေးက
 ဖြေ = အလကားရနေလို့  စမ်းသပ်ရင်း ထရေးလိုက်တာပါ ဘာရည်ရွယ်ချက်မှတော့
 အကြီးကြီးမရှိပါဘူး  အဲလိုပြောလို့    အထင်တော့မသေးပါနဲ့ ဗျာ...မွေးကာစကလေးကတော့  ဆရာဝန်  တစ်ယောက်ဖြစ်ရမယ် ဘယ်သူအသက် ကယ်မယ်
ဘာဘာညာညာဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့  လူဖြစ်လာတာ   မဟုတ်သလို    အခြေနေအချိန်ခါ ကံတရား   တိုက်ဆိုင်လို့ ဒီအခြေနေကို   ရောက်လာတဲ့ 
ကျနော်လည်း   ဇာတ်ဆရာအလိုကျလို့ ပဲ    ပြောချင်ပါတယ်ဗျာ။  ဘလော့ဂါဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့   ဘလော့လောကပေါ်မှာ လျှောက်နေသူမဟုတ်ပါဘူး ။ တတ်ထားသမျှ   ပညာအခြေခံ အသေးလေးတွေကို နောက်လူတွေကိုသိစေချင်လို့ အချိန်ရသလောက်မျှဝေနေတဲ့  စေတနာရှင်  တစ်ယောက်ဆိုရင် ပြီးပြည့်စုံတဲ့အဖြေ  မဟုတ်တောင်  အတော်လေးမှန်ပါလိမ့်မယ်။



မေး = 07.01.2012 နေ့ က VOA ရဲ့ ကွန်ပြူတာ နည်းပညာကဏ္ဍ( သုတအဖြာဖြာ / ဘလော့ဂါ )မှာ ဗီအိုအေ က ကိုဇော်ဝင်းလှိုင် က အင်တာဗျူးထားတယ်နော် ။
 ဖြေ = ဟုတ်ကဲ့ ။ အဲ့တုန်းက VOA မြန်မာပိုင်း အစီစဉ်မှာ အင်တာဗျုးဖြေထားဖူးပါတယ်


မေး = ဘာသာရေးဆိုဒ်တွေ အတွက် ဒိုမိန်း တွေကို လှူဒါန်းရခြင်းကြောင့် ရလာတဲ့ ခံစားမှုလေး နဲ့  ဆက်လက်ပြီး လှူဒါန်း ဖို့  ဘယ်လို ရည်ရွယ်ချက်ရှိလဲ သိချင်ပါတယ်။

ဖြေ = အဲ့အကြောင်းကို အရင် Online Radio Malaysia နဲ့ အင်တာဗျူးတုန်းက ဖြေထားဖူးပါတယ်
ဆိုဒ်မှာလည်း တင်တော့ တင်ထားပေမယ့် ထပ်ဖြေလိုက်ပါ့မယ်။ အလှူလေး တစ်ခု ပြုလုပ်မယ် ဆိုပြီး စဉ်စားမိခဲ့တာနဲ့  အနီးနားက သူငယ်ချင်းတွေကို တိုင်ပင်လိုက်ပါတယ်။ ရခိုင် အရေးခင်းကာလပေါ့ ဘာသာ သာသနာ အရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရအောင် ဆိုပြီး အကုန်လုံးက သဘောတူကြတာနဲ့ အဲ့ဒီ Domain Website အလှုလေးကို လုပ်ဖြစ်ခဲ့တာပါ။ ဒီအလှုဟာ ဘာသာသာသနာ တည့်တံ့ ခိုင်မြဲရေးနဲ့ မျိုးချစ်စိတ် ရှင်သန် ထက်မြတ်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ရည်ရွယ်မိပါတယ်။ ပြောင်းလည်း လာတဲ့ ခေတ်စနစ်အရ ဘာသာစာပေကို အင်တာနက် စာမျက်နှာမှာ ပြန့်ပွားစေချင် တာလည်း ပါပါတယ် ။ လှူတဲ့ အလှူအမျိုးမျိုးရှိသလို လှူရမယ့်နေရာ လှူသင့်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို ပြောင်းလည်းလာတဲ့ ခေတ်စနစ်အရ ဘာသာရေး ဆောင်းပါးတွေ တရားစာပေတွေကို အင်တာနက်သုံးနေတဲ့ ကျနော်တို့  ဘာသာဝင်တွေနဲ့  အဆက် မပြတ်စေချင်ဘူး စာအုပ်ထဲ ထားခဲ့ရင် ကျန်ခဲ့မယ်လို့ လည်း တွေးမိတယ် ပြီးတော့ ဘာသာရေး အသိ ဘာသာရေး သတိတွေ ကျနော်တို့  ဘာသာဝင်တွေ အားလုံးရဲ့စိတ်ထဲ ရှိစေချင်လို့ ဒီလို လှူမယ်ဆိုပြီး စဉ်းစားဖြစ်ခဲ့ပါတယ်။ အဲ့တာက အလှူရဲ့ ပထမဖြစ်ပေါ်လာတဲ့ စိတ်ကူးလေးပါ ။တကယ်လည်း လှုဖြစ်ခဲ့ပါတယ် ။ အခု အင်တာနက်ပေါ်မှာ တရားတော်စာပေရေးသားနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့  ဆရာတော်တွေအတွက် 3 နှစ်စာ Domain နဲ့ Website 15 ဆိုဒ် လှုထားပါတယ်

