စိတ်တွေကို အကျဉ်းချထားကြလေသလား
ရှိသမျှအထီးကျန်ခြင်းတွေအားလုံး
ကျွန်မတစ်ယောက်တည်းဆီ ဦးတည် ရောက်ရှိနေသလားလို့ ထင်ယောင်ထင်မှား ဖြစ်နေမိတယ် ။ ဘုရား
ဘုရား မဟုတ်ပါစေနဲ့ ။ ပြီးပြည့်စုံသူတစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ
လူတွေမသိ နိုင်တဲ့ ခံစားနာကျင်ခြင်းတွေ ရှိနေခဲ့တယ်ဆို ဘာပြောကြမလဲဟင် ။ ဟုတ်တယ် ။
အလိုမကျခြင်းတွေက ကျွန်မစိတ်ကို အမြဲစိုးမိုးနေခဲ့တယ် ။ လူတစ်ယောက်ဟာ တစ်နေ့ကို ထမင်းနှစ်နပ်စားရဖို့
ကြိုးစားရှာဖွေကြတယ် ။ အဲဒီထမင်းနှစ်နပ်ကို စားရပြန်တော့လည်း စိတ်ချမ်းမြေ့ ၊ ကျေနပ်စွာ
စားနိုင်ကြရဲ့လားလို့ တွေးတတ်တဲ့အချိန်ကစပြီး အလိုမကျခြင်းများစွာဟာ ကျွန်မဘထဲကို တစစ
တိုးဝင်လာခဲ့ပါတော့တယ် ။
မိုးလင်းတာနဲ့
အိပ်ယာကထ ။ ကျောင်းသွားဖို့ပြင်ဆင်ရတယ် ။ ပြီးရင် ကျောင်းသွား ။ ကျောင်းကပြန်ရင် စာကျက်
။ ညရောက်ပြန်တော့ အိပ် ။ ဒီအချိန်ဇယားတွေအောက်မှာ ကျွန်မစိတ်တွေ အကျဉ်းကျနေခဲ့တာ ကြာခဲ့ပေါ့
။ ဘယ်သူတွေကများ ကျွန်မစိတ်ကို နားလည်အောင် ကြိုးစားပေးခဲ့ဘူးလဲ ။ အပြင်ပန်း ကြည့်ုရင် အပြစ်ဆိုဖွယ်မရှိအောင် ပြည့်စုံနေသူ မိန်းကလေးတစ်ဦးမှာ လူတွေ မသိနိုင်တဲ့
ခံစား နာကျင်ခြင်းတွေ အများကြီး ပြည့်နှက်နေသူဆိုတာ ဘယ်သူမှ မသိကြပါဘူး ။
အိပ်ယာက
နိုးပြီဆိုတာနဲ့ ကျောင်းသွားဖို့ ပြင်ဆင်ရတယ် ။ အိမ်ထိန်း အန်တီကြီးပြင်ဆင်ပေးတဲ့
မနက်စာကိုစား ။ အဆင်သင့် ထည်ပေးထားလိုက်တဲ့
ထမင်းဘူးကိုယူ ။ အဆင်သင့်စောင့်နေတဲ့ ဒရိုင်ဘာ ဘဘကြီး မောင်းပို့တဲ့ကားလေးကိုစီး ။
ကျောင်းဆိုသော နေရာကို သွား ။ ကျောင်းရောက်ပြန်တော့ စာသင် ။ ဒီလိုအဆင်သင့်ဆိုတာတွေ
ဖန်တီးပေးထားတတ်ပေမဲ့ ကျွန်မစိတ်တွေက တက်ကြွလန်းဆန်းဖို့
ဘယ်တုန်းကမှ အဆင်သင့်ဖြစ်အနေခဲ့ဘူး ။ ဖေဖေကိုယ်တိုင် ကျောင်းလိုက်ပို့တာ မကြုံခဲ့ဘူးဘူး
။ မေမေကိုယ်တိုင် ခွံ့ကျွေးတဲ့ထမင်းကို မစားခဲ့ရဘူး ။
