Sunday, March 17, 2013

44.မေမေနှလုံးသားထဲက သားအတွက်နေရာလေး ( ၀ထ္ထုတို )

မေမေနှလုံးသားထဲက သားအတွက်နေရာလေး ( ၀ထ္ထုတို)
ရင်စူးမြား အမှတ် ( ၁ ) ပါစာမူလေးပါ။

မေမေနှလုံးသားထဲက သားအတွက်နေရာလေး ( ၀ထ္ထုတို)




*ဂွမ် …………..*

*ဟဲ့ ! ဘာဖြစ်တာလည်း သားကြီး ။ ဖုန်းခွက်ကိုသေချာ ပြန်မတင်ဘူးကွယ် ။ အောက်ကို ပြုတ်ကျကုန်ပြီ*

နောက်ပါးဆီကနေ ကပ်ငြိပါလာတဲ့ စကားသံတွေ ။ ခွန်းတုံ့ပြန်ဖို့ အင်အားတွေ ခမ်းခြောက်နေဧ။် ။ လှိုက်ဖို တုန်ရီ နေတဲ့ ရင်အစုံက နိမ့်ချီမြင့်ချီ ။ ဒါတွေဟာ စိတ်ထဲရှိနေသဲ့ ခံစားမှုတွေရဲ့ အထောက်ထားတွေပေါ့ ။ တစ်ရှိန်ထိုးပြေးလာမိတဲ့ ခြေထောက်အစုံက ကိုယ်ပိုင်အခန်းလေးထဲ ရောက်မှ ရပ်နားဖို့ကို သတိရပါတော့သည် ။ အိပ်ယာပေါ်ကို ခြေပစ်လက်ပစ် လှဲချလိုက်မိသည် ။ ကျွန်တော်ရင်ထဲက စားချက်တွေ ဒီဂရီတွေတိုးခဲ့ရပြန်လေပြီ ။ ဖော်ပြလို့မရနိုင်တဲ့ ဆို့နစ်ကြေကွဲမှုတစ်ခုဆီသို့ ဦးတည်နေခဲ့သဲ့ ခံစားချက်တွေက မနိုင်မနင်း ။ ဘယ်သူကို အပြစ်ပြောရမလဲ ။ အပြစ်တင်ခွင့်ကော ကျွန်တော်မှာ ရှိရက်လား ။
ဟာ ! ကျွန်တော်မဝေခွဲတတ်ဘူး ။ ကျွန်တော်ရင်ထဲ တစ်စုံတစ်ခုကို အပြီးတိုင် ဆုံးရှုံးလိုက်ရသလို ခံစားကြေကွဲနေရတယ်ဆိုတာကတော့ သိပ်သေချာတယ် ။ မေမေ ကျွန်တော်ကို မချစ်တော့ဘူး ။ မေမေ ရယ်ကျွန်တော်တစ်ယောက်လုံးရှိနေရဲ့သားနဲ့များ ဘာလို့ခုလို လုပ်ရတာလည်း ။ ရှင်းနေတာဘဲ ကျွန်တော်ကို မချစ်လို့ပေါ့ ။

ကျွန်တော်ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေရတယ် မေမေ ။ ကျွန်တော်စိတ်တွေ ဆောက်တည်ရာ မရတော့ဘူး ။ သူကို ကျွန်တော် မမြင်ဘူးပေမယ့် အရမ်းမုန်းသည် ။ သူကို ကျွန်တော်အလိုမရှိဘူး။ မေမေ ကျွန်တော်အပေါ်ထားတဲ့ ချစ်ခြင်းတွေကို လုယူဖို့ သူရောက်လာခဲ့ တာပဲ ။ ဟုတ်တယ်အသေချာပဲ။ သူ ကျွန်တော်မေမေကို လုယူတော့မှာ ။ သူကို ကျွန်တော်မုန်းတယ် ။ အရမ်းမုန်းတယ် ။ မေမေ ကျွန်တော်ဆီ ပြန်လာခဲ့ပါ ။ အတိတ်က နေ့ရက်တွေကို သတိရမိလာသည် ။ လွမ်းလည်း လွမ်းလာမိဧ။် ။