မေး = မောင်လေး ပရဟိတ အဖွဲ့လေးဖွဲ့ထားတာတွေ့ရပါတယ် ။ ပရဟိတ လုပ်ငန်းတွေကို စတင်လုပ်ဖြစ်ခဲ့ပုံလေးနဲ့ လုပ်ဆောင်ချက် စေတနာလေးတွေ အရာထင် ပီပြင်လာတဲ့အခါ မောင်လေး ရင်ထဲက ဖြစ်ပေးလာတဲ့ ပီတိမှုလေးကို မျှဝေပေးပါအုံးရှင်
 ဖြေ = ပရဟိတ အဖွဲလေးကတော့ အပေါ်က အလှုကို အခြေခံပီး တည်ထောင်ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့    မြန်မာနိုင်ငံ   ပြည်နယ်နှင့်တိုင်း  ဒေသ

အသီးသီးရှိ  အကူညီ   လိုအပ်နေသော   နေရာများတွင်   အုတ်တစ်ချပ် သဲတစ်ပွင့်

ပါဝင်လှူဒါန်းနိုင်ရန် ဖြစ်ပါတယ် ။ အွန်လိုင်းပရဟိတ အဖွဲ့ ဆိုပေမယ့် ရည်ရွယ်ချက်

ရိုးရှင်းပါတယ် ။အွန်လိုင်းမှာ သိနေ တွေ့ နေကြတဲ့ အကောင့်ထဲက သူငယ်ချင်းတွေ

မုန့် ဖိုးထဲကနေ ငွေစုပြီး  လေးလ တစ်ခါ တစ်နှစ်မှာ ၃ကြိမ်  လိုအပ်တဲ့နေရာတွေကို

လှုကြမယ်လို့   ပြောတာပါ ။ အွန်လိုင်းပရဟိတလို့  ခေါင်းစဉ်တပ်တာမို့   မည်သည့်

နိုင်ငံ  မည်သည့်နေရပ်ဒေသကဖြစ်စေ ပါဝင်လို့ ရပါတယ် ။ အမြဲတမ်း မန်ဘာပုံစံမျိုး

ဖွဲ့ စည်းထားပြီး  လစဉ်ကြေးနဲ့   စုငွေ ထားရှိမှာမို့    လေးလပြည့်တဲ့အခါ စုကြေးငွေ

များမယ်လို့ လည်း  ခန့် မှန်းထားပါတယ်။ လေးလမှတစ်ကြိမ်ဆိုတာ   မြန်မာပြည်ရဲ့

အခါကြီးရက်ကြီး  သင်္ကြန် ၊ ၀ါဆိုအခါ  နဲ့  သီတင်းကျွတ်  ကာလတွေ  ရွေးပြီးတော့

လှုမှာပါ ။ လေးလတစ်ခါ စုပီး  အကုန်  လှုလိုက်မှာမို့  လက်ကျန်ငွေ မထားတော့ပါ

မလှုခင်မှာတော့ သက်ဆိုင်ရာ ဒေသအလိုက် ကောက်ခံသူက ငွေစာရင်လေးတွေနဲ့ 

တာဝန်ခံ လိုပါတယ် လူချင်းတွေ့ ကြမှာမဟုတ်ပဲ အွန်လိုင်းက စုလုပ်ကြမှာဆိုတော့

အဓိကလိုတာက ယုံကြည်ချက်ရယ် လုပ်မယ်ဆိုတဲ့စိတ်ရယ် လှုချင်တဲ့ဝါသနာရယ်

ဒါတွေတူညီရင် အလုပ်လုပ်လို့ ရပါပြီ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုလှုကြမှာ
ကိုယ်သုံးမယ့် ပိုက်ဆံထဲက ခွဲလှုတာဆိုတော့ စိတ်လည်းချမ်းသာပါတယ် အပန်း
မကြီးဘူး ကိုယ်တစ်ယောက်ထဲဆို မများပေမယ့် လူဦးရေ များလာတဲ့အခါ စုငွေ
များလာမှာ အဲ့တော့ ပျောင်စရာလည်းကောင်း အရာလည်းရောက်မယ့် အလှုလို့ 
တွေးပီး မလှုခင်ထဲက ပီတိဖြစ်ရပါတယ် နောက်ပီး မိဘမဲ့ ကလေးတွေဘက်ကို
ဦးစားပေးလှုဖြစ်မှာမို့  သူတို့ တွေရဲ့ လောကဓံကို ကူပီးမျှဝေခံစားပေးတာပါ
မိဘမဲ့ ဆိုတာက တွေးကြည့်ရင် အတော်လေး သနားစရာ ကောင်းပါတယ်
သူတို့ တွေမှာ ပြန်စရာ အိမ်လည်းမရှိဘူး ခေါ်စရာ အဖေမေလည်း မရှိဘူးဗျာ
ဘ၀ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေ လမ်းစတွေေ၀၀ါးတော့မယ့်ကလေး
အနာဂတ်ခ၇ီးဖြောင့်တန်းဖို့ ခက်ခဲ့မဲ့ဘ၀လေးတွေလို့ လည်း မြင်မိပါတယ်
ယနေထီပေါက် နောက်တစ်ရက် သူဌေးဖြစ်လို့ ရတယ် မိဘမ၇ှိတော့တာ
အဖေမေခေါ်စရာမ၇ှိတာက ပြန်မရတော့တဲ့ အခက်ခဲတစ်ခုပါပဲ ဂေဟာ
တစ်ခုမှာ စောင့်ရှောက်ခံရပေမယ့် အများနဲ့ ဆိုတော့ ပုံစံတကျနေရမယ်
မိဘတစ်ယောက်ရဲ့ ပြည်ဝတဲ့မေတ္တာမျိုး သူတို့ ခံစားရမှာမဟုတ်ဘူးပေါ့
ကျောင်းနေအရွယ်ဆိုလည်း ပြင်ပကျောင်းတွေမှာ မိဘမဲ့ကလေး ဆိုပီး
အနှိမ်ခံရမလား ဘ၀တက်လမ်းအတွက် စိတ်အားငယ်သွားလေမလား
ကလေးသဘာဝ မိုးခြိမ်းလို့  ကြောက်လန့် ရင်တောင် အမေတစရာမရှိ
အဲ့တော့ သူတို့ ဘ၀ အခက်ခဲလေးတွေကို စာနာတယ် ကူညီချင်တယ်။
အားပေးချင်တယ် ။ ကိုယ်စားမယ် ပျော်ပါးမယ့် ဇိမ်ခံမယ့် ပိုက်ဆံတွေထဲက
သူတို့ တွေအတွက် မျှော်လင့်ချက် အလင်းတစ်စက် ပေးနိုင်တော့မယ်ဆိုပြီး
တွေးတွေးပြီး ပီတိဖြစ်တယ်ပေါ့ မျှဝေဆိုလို့  မျှဝေလိုက်တာပါနော်။ ဒီလိုအလှုက
ပျော်ဖို့ လည်းကောင်းတယ် တွေးကြည့်ရင် စိတ်ချမ်းသာဖို့ လည်းကောင်းတယ်
ပျော်ချင်တယ် စိတ်ချမ်းသာချင်တယ်ဆို ကျနော်တို့  မျိုးဆက်သစ် အွန်လိုင်းပရဟိတ
အဖွဲက လှုမယ့် 4လတစ်ကြိမ် အလှုတွေမှာ ပါဝင်လို့ ပါက ပါဝင်နိုင်ပါတယ်လို့ …

မေး =  window xp , window 7 , window 8 ဒီ၃ခုထဲမှာ မောင်လေးအနေနဲ့ သုံးရတာ ဘယ်ဟာက ပိုအဆင်ပြေတယ်လို့ ယူဆပါသလဲဟင်။

ဖြေ = Window Xp က သင်ရတာ သုံးရတာ ရိုးရှင်းပါတယ် လွယ်လည်း လွယ်ပါတယ် Window 7
သုံးရတာ အတော်လေး ပြည့်စုံကောင်းမွန်ပြီး sniping လို print Screen ဖမ်းတာလေးတွေ
Desktop Note နဲ့ Gadget တွေ အများကြီးစုံလာတယ် NetFrame ပြသနာလည်း နည်းလာလို့ 
ကြိုက်ပါတယ် Window Movie Maker အစာ DVD Maker ဖြစ်လာတာကအစ ထူးခြားချက်တွေ အများကြီး ပိုကောင်းလာပါတယ် အခုထိ ဘ၀င်မကျတာ တစ်ခုရှိတယ် အဲ့တာက Animation ပုံတွေကို
ကို gif format နဲ့  ကြည့်မရဘူး Xp မှာဆို Window Picture and Fax Viewer က
အဆင်ပြေတယ် 7မှာ အဆင်မပြေဘူး ။ နောက်တစ်ခု Window 7  System
Requirement က အနဲ့ ဆုံး RAM 2GB လို့  သတ်မှတ်ထွက်၇ှိလာတာမို့  ရုံးပိုင်းဆိုင်ရာ
ဌာနတွေ အားလုံးမှာ သုံးလို့ အဆင်မပြေသေးဘူး ထည့်လို့ မရဘူး ခုချိန်ထိ ရုံးအဟောင်းတွေမှာ
XP ကို လက်လွှတ်လို့ မရသေးတာ System Requirement ကြောင့်ပေါ့ Window 8 ကတော့
နဲနဲ ပဲသုံးဖူးတယ် ကောင်းမကောင်း မပြောတတ်ဘူး ရုံးမှာကလည်း ကွန်ပျုတာအဟောင်းတွေ များတော့
Xp က ဇာတ်လိုက်ပါပဲ ။ အားသာချက် အားနည်းချက်လေးတွေကိုယ်စီမို့ 2ခုလုံးကို သဘောကျပါတယ် ။