မကျေနပ်မှု့ခြင်းတွေ ပြည့်နှက်နေတဲ့ ကျွန်မစိတ်တွေကို
စာကျက်ခြင်းဆိုတဲ့ အရာနဲ့ ထွက်ပေါက်ပေးထားခဲ့တယ် ။အဲဒီအတွက် ရလာဒ်က ကျွန်မစာတော်တဲ့
ကျောင်းသူတစ်ဦး ဖြစ်လာခဲ့တယ် ။ တခါခါ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖြစ်တယ် ။ လူရယ်လို့ဖြစ်လာရခြင်းဟာ
ဘာအတွက်များလည်းလို့ ။ စိတ်ထဲရှိသည့်အတိုင်း ဖြစ်ခွင့်မရခြင်းဟာ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးတွေ
များလား ။ နေ့စဉ် ရှင်သန်နေရသည့် နေ့ရက်တွေထဲ ကျွန်မအတွက် အဓိက လူသားနှစ်ဦး ဘယ်ဆီကိုများရောက်နေခဲ့လဲ။
လူရယ်လို့ ဖြစ်တည်စေဖို့ အဖေ အမေ ဆိုတဲ့လူသားနှစ်ဦး လူတိုင်းမှာ ရှိကြမှာပါ ။ ကျွန်မမှာလည်း ထိုလူသားနှစ်ဦး ရှိတာပေါ့ ။ ထိုလူသားနှစ်ဦး မရှိဘဲ လောကကြီးထဲကို ဘယ်လိုမှ ရောက်လာနိုင်စရာ အကြောင်း မရှိဘူးလေ ။ ကျွန်မ အဆင်သင့်စားဖို့ ၊ အေးချမ်းစွာ ပညာသင်ကြားဖို့အတွက် လိုအပ်ချက်မရှိအောင် ဖြည့်ဆီးပေးခဲ့ကြတာလည်း ထိုသူနှစ်ဦးပါပဲ ။ ဒါပေမယ့် ကျွန်မ အလိုချင်ဆုံး ၊ အတောင်းတဆုံးဖြစ်သည့် ထိုသူနှစ်ဦးတွေရဲ့ ဂရုစိုက် ကြင်နာခြင်းတွေကိုတော့ ပေးဖို့မေ့နေကြတယ် ။ ကျွန်မအတွက် ပေးစရာ အချိန်မရှိအောင် နှစ်ဦးစလုံး အချိန်ဆင်းရဲကြတယ်လေ ။
သူတို့ရဲ့ ပိုလျှံချိန်တွေကို ၀ါသနာပါရာ လောင်းကစားမှာဘဲ အချိန်ကုန်စေခဲ့ကြတယ် ။ ကျွန်မ အတွက်ပေးရမယ့် အချိန်တွေအားလုံးကို လောင်းကစားဆိုသည့် အရာကြီးက ခိုးယူသွားခဲ့တယ် ။ လောကမှာ ရှိကြတဲ့ သားသမီးတိုင်း ပိုင်ဆိုင်ခွင့်ရထားတဲ့ မိဘရဲ့ ဂရုစိုက် ကြင်နာခြင်းဆိုတာတွေကို ကျွန်မကြမှ ဘာလို့ ပိုင်ဆိုင်ခွင့် မရခဲ့ရတာလဲ ။ မိဘတွေရဲ့ မေတ္တာကို ဘာကြောင့်များ အပြည့်ဝ ပိုင်ဆိုင်ခွင့်မရခဲ့တာလည်း ။ တစ်ခြားကလေးများနည်းတူ မေမေခွံ့ကျွေးသော ထမင်းကိုစားချင်တယ် ။ ကျောင်းအပြန်ခရီးမှာ ဖေဖေ နဲ့ ရယ်စရာတွေ ပြောချင်တယ် ။ ဖေဖေကိုယ်တိုင် လာကြိုတာကို