ကျွန်တော်ဘ၀ ၊ ကျွန်တော်နားမှာ ဘွားဘွားရှိနေရင် ပြည့်စုံနေပြီလို့တစ်ချိန်က ကျွန်တော်ထင်ခဲ့ဖူးသည် ။ မေမေ ကျွန်တော်နား ရှိနေခြင်း ၊ မရှိနေခြင်းတွေကို ကျွန်တော်သိပ်မခံစားတတ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်မွေးကင်းစ လသားအရွယ်ထဲက ဘွားဘွားက ကျွန်တော်ကို သားအရင်းတစ်ယောက်ပမာ အပြီးတိုင် မွေးစားခဲ့ပါသည် ။ မေမေနဲ့ ဘွားဘွားအိမ်သည် သုံးအိမ်လောက်သာခြားပေမယ့် တစ်နေ့တစ်ခေါက်ပင် မေမေဆီ မရောက်ခဲ့သူပါ။ လိုချင်တာရှိတဲ့ အချိန်မျိုးလောက်သာ မေမေ ဆီကို့ ကျွန်တော်ရောက်တတ်သည် ။ တစ်ခုတော့ရှိသည် ။ မေမေကို တစ်ခြားသူတွေက အပြစ်တင် ဝေဖန်လာပြီဆိုရင်တော့ အဲဒီလူတွေကို အရမ်းစိတ်တိုတတ်ပါသည် ။ ဒါတွေဟာ မေမေကို ကျွန်တောသိပ်ချစ်တဲ့ ချစ်ခြင်းတရားတွေ ဖြစ်မယ်ထင်ပါဧ။် ။ ပြီးပြည့်စုံပြီး လိုလေသေးမရှိ အလိုလိုက်ခံ ဘ၀တစ်ခုနဲ့ ကလေးဘ၀တွေကို ဖြတ်သန်းခဲ့ရပါသည် ။ နှစ်ဖက် အဘိုးအဘွားတွေရဲ့ မြေးဦး ၊ ဦးလေးတွေ အဒေါ်တွေရဲ့ ပထမဆုံး တူလေး ဖြစ်တဲ့ ကျွန်တော် ။ မျက်နှာတစ်ချက်အညှိုးမခံ အားလုံးက ဖူးဖူးမှုတ်ခံထားရသူတစ်ယောက်ဖြစ်ခဲ့ရသည် ။

ဖေဖေ ၊ မေမေ တို့နဲ့ အတူတူမနေရတာတစ်ခုကလွဲရင် အရာရာပြီးပြည့်စုံသူတစ်ဦးပါ ။ တူတူမနေရဘူးဆိုတာကလည်း ဘွားဘွားရဲ့ ကျွန်တော် အပေါ် အချစ်လွန်ကဲမှုကို မေမေဘက်က ဖြည့်စီးပေးလိုက်တဲ့သဘောပါပဲ ။ ဒီလိုနဲ့ ကျွန်တော်ရဲ့ ပျော်စရာဘ၀လေးကို ဖြတ်သန်းလာလိုက်တာ သုံးတန်း ကျောင်းသားတစ်ယောက်အဖြစ် ရောက်တဲ့အချိန်မှာ ဖေဖေ နဲ့ မေမေ ဘယ်လိုမှ ရှေ့ဆက်လို့ မရတဲ့ အကြောင်းအရာတွေ ကြောင့်အပြီးတိုင်လမ်းခွဲလိုက်ကြပါသည် ။ ဒီအဖြစ်ပျက်ပေါ်မှာလည်း ကျွန်တော် အထူးတလည် ၀မ်းနည်းခံစားရသာမျိုး မရှိခဲ့ပြန်ဘူး ။ အကြောင်းတရားတွေကြောင့် ဖြစ်တည်လာမှုအပေါ် နားလည်လို့ရခဲ့ပါသည် ။ အဆိုးထဲက အကောင်းဆိုသလို ကျွန်တော်ရှိနေတဲ့ ဘွားဘွားတို့ အိမ်ကို မေမေ ပြန်ရောက်လာခဲ့ပါသည် ။ ဖေဖေနဲ့ တူတူနေတုန်းကနဲ့ တခြားဆီဖြစ်အောင် ပြောင်းလဲသွားတဲ့ လှပကျော့ရှင်း တဲ့ မေမေပုံစံကို မြင်တွေ့ခွင့်ရခဲ့တာမို့ အရမ်းကို ပျော်ရွင်ခဲ့မိပါသေးသည် ။ ကျွန်တော်က အလှသိပ်ကြိုက်သူမို့ပါ ။ မေမေလှလာတော့ ကျွန်တော်ပျော်မိသည် ။မေမေ နဲ့ တူတူပြန်နေရတယ်ဆိုပေမယ့် တူတူတော့ သွားမအိပ်ဖြစ်ခဲ့ပါဘူး ။ ကျွန်တော်က ကိုယ်အခန်းလေးနဲ့ ကိုယ်တစ်ယောက်ထဲနေရတာကိုဘဲ နှစ်သက်မိသည် ။ အဒေါ်တွေကတော့ ကျွန်တော်ကို ကလေးလူကြီးလေးလို့ ခေါ်တတ်ကြပြန်ပါသည် ။ ဒီလိုနဲ့ မေမေ ဘွားဘွားအိမ်မှာ ပြန်ရောက်ပြီး တစ်နှစ်ခွဲလောက်အကြာမှာ စင်ကာပူကို အလုပ်သွားလုပ်တော့မယ်ဆိုတာကို သိရပါသည် ။ မေမေက ပြောတယ် ။