မေး = လက်ရှိနည်းပညာတွေနဲ့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုအပေါ် လူငယ်တစ်ယောက်အနေနဲ့ မောင်လေးအမြင်လေး
 ဖြေ = နည်းပညာကို အခုနောက်ပိုင်း လူငယ်တွေ စိတ်ဝင်စားလာပါတယ် ခေတ်က အရင်ထက်လည်း ပွင့်လင်းမြင်သာမှု ရှိလာတယ်
တိုးတက်လာတယ် ပြောလို့ ရတယ် ဟိုးအရင် 2006 ကို ပြန်ကြည့်ရင် လေ့လာစရာနည်းပညာဆိုဒ် နဲပါးတယ် ဘလော့တွေလည်း ပြည်တွင်းက
အရမ်းကြီး မလုပ်ကြဘူး အစိုးရကလည်း Blogspot ကို Ban ထားသလိုဖြစ်နေတော့ ဘာဖွင့်ဖွင့် Access Denied ဖြစ်နေတာ
အဲ့တုံးက ခေတ်စားတာ Planet တို့  အရိုင်းပန်း ခေတ်လူငယ်နဲ့  Myanmar Elibrary တို့  လောက်
ထင်ပေါ်တယ် အခုခတ်မှာဆိုတာထက် 2010 အစိုးရလက်ထက်မှ အသုံးပြုမှု ပိုမိုလာကြတယ် ။
ကျနော်တို့  17 -18 အရွယ်က အွန်လိုင်း မသုံးတတ်သေးဘူး အခု လူငယ်လေးတွေ လိုင်းသုံးတတ်
ကြည့်တတ် ချက်တင်လုပ်တတ်နေတော့ အခုလူငယ်တွေက ဟိုးအရင်လူငယ်တွေထက် တော်ကြ
တတ်ကြ သိကြတယ်လို ယူဆမိပါတယ် ။ ဟိုးအရင် 2006  Facebook ခေတ်မစားခင် လူသုံးမများခင်က
Myspace , fRIENDSTER,ZOPIA, တို့ မှာပဲ မြန်ဂလိ သုံးချက်တင်လုပ်လာတဲ့ ကျနော်တို့ ခတ်နဲ့ ယခု
လူငယ်လေးတွေ ခတ်က ပိုတိုးတက်တယ် ခေတ်မီလာတယ် လွယ်ကူလာတယ် အသိပညာတတ်တွေ
ပေါလာတယ်လို့  ထင်မိပါတယ် ။အထူးသဖြင့် 2010 နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲမှု
မြင့်တက်လာပြီး ယခု 2013 ဆို ဖုန်းတွေကနေ အလွယ်သုံးနိုင်လာတာမို့ ဘလော့ဝက်ဆိုဒ်တွေရဲ့
နေ့ စဉ်ဝင်ရောက်မှုမှာ မြန်မာက နံပတ်တစ် အများဆုံး ဖြစ်လာပါတယ်။ အဲ့တာကိုကြည့်ရင် လူငယ်တွေ
နည်းပညာဘက် လိုက်စားလာတယ် ခေတ်မီလာတယ်လို့  ကျနော်ထင်တယ်။ ကိုယ်လည်း လူငယ်ဆိုပေမယ့်
25 ကျော်လာတော့ ခပ်တည်တည်နဲ့ လူကြီး လုပ်နေတာပေါ့ ။

မေး =  နည်းပညာတွေကို ဖြန့်ဝေပေးနေတဲ့  မောင်လေး မှာရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေ ရှိခဲမယ်ဆို သိပါရစေ။
ဒီအခက်ခဲတွေကို ဘယ်လို စိတ်မျိုးတွေနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့တယ်ဆိုတာလေးပါ ပြောပြပါနော် ။
ဖြေ = နည်းပညာ အတွက် အခက်ခဲရယ်လို့  ရှိတာကတော့ အဆဲ့ခံရတာ ဘုကလန့် ပြောခံရတာတွေတော့
၇ှိတယ် အဲ့တာအဆိုးဆုံးပါပဲ ခုလည်း ရှိသေးတာပဲ ကိုယ်လည်း မလုပ်ဘူး သူများလုပ်တော့လည်း
အပြစ်မြင်တာ ။အဲ့လိုဟာတွေက  စိတ်အနှောက်ယှက်ဖြစ်ရပီး တခါတလေ စာရေးတင်ချင်စိတ် ပျောက်ပျောက်သွားတယ် ။ သင်တာကတော့ နီးစပ်ရာ သူငယ်ချင်းတွေ အလုပ်တူ အခန်းတူတွေသင်ပေးရင်းဆိုတော့ ပညာတွေ အတိုအထွာလေးတွေ ရေးစရာကုန်ကြမ်းပေါတယ် အလုပ်မှာကလည်း
မန်နေဂျာနဲ့ ဟိုဌာနပြင် ဒီဌာနပြင် အနီးကပ်ပညာရတော့ နည်းပညာပိုင်း ဆော့ဝဲပိုင်းလေးတွေ
ပေါတယ်လို့ ဆိုရမယ် ။ အကြီးမားဆုံးအခက်ခဲကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ 
အေးအေးဆေးဆေးမလေ့လာနိုင် မသင်ယူနိုင်တာပါပဲ။ ဒါပေမယ့် 21 ရာစုမှာ အားလုံး Self-Study ဆိုတဲ့စနစ်ကိုနိုင်ငံတကာမှာရော မြန်မာပါမကျန် မဖြစ်မနေ
အသုံးများလာပါတယ် အလုပ်လုပ်ရင်း ကျောင်းတက် ပိုက်ဆံရှာရင်း ပညာရှာ စာအုပ်ဖတ်ပီး
ကိုယ်တိုင်လေ့လာ ကြရတာပါ ။ အခုနောက်ပိုင်း လူတိုင်း ဒီစနစ်ပေါ်မှာပဲ သွားနေကြတယ်လို့ 
ထင်ပါတယ် အဲ့ကြောင့် သက္ကဇ်တွေ အသက်တွေသာ ကြီးလာတာ လွတ်လပ်မှုနဲ့ အချိန်ပိုဆိုတာ
မရှိသလောက် နဲပါးလာပြီလို့  စာသံပေသံလေးနဲ့ ပြောချင်ပါတယ် ။ ဖြစ်နိုင်ရင် ကဗျာတွေ ဆောင်းပါးတွေ ရေးချင်တဲ့ ၀ါသနာ၇ှိတယ် ။ လောလောဆယ် ကျနော့်အတွက်ကတော့ အချိန်မရတာက အကြီးမားဆုံး အခက်ခဲတစ်ခုပါပဲ..။