လိုချင်တယ် ။ ဒါတွေဟာ ကျွန်မကျောင်းနေစအရွယ်ကတည်းက လိုချင်ခဲ့တဲ့ တမ်းတခြင်းတွေပါ ။ ဒါပေမဲ့ ထိုအရာတွေ ကျွန်မဆီကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး ။ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတဲ့အခါ အရွယ်နဲ့ မလိုက်အောင် ခံစားနာကျင်ခဲ့ရတယ် ။ဒီလိုအချိန်တိုင်း ကျွန်မ အရူးမူး မျှော်လင့်မိတာက ဖေဖေ မေမေတို့ရဲ့ ဂရုစိုက်ကြင်နာခြင်းတွေပါပဲ ။ ဒါပေမယ့် ခုချိန်ထိ ထိုအရာတွေဟာ ကျွန်မနဲ့ လာလားမျှ မသက်ဆိုင်သလို ရှိနေဆဲပါ ။
ဒီလိုဘ၀ထဲ နေသားတကျရှိနေရင်း ဘ၀တစ်ဆစ်ချိုးပြောင်းလဲပေးမယ့် ဆယ်တန်းကိုပင် ရောက်ခဲ့လေပြီ ။ ဆယ်တန်းဆိုတာ ကျောင်းသား ၊ ကျောင်းသူတိုင်းအတွက်လည်း မျှော်လင့်ချက် ၊ ဘ၀ခရီးကို အဆုံးဖြတ်ပေးမယ့် အတန်းဆိုတာ လူတိုင်း အသိပါ ။ မသိသူတွေက ကျွန်မ ဖေဖေ နဲ့ မေမေ ။ ကျွန်မဘ၀မှာ ထွေထွေထူးထူး ဘာမှ လုပ်စရာ မရှိတာမို့ အချိန်ပြည့် စာကျက်ခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့တယ် ။ စိတ်ဆင်းရဲ ရမယ့် အကြောင်းအရာတွေ ခေါင်းထဲ ရောက်လာခဲ့လျှင်လည်း စာထကျက်ပြစ်တယ် ။ ဖြစ်ချင်တာတွေ မဖြစ်ရကောင်းလားလို့ ပူဆွေးနေမယ့် အချိန်မှာလည်း စာကျက်လိုက်တာပဲ ။ ဒီလိုမေ့ဖို့ကြိုးစားနေမိပေမဲ့ စိတ်ဒဏ်ရာတွေကတော့ ကင်ဆာအမြစ်ပွားသလို တဖြေးဖြေး တိုးပွားနေခဲ့ပါတယ် ။ ကျွန်မ စိတ်တွေ ချို့ယွင်းပျက်ဆီးနေကြပြီ ။ တခါခါတော့လည်း တွေးမိပြန်တယ်။ ကျွန်မစိတ်တွေကို သူတို့နှစ်ဦး အကျဉ်းချထားကြလေသလားလို့ ။
ကျွန်မမိဘတွေ ဘာတွေလုပ်နေကြလဲ ။ သူတို့ မအားကြဘူး ။ဟုတ်တယ် ။ လုံးဝ မအားကြပါဘူး ။ ဖေဖေ နဲ့ မေမေ စီးပွားရှာတယ် ။ ဒီထက်အချိန်ပိုလာရင် ဖဲရိုက်တယ် ။ ကျွန်မအတွက် ပေးရမည့် အချိန်ပိုတွေအားလုံးကို ဖဲရိုက်ခြင်း၌သာ အချိန်ကုန်ပစ်ကြတယ် ။ ဖဲရိုက်ခြင်းလောင်းကစားကို ဖေဖေ နဲ့ မေမေ သိပ်ကိုခုံမင်နှစ်သက်ကြသူတွေပေါ့ ။ ကျွန်မ အတ္တကြီးစွာ တောင်းဆိုနေခြင်းမျိုး မဟုတ်ရပါဘူး ။ မိဘရယ်လို့ ဖြစ်လာပြီဆို သားသမီးအတွက် အချိန်ဆိုတာ ပေးကိုပေးနိုင်ရမှာပေါ့ ။ ခုတော့ ဒီလိုမဟုတ်ဘူး ။ ဖေဖေ လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ ဘာပြောချင်လည်းဆိုတာကို မမေး ။ သမီးပိုက်ဆံလိုနေလား ရော့ဆိုတာမျိုးဖြစ် စကားပိတ်လုပ်ပြစ်ခဲ့တတ်တဲ့ အကြိမ်အရေတွက်က မနည်း ။ မေမေ ခေါ်လိုက်သည်နှင့် သမီး ဘာလုပ်ချင်လို့လည်း ဒေါ်ကြီးကို ခိုင်းလေဆိုသည်က တစ်ဖုံ ။
ကျွန်မစာကြိုးစားခြင်းအတွက် ရရှိလာတဲ့ ထူးချွန်မှု့တွေကို ဂုဏ်ပြူပေးတဲ့ ပညာရည်ချွန်ဆုပေးပွဲအခမ်းနားတွေမှာ အဖေ အမေဆိုသည့် လူသားနှစ်ဦး ပါဝင်ဆင်နွဲခဲ့ခြင်း မရှိ ။ ပြန်တွေးတိုင်း အခါခါ ရင်နာနေရသူက အဖြစ်ကနေ တဆင့်တက်ကာ လောကကြီးကို အကောင်းမမြင်ချင်တော့ဘူး ။ နာကြင်ခြင်းတွေက နာကျည်းခြင်း အဖြစ်သို့ ပြောင်းလဲပေးစေခဲ့ပါပြီ ။ နာကျည်းခြင်းတွေက တစ်ဆင့်တိုးလို့ အကုသိုလ်ငရဲတွေကိုပါ ထပ်ဆင့်ပေးနေကြလေ၏ ။ မိဘ ဆိုတာ နာကျည်းဖို့မှ မဟုတ်တာပဲ ။ မိဘကို ချစ်ခင်မြတ်နိုး အားကိုးယုံကြည်ရမည်ဆိုတာကို အသိစိတ်က သိနေပေမယ့် မသိစိတ်က လက်မခံနိုင်ဘူးဖြစ်နေပြန်တယ် ။
အချိန်တိုင်းနီးပါး အိမ်မှာရှိနေတတ်တဲ့ ဖဲဝိုင်းတွေကိုလည်း မုန်းတယ် ။ ဖဲချပ်တွေကို လှပစွာကစားနေတတ်သည့် မေမေလက်တွေကိုလည်း မုန်းပါ၏ ။ ဖဲနိုင်လို့အောင်ပွဲခံအော်ရယ်နေတတ်တဲ့ ဖေဖေရယ်သံတွေကိုလည်း မကြားချင်သလို ရှုံးလို့အော်ဟစ်သောင်းကျန်းနေသည့် အသံတွေကိုလည်း မကြားလိုပါ ။ မုန်းတယ် ။ မုန်းတယ် ။ မုန်းတယ် ။ အဲဒါတွေကို မြင်ရ ၊ ကြားရတိုင်း ကျွန်မရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရတယ် ။ အဲဒီဖဲချပ်တွေဟာ ကျွန်မအတွက်တော့ မကောင်းဆိုးဝါးတွေပါပဲ ။ ကျွန်မအတွက် အချိန်တွေကို ခိုးယူသွားသည့် ငတက်ပြားတွေပဲ ။ ကျွန်မမှာ အကုသိုလ်တွေ အရမ်း များပြားနေပြီ ။ အထီကျန်ခြင်းတွေ ၊ အကုသိုလ်တရားတွေကိုပဲ ဘာလို့လက်ဆောင်ပေးနေရတာလည်း အဖေနဲ့ အမေရယ် ။ အချိန်မပေးနိုင်ဘဲ ကျွန်မဆိုသည့် လူသားတစ်ဦးကို လောကကြီးထဲကို ဘာကြောင့်များ ခေါ်ဆောင်ခဲ့ရတာလဲ ။ ကျွန်မ နားမလည်တော့ဘူး ။ အဲဒီနားမလည်သည့် စိတ်တွေနဲ့ ကျွန်မစိတ်တွေ အရမ်းကို ရှပ်ထွေးနေပါပြီ ။ ရှုပ်ထွေးမှု့ရဲ့နောက်ကွယ်က ဖြစ်ပေါ်လာမယ့် အကျိုးရလာဒ်တွေက ရလာဒ်ကောင်းတော့ ဖြစ်လာမှာ မဟုတ်လောက်ဘူးနော် ။
ခံစားချက်တွေကို ဋီကာချဲ့နေစဉ် တစ်စုံတစ်ရာက သတိပေးလာ၏ ။ ဒီခံစားချက်တွေကို ခဏမေ့ပြီး ဆယ်တန်းစာမေးပွဲအတွက် ပြင်ဆင်သင့်ပြီ ။ နားထဲတွင် အသံတွေ ဆူညံနေတယ် ။ နားတွေကို ယောင်းရမ်းပိတ်လိုက်မိ၏ ။ အသံတွေ ရုတ်ချည်းပျောက်ကွယ်သွားကြလေ၏် ။ မည်သည့်အသံမှ မကြားရတော့ဟု စိတ်ထဲမှ ခံစားမိလိုက်တယ် ။ တခါတရံ ကြားညှပ်ဝင်ရောက်လာသည့် နာကျင်ခြင်းတွေကို ဇွတ်မေ့နေရတဲ့ ဒုက္ခသည် အင်မတန်ကြီးလေးလှ၏ ။ မခံစားချင်တော့ပါ ။ ထာဝရ မေ့ထားချင်၏ ။ ဒါပေမယ့် မေ့လို့မရဘူး ။ ကျွန်မရှိနေသည့် နေရာတိုင်းမှာ နာကျည်းရမည့် ပုံရိပ်လွှာတွေက ရှိနေခဲ့သည်ကို ။ အချိန်တိုင်း ကျောင်းတက်လို့ ရရင် ကျွန်မကျောင်းတက်နေချင်မိပါ၏ ။ အိမ်ဆိုသည်မှာ ကျွန်မ အတွက် ပျော်စရာ မကောင်းသောနေရာ တစ်ခုသာ ဖြစ်နေခဲ့၏ ။
မိုးလင်းမှာကို စိုးရွံ့နေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါကောလား ။ မနက်ဖြန်ဖြေဆိုရမည့် စာမေးပွဲ အတွက် ခံစားမှု့တွေကို ခေတ္တမေ့ခွင့်ပြုပါ ။စာမေးပွဲရက်တွေ အတွင်း အိမ်က ထမင်းချက်ဒေါ်ကြီးရဲ့ ဂရုစိုက်မှု့ ၊ ကားမောင်သည့် ဘကြီးရဲ့ အချိန်မှန် လိုက်ပို့ အားပေးမှု့တွေကို ခံယူရင်း ခက်ခဲပါတယ် ဆိုသည့် စာမေးပွဲကြီးကို ကျွန်မ တာဝန်ကျေကျေ ဖြေဆိုနိုင်ခဲ့ပါ၏ ။စားမေးပွဲဖြေပြီး ပြန်လာသည့် သမီးတစ်ယောက်ကို ၀တ်ကျေတန်းကျေ ဖြေနိုင်လားဆိုသည့် မေးခွန်းလေး မေးဖို့တောင် တခါခါ ဖေဖေတို့ မေမေတို့ မေ့လျော့နေတတ်ကြပြန်တယ် ။ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ ကို ကျော်ဖြတ်ခဲ့ပြီ ။ ကားမောင်းသည့် ဘကြီးကို မနက်ထဲက လာမကြိုဖို့ မှာထားခဲ့၏ ။ ကျောင်းဝန်းထဲက ထွက်နေသော ကျွန်မခြေလှမ်းတွေက အိမ်ကို ပြန်ဖို့ အတွက် အသက်မပါဘူး ဖြစ်နေတယ် ။ အသက်မပါသည့် ခြေလှမ်းတွေကို ဦးတည်ရာမဲ့ လျှောက်နေမိပြန်တယ် ။ အိမ်ကို မပြန်ချင်ဘူး ။ ဟုတ်ပြီ အိမ်မပြန်ချင်တော့ နင်ဘယ်ကို သွားနေတာတုန်း ။ စိတ်ကတွေးနေသော်လည်း ခြေလှမ်းတွေကတော့ ရပ်တန့်ခြင်း မရှိကြပါ ။ ခြေထောက်တွေက ဦးတည်ရာကို သိနေသည့်အလား ခပ်မှန်မှန်လေး လှမ်းလို့နေလေ၏ ။
*ခြေထောက်လေးတွေ မင်းတို့ ဘယ်ဆီကိုများ ဦးတည်နေကြသလည်းကွယ် ။ ငါကို ဖြေပါအုံး ။*
ခြေထောက်တွေက ပြန်ဖြေတယ် ။
*အချိန်တန်ရင် သိရမှာပေါ့*
မဟုတ်သေးပါဘူး ။ သိစိတ်တွေက ခြေထောက်တွေကို ထိန်းဖို့ ကြိုးစားနေမိပါတယ် ။သို့သော် မသိစိတ်က ဇွတ်အတင်းဆွဲခေါ်ဆောင်နေကြပြန်တယ် ။ သိစိတ်နဲ့ မသိစိတ် လွန်ဆွဲနေသည့်ကြား နာကျင်ခြင်းက မသိစိတ်ဘက်သို့ စစ်ကူပေးလိုက်ချိန်မှာတော့ ကျွန်မဦးတည်ရာက မသိစိတ်တစ်ခုရဲ့ ခေါ်ဆောင်ရာနောက်သို့ ထပ်ကြပ်မကွာလိုက်ပါသွားလေတော့၏် ။ သိစိတ်ရဲ့ နောက်ဆုံး နောက်ဆုံးအကြိမ် တားဆီးသံတွေ နား၏အကြားအာရုံထဲသို့ ၀င်ရောက်လာကြပြန်တယ် ။
*နင်ဘာတွေ လုပ်နေတာလည်း ။ ဘယ်တွေသွားနေတာလည်း ။ မှားနေပြီနော် ။ နင်ခြေထောက်တွေကို အချိန်မှီရပ်တန့်လိုက်ပါ ။*
မသိစိတ်ရဲ့ စွဲဆောင်မှု့ကအားကောင်းနေတာမို့ ကျွန်မသွားနေသည့် ဦးတည်ရာလမ်းကြောင်းကို ရပ်တန့်လို့ မရခဲ့ပါ ။
*မဟုတ်ဘူး နော် ။ မဖြစ်သင့်ဘူး ။ နောက်ဆုတ်လိုက်ပါ ။ နင်မသွားသင့်ဘူး ။ နင်ပြန်လာလိုက်ပါ*
သိစိတ်က ဘယ်လောက် အသံကုန်ဟစ်နေနေ ကျွန်မခြေလှမ်းတွေ ရပ်တန့်ခြင်းအလျဉ်းမရှိခဲ့ပါ ။ ဟော ခြေလှမ်းတွေ ရပ်တန့်သွားကြပြီ ။ နောက်ဆုတ်လို့ ရပ်တန့်ခြင်း မဟုတ်ဘဲ ဦးတည်ရာကို ရောက်ရှိလို့ ရပ်တန့်သွားခြင်း မျိုးပါ ။