*မေမေအခြေကျရင်သားလေးကို လှမ်းခေါ်မယ်နော် သား ။*

အဲဒီစကားကို ကြားတယ်ဆိုတာနဲ့ ကျွန်တော်ခါးခါးသီးသီးကို ငြင်းဆန်ခဲ့မိခဲ့ပါသည် ။

*ဟင်အင် မေမေ ကျွန်တော် မလိုက်ချင်ဘူး။ လုံးဝကို မလိုက်ဘူးနော် ။ ဘွားဘွားအိမ်ကလွဲရင် ကျွန်တော်ဘယ်မှ လိုက်မနေဘူး ။ ဘွားဘွားနဲ့ဘဲ တူတူနေမှာ ။ ဘယ်တော့မှ မခေါ်နဲ့နော်မေမေ ။ ကျွန်တော်လုံးဝကို မလိုက်ဘူး။*

ကျွန်တော်စကားတွေကို နားထောင်နေရင်း မေမေ မျက်ရည်တွေ တသွင်သွင်စီးကျနေတဲ့ အဲဒီနေ့လေးကို အမှတ်ရနေမိပါသေးသည် ။ ဒီလိုနဲ့ မေမေ စင်ကာပူကို ထွက်သွားခဲ့ဧ။် ။ ဟိုမှာ မေမေ အလုပ်လည်းအဆင်ပြေခဲ့ပါသည် ။ လတိုင်း လတိုင်း ကျွန်တော်အတွက် ပိုက်ဆံတွေ ပို့ပေးတတ်ပါသည် ။ ဘွားဘွားက မပို့နဲ့ ကိုယ်ဘာကိုသာ အဆင်ပြေအောင်ဆု ဆိုပေမယ့် ကျွန်တော်အတွက် လစဉ်လတိုင်း ပို့ပေးရှာခဲ့သည် ။ ခုဆို မေမေ စင်ကာပူထွက်သွားတာ ၂နှစ်ဆိုတဲ့ အချိန်ကာလသို့ တိုင်ခဲ့လေပြီ ။ ကျွန်တော် နဲ့ ဖေဖေက တစ်မြို့ထဲနေတာမို့ တစ်ပတ်တစ်ခါလောက်တော့ ဆုံဖြစ်ပါသည် ။ ဖေဖေ ကျွန်တော်ကို တွေ့ချင်တဲ့ အချိန်ဆို ရောက်ရောက်လာတတ်သည် ။ တစ်ပတ်တစ်ခါ ဖေဖေ မလာလို့ သိပ်မမျှော်တတ်ပေမယ့် တစ်ပတ်တစ်ခါ မေမေဆီက မေးတစ်စောင်ဖြစ်စေ ၊ ဖုန်းဖြစ်စေ ပေါ်မလာခဲ့ရင်တော့ အမည်မတပ်တတ်တဲ့ ခံစားမှုတစ်ခု ဖြစ်ပေါ် ခံစားရတတ်ပါသည် ။ လွမ်းတာလား ၊ သတိရတာလား ကျွန်တော်သေချာ မသိပေမယ့် ကျွန်တော် မေမေကို ချစ်ဧ။် ။ လက်ဖျားနဲ့တောင် မထိခဲ့ မရိုက်ခဲ့ဘူးတဲ့ မေမေ ။ ကျွန်တော်ငိုရင် သူပါလိုက်ငိုတတ်သူ ။ တစ်ခါတုန်းက အဖြစ်ပျက်လေးတစ်ခုကို မှတ်မိနေသေးသည် ။