မေး = ဘလော့တစ်ခု စတင်လိုက်ပြီ ဆိုတော့ ဆော့ဝဲလ်များနဲ့ နည်းပညာ လိုင်းကို ဘယ်လို ရွေးချယ်ဖြစ်သွားလဲမောင်လေး

 ဖြေ = အခုမေးခွန်းကတော့ အထက်မှာဖြေခဲ့သလို နည်းပညာက ၀ါသနာပါတယ် အလုပ်မှာလည်း
ဆက်စပ်နေတယ် မတတ်သူတွေကြားထဲမှာ ဗဟုသုတ ပိုသိတယ့်သူက ဆရာပဲလေ
ဘူသီးဖတ်တွေများတဲ့ ရုံးခန်းထဲမှာ  မောင်(စွယ်စုံကျမ်း)က မူးကြီးမတ်လုပ်ရနေတာဆိုတော့
သင်ပေးရင်း အလုပ်လုပ်ရင်းနဲ့  နည်းပညာအသားပေးရေးဖြစ်နေတာပါ အလုပ်ကြောင့်လည်း
ပါမယ်လိုထင်တယ် ။ ဥပမာ စက်မောင်း ကားမောင်းလုပ်ရရင် ကျနော် နည်းပညာပိုင်း
ရေးဖြစ်မယ်မထင်ဘူး ။ အဲ့တော့ အလုပ်နဲ့ ဆက်စပ်နေလို့ သာ ဒီဘက်အပိုင်းကိုရွေးလိုက်တာပါ
ကံကောင်းတာတစ်ခုကတော့ ၀ါသနာပါတာနဲ့  လုပ်နေရတဲ့အလုပ်ဟာ ထပ်တူကျနေခြင်းပါပဲ  J …။

မေး = နည်းပညာပိုင်း ၊ ကွန်ပျူတာပိုင်း နဲ့ ဆောဝဲလ်ပိုင်း နည်းပညာပိုင်းကို ဘယ်လိုလေ့လာ သင်ယူခဲ့တာလဲ ဆိုတာ ဗဟုသုတ ရအောင် ဖြေပေးပါဦး  မောင်လေး။

ဖြေ = ဒီမေးခွန်းကလည်း အပေါ်မှာ ဖြေခဲ့သလိုပဲပေါ့နော..။ အလုပ်နဲ့ ဆက်စပ်နေတော့ လေ့လာသင်ယူရင်း
ရေးစရာပညာပေါတယ် ။ အလုပ်မှာ လစာသာ အများကြီးမရ တာ ကိုယ့်ထက်ပို တဲ့ နောက်ဝင်တဲ့
လူတွေနဲ့  ကိုယ့်ထက်ရာထူးကြီးတာတွေတောင် အရင်ရောက်နေတဲ့ကိုယ်က Work Instruction
တွေ  SOP ( Standard Operation Procedure ) တွေ ဆွဲပြ သင်ပြ လုပ်ပြပေးရတယ်
အရင်လူဆိုတော့ နောက်ဝင်လာတဲ့ လူသစ် စူပါဗိုက်ဆာဖြစ်နေလည်း လူဟောင်းကတော့
ရှင်းပြ လုပ်ပြရတာပဲ တကယ်မတော်တဲ့ လူပဲလာလို့ လား သူတို့ ပဲမလေ့လာတာလားတော့မသိ
အင်တာနက်ပိုင်းဆိုင်ရာ ပြဿနာတွေ စာရင်းဇယားပိုင်းဆိုင်ရာတွေ သိပ်မသိကြဘူး
မန်နေဂျာကတော့ တော်ပါတယ် သူတော်လို့ လည်း ပညာရတာ တစ်ခုခုဆို သူ့ မေးရတာပေါ့

မေး = နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို မောင်လေးအနေနဲ့ ဘယ်လိုလေး အကြံပြုပေးချင်ပါသလဲ။
ဖြေ = နားမလည်ဘူးဆိုရင် စာများများ ဖတ် စိတ်ဝင်တစားလေ့လာရင် တတ်မယ်လို့ ထင်ပါတယ်
မသိတဲ့ပညာဆိုလည်း သိတဲ့သူတွေဆီမှာ အချိန်ရသလို မေးမြန်း ၇ှာဖွေသင့်တယ်
လူငယ်ဆိုတော့ ကိုယ်လည်း လူငယ်ပါပဲ ဆရာကြီးမဟုတ်တော့ ဆရာမလုပ်နိုင်ပါဘူး
မသိရင်စာဖတ်မယ် အလုပ်တဖက်နဲ့ ၇ုံးကန်နေရသူတွေမို့  အလုပ်အားတာနဲ့ မနားမနေ
လေ့လာမယ် အကောင်းဆုံး လေ့လာနည်းကတော့ စာများများဖတ် လိုအပ်တဲ့နည်းပညာ
ဆော့ဝဲကို ၇ှာဖွေမယ် အဓိကအရေးကြီးက ကိုယ်ဘာလိုချင်လဲ ခွဲခြားသိဖို့ လိုတယ်
သင်တော့သင်ပေးဖူးတယ် တချို့ လူတွေ ဘာသင်ချင်လည်း မေးတော့ မဖြေတတ်ဘူး
အကုန်တတ်ချင်တယ်ဆိုတာက သင်ရခက်ပါတယ် ကိုယ်လိုအပ်နေတာကစ ဖြစ်နေတဲ့
အခက်ခဲလေးကို ဖြေ၇ှင်းကြာလာရင် ပညာက စုပုံလာမယ် အတွေ့ အကြုံများလာမယ်
ဥပမာ Window တင်တတ်ချင်တာတို့  Flashsong လုပ်တတ်ချင်တာတို့  တစ်ခုခုကို
ခွဲခွဲ လေ့လာရင် အတတ်မြန်မယ်လို့ ထင်ပါတယ် ကောင်းမကောင်းတော့မသိဘူး
အဲ့တာ ကိုယ်လေ့လာနေတဲ့ ပုံစံပါပဲ…