*ဘာများကူညီပေးရမလည်း ကလေး*
ကျွန်မကိုမေးနေပြီ ။ ထိုမေးခွန်းကို ဖြေဖို့အတွက် ကျွန်မနှုတ်ခမ်းတွေ ရုတ်တရက် ဆွံအကုန်ကြ၏ ။ ကျွန်မ ဖြေရတော့မယ် ။ ဒီနေရာကို လာခဲ့ပြီးမှတော့ ကျွန်မ ဖြေရတော့မှာပေါ့ ။ တခါလောက် အစွန်းစုံထိ မိုက်မဲခြင်းကို ခွင့်ပြုပေးပါ ဖေဖေ နဲ့ မေမေ ။
*ဟုတ်ကဲ့ ကျွန်မ သတင်းလေးတစ်ခု ပေးချင်လို့ပါ ။*
ဆက်ပြောဖို့ အတွက် အားအင်တွေ မဲ့သွားပြန်၏ ။ တံထွေးတစ်ချက်မျိုချကာ ရှေ့ဆက်ပြောဖို့ အားမွေးလိုက်ပါတယ် ။
*ခြံနံပတ် ( xxx ) ၊ xxx လမ်းမှာ က ဦး xxxx အိမ်မှာ ဖဲဝိုင်းနေ့တိုင်းရှိနေတယ်ဆိုတာကို သတင်းလာပေးတာပါ ။*
ပြောပြီးတာနဲ့ နောက်ကြောင်းကို ပြန်လှည့်မကြည့်ဘဲ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့မိတယ် ။ ကျွန်မဘာတွေ လျှောက်လုပ်ခဲ့မိပြီလဲ ။ အမှားကြီး တစ်ရပ်ကို ကျူးလွန်မိပြီလား ။ ဟင်အင်း ။ မသိဘူး ။ အကြိမ်ကြိမ်တောင်းဆို ခဲ့ဘူးတယ်လေ ။ ဂရုမှ မစိုက်ခဲ့ကြတာ ။ သားသမီးဆိုတာ မိဘကို ဆုံးမခွင့် ထောက်ပြခွင့် မရှိဘူးလို့ ဖေဖေက ပြောခဲ့ဘူး၏ ။ ဟုတ်ပါတယ် ဖေဖေ။ ဒီအတွက် ဆုံးမခွင့်ရှိသူတွေကို တိုင်ကြားလိုက်ခြင်းဟာ သမီး မှားသွားလားဟင် ။
ဘယ်ရောက်မယ်မှန်းမသိတဲ့ လမ်းတွေကို ဆက်လျှောက် ဆက်လျှောက်ရင်း ဘယ်ဆီကိုရောက်လာမှန်းမသိတော့ပါ ။ လျှောက်ရလွန်းတာမို့ နာကျင်လာတဲ့ ခြေထောက်တွေက နားဖို့ အသိပေးလာ၏ ။ ထိုအခါမှ ကျွန်မရောက်ရှိနေသော နေရာအား သေချာကြည့်လိုက်မိ၏ ။ ဘုရားရှင်၏ မေတ္တာရိပ်အောက်သို့ ရောက်နေခဲ့ပြီပဲ ။
သုတ်ခနဲ ၀င်လာသောမြောက်လေက ကျွန်မရင်ထဲက အပူတွေကို ခဏတာ ငြိမ်းအေးသွားသယောင် ။ သီလရှင် ကျောင်းတိုက်အတွင်းသို့ ဖြည်းဖြည်းလျှောက်လာရင်း ဓမ္မာရုံအတွင်း သို့ ၀င်ရောက်ခဲ့၏ ။ ၀တ်ရွတ်နေသော ဆရာလေးများ၏နောက်နားတွင် ၀င်ထိုင်လိုက်ရင်း ကိန်းဝပ်စံပယ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရိုသေမြတ်နိုးစွာဖြင့် ရှိခိုးပူဇော်လိုက်ပါ၏ ။ အမောပြေထိုင်နေရင်း အတွေးလေးတွေက ခေါင်းထဲသို့ ၀င်ရောက်လာကြပြန်တယ် ။