အဲဒီနေ့က ည 10နာရီလောက်ကြီး အိမ်နားက လက်ဘက်ရည်ဆိုင်ကို ဘွား2တို့ မသိအောင် လက်ဘက်ရည် ခိုးပြီးသွားဝယ်မိသည် ။ ဘွားဘွားက ည7နာရီဆိုတာနဲ့ ဘယ်သူကိုမှ အိမ်ပြင်ထွက်တာမကြိုက်သူပါ ။ ကျွန်တော် လက်ဘက်ရည် သိပ်သောက်ချင်တာနဲ့ သွားဝယ်ခဲ့ဧ။် ။ ဖြစ်ချင်တော့ လက်ဘက်ရည် ခွက်လေးကိုင်ကာ ဆိုင်ထဲက ပြန်အထွက်မှာ ဆိုင်ထဲ ပြေးဝင်လာတဲ့ စားပွဲထိုးလေးနဲ့ ၀င်တိုက်မိပါလေရော ။ ကျွန်တော် ရင်ဘက်ပေါ်ကို လက်ဘက်ရည်ပူပူတွေ အကုန်မှောက်ကြကုန်ပြီး အပူလောင်တော့တာပဲ ။ ကြောက်ကြောက်နဲ့ မေမေ အခန်းထဲကို အရင်ဆုံးပြေးဝင်မိခဲ့သည် ။ ခလုတ်ထိမှ* အမိသ *ဆိုတဲ့ စကားပုံလေးက သိပ်မှန်တယ် ။ မေမေ က ကျွန်တော်ရင်ဘတ်ကို လှန်ကြည့်လိုက်တော့ အပူလောင်တဲ့ နေရာတွေက အနီပြင်လိုက်ကြီးဖြစ်နေပြီး အရေခွံ့တွေပါ တွန့်နေခဲ့ပြီ ။ ကျွန်တော်လည်း ကြောက်ပြီး ငိုတာပေါ့ ။ မေမေဆိုတာ အရူးတစ်ယောက်လို အရမ်းကိုခြောက်ခြားနေခဲ့ပါသည် ။ အရမ်းကို စိုရိမ်ပူပန်နေတဲ့ မေမေ ရဲ့စိုးရိမ်မှုတွေကို ခုချိန်ထိ မျက်စိထဲမှာ မြင်ယောင်နေမိပါသေးသည် ။ ကျွန်တော်ကို ပွေ့ပြီး ဘွားဘွားဆီပြေးပါတော့သည် ။ တစ်အိမ်လုံး ပွက်လောရိုက်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်သလို မေမေ အရူးမီးဝိုင်းသလို ခံစားရတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့ နေ့လေးတစ်နေ့ပါပဲ။ ကျွန်တော်ကို မေမေ အမြဲပြောတတ်တာ လေးရှိသေးတယ် ။