မေး = ကွန်ပျူတာ အသုံးပြုတဲ့ လူငယ်တွေ ကွန်ပျူတာ အကြောင်းကို လေ့လာနေတဲ့ လူငယ်တွေကို ဘယ်လို လေ့လာ သင့်သလဲ ဆိုတာ ပြောပြပေးပါဦးမောင်လေး။
ဖြေ =  ဒီအဖြေကတော့ အပေါ်က ပြောသလိုပဲလေ အလုပ်အတွက် မဖြစ်မနေ တတ်ထား၇မယ့်ပညာဆို
သေသေချာချာလေ့လာသင့်တယ် သင်ယူသင့်တယ် ရက်တိုတိုနဲ့  အကုန်သိဖို့ တော့ မလွယ်ဘူးလေ
အဲ့တော့ ကိယ့်အတွက် ဘယ်ပညာက အရေးကြီးလည်း အလုပ်သမားဆိုလည်း ကိုယ်အလုပ်နဲ့ 
ဘယ်ပညာက အသုံးဝင်သလဲ တွက်ချက်ပီး လိုအပ်တာကို အရင်သင်ယူလေ့လာသင့်တယ်လို့ 
ထင်မိပါတယ် အလုပ်နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုလည်း ကွန်ပျုတာတွေ အင်တာနက်တွေက
ယနေ့ ခေတ်လူတွေ သိထားမှ လူတောတိုးလူရာဝင်မယ့် ပညာတွေမို့  လော့သင့်တယ်
သင်ယူသင့်တယ်လို့ ထင်ပါတယ် နောက်ပီး တကယ့်လုပ်စားမယ့် လေ့လာမယ် ပညာတစ်ခုခုဆို
သေချာ သင်တန်းဆရာ နည်းပြတွေဘာတွေနဲ့ သေချာသင်နိုင်ရင် ပိုကောင်းပါတယ် ဒါကတော့
ကလေးတွေ ကျောင်းသားတွေအတွက်ပြောတာပါ စာဖတ်ရုံ အလုပ်လုပ်ရင်းနဲ့ လေ့လာရုံက
တအားကြီးတော့ အဆင်မပြေတာတွေ၇ှိတာပေါ့ ပရိုဂမ်ဆွဲမယ့်သူတွေ ဆော့ဝဲရေးတဲ့သူတွေ
ဒါတွေကတော့ သေချာ အခြေခံပါပါနဲ့  ကျောင်းတွေ သင်တန်းတွေမှာ သင်ယူခဲ့သင့်တယ်ပေါ့
ဥပမာကတော့ ဆေးပညာလေ့လာတယ် ၀ါသနာပါလို့ လိုက်စားမယ်ဆိုလည်း ခေါ့င်းကိုက်
ဖျားတာ နာတာ လောက်ရတဲ့ ဆရာပေါ့ . ခွဲစိတ်ဆရာဝန်တွေ အထူးကုတွေကတော့
လေ့လာရုံနဲ့ ဘယ်ရမလဲ ဆေးတက္ကသိုလ်တက်မှ ဆရာဝန်ဖြစ်တာလို့ ဆိုလိုချင်တာပါ
ကွန်ပျုတာလည်း ဒီလိုပါပဲ ကျနော်တို့ အနေနဲ့ လည်း ဖျားတာ နာတာလောက် ရတာပါ
တကယ့်ဆရာ ကြီးတွေတော့ မဟုတ်ပါဘူး ဖြစ်လည်း မဖြစ်သေးပါဘူး အဲ့တော့
လိုအပ်တာဘာလဲ ကြည့်ပီး အရေးကြီးတာ တတ်သင့်တာတွေ အရင်သင်ယူသင့်တယ်လို့ 
ထင်ပါတယ်…