ဖေဖေ နဲ့ မေမေက ကျွန်မကို သူတို့ထားခဲ့တဲ့ ဘ၀ထဲမှာ ကျင့်သားရနေပြီလို့ ထင်မြင်ယူဆခဲ့ကြတယ် ။ တကယ်တမ်းကျတော့ ကျွန်မက ကျင့်သားရနေသူ တစ်ယောက်မဟုတ်နေခဲ့ဘူးလေ ။ လိုချင်တာတွေ ဖြစ်ချင်တာတွေ အများကြီး ရှိနေခဲ့တဲ့သူပါ ။ သားသမီးတိုင်း ရသင့်ရထိုက်သော မေတ္တာ အကြင်နာ ဂရုစိုက်နာ ဆိုတာတွေကို မဖြစ်မနေ ရယူ ပိုင်ဆိုင်ချင်သည့်စိတ်တွေဖြင့် ပူလောင်ခံစားနာကျင်နေရသူတစ်ဦးပါ ။ နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်မရဲ့ ရယူလိုမှု့ အတ္တများ၏ ဆွဲခေါ်မှု့နောက်လိုက်ရင်း အမှားတွေဖြစ်ခဲ့ရလေပြီ ။ သမီးဆိုး သမီးမှိက် တစ်ယောက်အဖြစ် မိဘတွေ၏ မုန်းတီး နာကြည်းခြင်းတွေကို ခံရတော့မယ် ။ တော်ရုံလူမလုပ်သော အလုပ်တစ်ခုအား လုပ်ခဲ့လေပြီ ။
သီလရှင်ဆရာလေးတို့ဆီမှ
ပျံ့လွင့်လာသော တရားသံတို့သည် ပူလောင်နေသော
အရာအားလုံး မေ့သွားမိတယ် ။တင်းကျပ်နေသော စိတ်တွေအား ဖြေလျော့လွတ်ချလိုက်ပါ၏ ။ ကျွန်မစိတ်တွေ အတော်အတန် ပေါ့ပါးခွင့်ရသွားတယ် ။ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ယခုချိန်ကစပြီး
ကျွန်မဘ၀၏ တည်ငြိမ်မှု့ ၊ အားထားရာ အစစ်မှန်ကို ရှာဖွေရမယ် ။ ဘ၀ကို အကောင်းဆုံးနဲ့
အတည်ငြိမ်ဆုံး ရှေ့ဆက်ရမယ် ။ စိတ်ကို ငြိမ်အောင်ဖမ်းပြီး တွေးလိုက်တာနဲ့ အစစ အရာရာ
အေးချမ်းသွားပါတယ် ။ ငြိမ်းချမ်းသွားတဲ့ စိတ်အစဉ်က ကျွန်မဘ၀ရဲ့
အနာဂတ်ကို လမ်းညွှန်နေပါပြီ ။ ငြိမ်းချမ်း၊နွေးထွေးမှုတို့ကို ထာဝရပေးစွမ်းနိုင်တဲ့
ဖေဖေ နဲ့ မေမေရဲ့ မေတ္တာတရားတွေကို အေးချမ်းရာနေရာလေးကနေ စောင့်မျှော်နေပါရစေ ။ ဖေဖေက
နေမင်းကြီးဆို မေမေကလမင်းကြီးအဖြစ် သမီးဘ၀ထဲမှာ ထာဝရ ထွန်းလင်းတောက်ပပေးနိုင်ကြပါစေလို့
ဆုတောင်းရင်း………………………………………။
ခိုင်လေး ( ရွှေတောင် )