*သားကို မေမေ သူများမိခင်တွေလို တယုတယ မနေတတ်ပေမယ့် သားက မေမေ ဘ၀ဘဲ။*

ခုတော့ မေမေဘ၀က သားမဟုတ်တော့ဘူးပေါ့မေမေ ။ မေမေ ရက်စက်သည် ။ သား သူကို လုံးဝကို အလိုမရှိဘူးမေမေ ။ မေမေ ပြန်လာပါ ။ မေမေ သားဆီကို ပြန်လာပါ မေမေရယ် ။ အရူးတစ်ယောက်လို အော်နေမိဧ။် ။ မေမေ ရေ ကျွန်တော် ရူးတော့မယ် ။ မေမေ ဘ၀မှာကျွန်တော်ရှိနေရင် ပြီးပြည့်စုံနေပြီမလားမေမေ ။ ကျွန်တော် သူကို မနာလိုဘူးမေမေ ။ သူကို မခေါ်ပါနဲ့နော် ။ မခေါ်ပါနဲ့ဗျာ ။ သူကို ကျွန်တော် လုံးဝကို အလိုမရှိဘူး ။ မလာပါနဲ့ ။ ငါနေရာကို မယူပါနဲ့ ။ ငါအတ္တကြီးတယ်ဆိုလည်း ကြီးတယ် ။ ငါနေရာကို မင်းကို မပေးနိုင်ဘူး ။ မင်းလုံးဝမလာရဘူး ။ မလာရဘူးကွာ ။ မျက်စိရှေ့ရောက်နေသော ပစ္စည်းမှန်သမျှ စိတ်ရဲ့ ထွက်ပေါက်တစ်ခုလို လွတ်ပစ်နေမိဧ။် ။ တစ်ခန်းလုံးရစရာ မရှိတော့ပါ ။ ဘယ်သူတံခါး လာခေါက်ခေါက် ဖွင့်မပေးခဲ့ဘူး ။ အားလုံးကိုလည်း စိတ်နာချင်နေမိသည် ။ ဘိုးဘိုး ၊ ဘွားဘွား ၊ အဒေါ်တွေပါ အကုန်လုံး ၀ိုင်းညာထားကြသည် ။ သိနေရက်သားနဲ့ ဖုံးကွယ်ထားကြဧ။် ။ ခုချိန်မှာ ဘယ်သူကို မှ မတွေ့ချင်ဘူး ။ ဘယ်သူအသံမှ မကြားချင်ဘူး ။ စိတ်ထဲမှာ သိနေတာ တစ်ခုထဲ မေမေ ကျွန်တော်ကို လုံးဝ မချစ်တော့ဘူး ။ ကျွန်တော်နေရာကို သူကို ပေးလိုက်ပြီ။ သူကို မုန်းတယ်ကွာ ။ အရမ်းကို မုန်းတယ် ။ ငါ သူကို မနာလိုနေတာများလား ။ ဟုတ်တယ်ကွာ မနာလိုနေတာ ။ ဘာဖြစ်လဲကွာ မနာလိုဘူး။ ငါနေရာကို လုတာက မင်းလေ ။ မနာလိုဘူးကွာ ဘာလုပ်ချင်လဲ ။ လုံးဝကို မပေးချင်ဘူး ။ ငါနေရာမှာ ငါကလွဲပြီး ဘယ်သူမှ မရှိစေချင်ရဘူး ။ စိတ်ထိခိုက်ခံစားရတာတွေက များလွန်းတော့ လူက မောလာတယ်။ မောမောနဲ့ အိပ်ပျော်သွားပါတော့သည် ။

အိပ်ယာကနိုးတော့ အလင်းရောင်မိုးသောက်လို့ အာရုံတက်ချိန်ကိုတောင် ရောက်နေခဲ့ပါပြီ။ ဟာ! ဒါဆို သူငါမျက်စိရှေ့ကိုရောက်လာတော့မှာပေါ့ ။ ငါမမြင်ချင် မတွေ့ချင်တဲ့သူကို မြင်ရတော့မယ် ဆိုတဲ့ အသိတစ်ခုက ရင်ထဲကို ထပ်မံ ပူလောင်လို့လာပြန်ပါသည် ။