မေး = နည်းပညာ ဘလော့ဂါ တစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ မျှဝေပေးပါအုံး ။
ဖြေ = နည်းပညာကိုဝါသနာပါရမယ် ဘလော့ရေးတာကို စိတ်ဝင်စားရမယ် သိစေချင် တတ်စေချင်
စေတနာလည်းရှိသင့်တယ်ပေါ့နော် နည်းပညာဘလော့ကို အထူးပြုပြောတာနော် သူများကို
စာထဲကနေ ပုံနဲ့ သေချာ၇ှင်းပြနေသူတွေဟာ တကယ်ဝါသနာပါတဲ့ သူတွေပါပဲ ဘယ်သူမှ
ဇွတ်ခိုင်းတာမဟုတ်ပဲ သူတိုသိတာတွေကို စေတနာပါပါမျှဝေနေတာမို့  သူတို့ စိတ်ထဲမှာ
ဘလော့ရေးခြင်းကို တကယ်နှစ်သက် ၀ါသနာပါတဲ့သူတွေလို့ ထင်ပါတယ် ပီးတော့ အဲ့လိုလူ
ဝါသနာပါသူတွေ လေ့လာပြီး နည်းပညာဘေလာ့ရေးသူတွေက အချိန်ပိုဆိုတာ မရှိကြဘူး
အားတာနဲ့ ဒီဘလော့အတွက် စာပုံမှန်ရေးဖို့ ပဲ လုံးပန်းနေတော့ တကယ်လုပ်ရင် တကယ်
စိတ်ပင်ပန်းပါတယ် ဒါပေမယ့် ၀ါသနာပါတာလုပ်နေတာမို့ မောတယ်လို့ တော့မရှိပါဘူး
ဘယ်သူမှ ဓားနဲ့ ထောက်ရေးခိုင်းတာမဟုတ် ကိယ့်ဝါသနာနဲ့ ကိုယ် စိတ်ပါရာလုပ်နေကြ
ရေးနေကြတာဆိုတော့ နည်းပညာဘလော့ဂါဖြစ်ချင်ရင် လုပ်ချင်တဲ့စိတ်တကယ်ရှိရင်
ရေချင်တယ့်ဝါသနာတကယ်ပါရင် ဖြစ်ပါတယ် လေ့လာလိုက်စားမှု တင်ပြမှု ပေါ်မူတည်ပီး
လူကြိုက်များ လူကြည့်များတယ် ဘလော့ဂါကြီးတွေ ဖြစ်လာကြမှာပါ..


မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိတတ်ကြတယ်နော် ။ မောင်လေးကော စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ဘယ်လို ဖြေရှင်းတတ်တယ်ဆိုတာလေးကို ပြောပြပါအုံးနော် ။
ဖြေ = ဘလော့ရေတဲ့သူတိုင်း အနည်းအများကြုံရတာကတော့ စိတ်ညစ်စရာကြုံရတာက
အဆဲခံရတာပါပဲ ဖြေရှင်းတဲ့နည်းကတော့ ပြန်ဆဲတယ်.. အရင်ကပေါ့နော် ဆဲရင်
ပြန်ဆဲနေတာများတယ် ပြီးရင် ဘလော့ပစ်တယ် ခုတော့ လူကြီးဖြစ်လာတော့
မလုပ်တော့ပါဘူး ဆဲလည်း ဆဲတယ်ပဲ မှတ်တာပေါ့ မောရင်နား သွာလိမ့်မယ်ဆိုပြီး
ထားလိုက်တာ ကွန်မန့် ဆိုလည်း ရေးတာရိုင်ရင်း စော်ကား၇င်နောက်တစ်ခါ မရေးအောင်
ဘလော့ထားလိုက်တယ် အဲ့လိုတော့ ကြုံရတာပေါ့  လူအတော်များများ ကြုံရပါတယ်
အားလုံးနဲ့  သဘာဝကျဖို့ ဆိုတာ မလွယ်ပါဘူး အတိုက်ခံ မကြည်တဲ့သူကတော့
၇ှိနေမှာပါပဲ ချစ်တာ မုန်းတာ သူတို့ ဘက်ကအပိုင်းပေါနော် ဘလော့ရေးတာကလည်း
အခမဲ့လေ ကြိုက်တော့လည်း ယူသုံးပေါ့ မကြိုက်တော့လည်း အပြစ်ပြောလည်း ခံရတာပါပဲ
နောက်ဆုံး တရားနဲ့ ပဲဖြေတယ်ပေါ့ ဆဲရင် ဆဲတယ်ပဲ မှတ်နေလိုက်တာပါပဲ

မေး =  နေ့စဉ် မောင်လေးရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေလဲ။
ဖြေ = နေ့ စဉ်လာသူကတော့ ၀က်ဆိုဒ်တစ်ခုမှာ လူစိတ်ဝင်စားအောင် အသုံးတည့်အောင်ရေးရင်လာပါတယ်
ကျနော်လည်း တကယ်အားလို့ ရေးတင်ရင် အများဆုံး 8900 ကျော်အထိ Daily Visitor ရဖူးတယ်
ကောင်တာ တွက်တဲ့အတိုင်းပေါ့နော် ပုံမှန်ဆိုတော့ 2ထောင်နဲ့ 4ထောင်ကြားပဲ ရှိပါတယ်
လူကြိုက်များတာနဲ့ တိုးရင် လူပိုလာတာပေါ့


မေး =  မောင်လေးရဲ့ ဆိုဒ်လေးကို ၀င်ရောက်လေ့လာသူတွေ များနေပြီနော် ။ ခုချိန်မှာ မောင်(စွယ်စုံကျမ်း) ရဲ့အောင်မြင်မှုအပေါ် မောင်လေးခံစားရတဲပ ခံစားချက်လေးကို စပ်စုချင်ပါတယ် ။
ဖြေ =ဘလော့ဂါ တစ်ယောက်အနေနဲ့ ပြောရင် ကိုယ်ဝက်ဆိုဒ် လူလာတာပျော်တာပေါ့ လူတိုင်းလည်း
အတူတူလို့ ထင်ပါတယ် ဘလော့ဂါ ဘ၀တူတွေပေါ့နော် မန်ဘာများတာ လာလည်သူများတာကို
ပျော်ကြပါတယ် လိုလည်း လိုချင်ကြပါတယ် စာတွေတော့ ရေးတင်ထားပြီး လူလည်မသိ ဘယ်သူ
မှလည်း သိပ်မဖတ်ကြဘူးဆို ရေးတဲ့သူက ၀ါသနာပါလည်း စိတ်တော့ ပျက်တာပါပဲ ရေးချင်စိတ်
ကုန်တာပေါ့ အဲ့လိုလည်း ၇ှိပါတယ် လူသုံးတည့်လို့  လူများများလာရင် ကျနော်ကတော့
ပျော်ပါတယ် လာလည်တဲ့သူတွေတောင် ကျေးဇူးထိုင်တင်နေသေးတယ် အိပ်ခါနီးအထိ
ဘလော့မှာ လူဘယ်လောက်လာလည်း ဖုန်းထဲကနေ ကြည့်တယ် လူလားများရင်
ပျော်တယ် ကိုယ်တင်တဲ့ဆော့ဝဲ ကိုယ်ရေးတဲ့စာ လူများများ ဖတ်နေတော့ ပီတိဖြစ်တာပေါ့ဗျာ

မေး = မောင်လေး ဘ၀ရဲ့ခံယူချက်မှတ်တိုင်လေးက...........
ဖြေ = ဒီအပိုင်းကတော့ ရေးရင်ေ၇းသလောက် ၇ှည်တာပေါ့ ဖြစ်သင့်တာတွေ မဖြစ်မနေ လုပ်ရင်းနဲ့ 
ဖြစ်ချင်တာတွေကို ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်နေပါတယ် ခံယူချက်မှတ်တိုင်ကတော့
ကိုယ်ဝါသနာပါနေတာနဲ့  တကယ်လုပ်မယ့် စီးပွားရေး တူရမယ်လို့  သတ်မှတ်ထားပါတယ်
လောလောဆယ်ဆို ကျနော်ဝါသနာပါတဲ့ နည်းပညာနဲ့  လုပ်နေရတဲ့ အလုပ်က
တစ်ထပ်ထဲ ဆက်စပ်နေတဲ့ ပုံစံမျိုးပေါ့

မေး =  မောင်(စွယ်စုံကျမ်း)  ဘလော့လေးကို လေ့လာနေသူ စာဖတ်ပရိတ်အားလုံးအတွက် မောင်လေး ဘာများပြောချင်လဲ
 ဖြေ =လေ့လာနေတဲ့စာဖတ်ပရိတ်သတ်ကို ကျေးဇူးပါလို့  ပြောချင်ပါတယ် ။ ဘယ်လောက်ချောချော
သရုပ်ဆောင်ကောင်းကောင်း ပရိတ်သတ်မရှိရင် လုပ်စားမရဘူးလေ ။ အဲ့လိုပါပဲ ဘယ်လောက်
တော်တော် ဘယ်လောက်တတ်တတ် လာလည်တဲ့ ပရိတ်သတ်က မကြည်ဘူး မလည်ဘူးဆို
ကျနော်လည်း ဘယ်ပျော်မှာလည်း အဲ့တော့ စာဖတ်ပရိတ်သတ်နဲ့  စာရေးသူဟာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ ။သူတို့ အားပေးလို့  ရပ်တည်နိုင်တယ် ကျနော်တို့ ရေးလို့ 
သူတို့ ပညာရတယ် အပြန်အလှန်အကျိုးပြုနေတာမို့  စာဖတ်ပ၇ိတ်သတ်ကိုတော့ ကျေးဇူးပါလို့ 
ပြောချင်တာပါပဲ

မေး = ဟုတ်ကဲ့ .... အမမေးတာတွေကို  မအားတဲ့ကြားက အချိန်ပေးပြီးဖြေရှားပေးခဲ့တဲ့ မောင်လေး  မောင်(စွယ်စုံကျမ်း) ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် ။
 ဖြေ =ဟုတ် ..အခုလိုမေးတာတွေကလည်း ကျေးဇူးတင်မယ်ဆိုတင်စရာပေါ့ မီဒီယာပိုင်းက
အခုလို အင်တာဗျူးပေးတော့ လူပိုသိတယ် ။ လူပိုလာတယ်ဆို အား၇ှိတာပေါနော်။
အဲ့တော့ အင်တာဗျူး ပေးတဲ့ ရွှေမြန်မာဥယျာဉ် ဆိုဒ်ကိုရော မခိုင်လေး ကိုရော
ပြန်လည် ကျေးဇူးတင်ရှိပါတယ်ဗျာ။

ဒီလောက်ဆို ရွှေမြန်မာဥယျာသ်မိသားစုဝင်အားလုံး သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေလောက်ပါပြီ။
နည်းပညာ လေ့လာနေတဲ့ သူတွေ အားလုံးအတွက် ဘလော့ကာ မောင်(စွယ်စုံကျမ်း) http://www.zwmnna.com မှာ အသေးစိပ် ဆော့ဝဲလ်များ နည်းပညာများကို ကိုယ်တိုင် သွားရောက် လေ့လာနိုင်ပါတယ် ဆိုတာအသိပေး ပြောကြားရင်း ဒီအင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ရှင် ။