*ဒေါက် ဒေါက် ဒေါက် … မြေး မြေး .. ဘွားဘွားပါ ။ တံခါးလေး ခဏ ဖွင့်ပါအုံးမြေးရယ် ။ ဘွားဘွား မြေးကို ရှင်းပြစရာလေးတွေ ရှိလို့ပါ ။ မြေးဒီလိုတွေသာ ဆက်လုပ်နေမယ်ဆို ဘွားဘွား ရင်ကွဲသေရလိမ့်မယ်*

ဆိုတဲ့ ဘွားဘွား အသံကိုကြားလိုက်ရချိန်မှာတော့ တံခါးဘုဆီသို့ လက်တွေက ထိတွေ့လိုက်မိပါတော့သည် ။ တံခါးကို ဖွင့်ပေးလိုက်ပါဧ။် ။ တံခါးရွက်လေး ပွင့်လာတယ်ဆိုတာနဲ့ အပြေးတပိုင်းခြေလှမ်းတွေနဲ့ ကျွန်တော်ရှိရာကို ရောက်လာသူက ကျွန်တော် သိပ်ချစ်ရတဲ့ ဘွားဘွား ။ ဘွားဘွားက ကျွန်တော် မျက်နှာပေါ်ဝဲကျ နေတဲ့ ဆံစတွေကို ညင်သာစွာ သပ်တင်ပေးရင်း သူ့ရင်ခွင်ထဲမှာ ကျွန်တော်ကို ပွေ့ဖက်ပေးထားပါသည် ။

*သနားစရားကောင်းတဲ့ မြေးရယ် ။ ဘွားဘွားတို့ တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ရပါဘူးကွယ်။ ဘွားမြေး ဒီလောက်ထိ ခံစားရမယ်လို့ မထင်မိလို့ပါ ။ မြေးမေမေ နောက်အိမ်ထောင်ပြုခဲ့ချိန်တုန်းကတောင် မြေးက အေးအေးဆေးဆေး ဆိုတော့ ခုလည်း ဒီလောက်မခံစားရလောက်ဘူးထင်မိလို့ပါကွယ်။*

ဘွားဘွားပြောလိုက်မှ မေမေ နောက်အိမ်ထောင်ပြုမယ့် အကြောင်းပြောပြခဲ့တဲ့ နေ့ရက်လေးကို ပြန်လည်သတိရလိုက်မိပါဧ။် ။ မေမေ စင်ကာပူရောက်ပြီး တစ်နှစ်ခွဲလောက်အကြာမှာ အိမ်ထောင်ပြုတော့မယ်အကြောင်း ဘိုးဘိုး၊ ဘွားဘွားတို့ ထံ ခွင့်ပန်ခဲ့ပါသည် ။ ကျွန်တော်ကိုလည်း ခွင့်ပြုချက်တောင်းခဲ့ဧ။် ။ လိုလိုလားလားဘဲ ကျွန်တော်လက်ခံခဲ့ပါသည် ။ လက်ခံတယ်ဆိုတာလည်း မေမေ အိမ်ထောင်ဖက်ဆိုတဲ့ ဦးက တော်တော်ကို အေးချမ်းပြီး သဘောကောင်းသူတစ်ဦးဖြစ်နေခဲ့လို့ပါ ။ မေမေကိုလည်း အရမ်းဂရုတစ်စိုက်ရှိတယ်လို့ လေ့လာမိသည် ။ ထင်တဲ့ အတိုင်းလည်း မေမေတို့ အိမ်ထောင်ရေးသာယာခဲ့ပါဧ။် ။ ဦးကလည်း ကျွန်တော်အပေါ် အဖေတစ်ယောက်လိုထပ်တူ မကျခဲ့ပေမယ့် ဦးလေးတစ်ယောက်လို သိပ်ကောင်းခဲ့ပါသည် ။ ပျော်စရာ နေ့ရက်တွေပေါ့ဗျာ။ ဘွားဘွားဆီက စကားသံဆက်ကြားလိုက်ရတာမို့ အတွေးစတွေကို ဖြတ်တောက်လိုက်ရဧ။် ။

*မြေးမေမေက မြေးကို မချစ်လို့ မဟုတ်ရပါဘူးကွယ် ။ မြေးဦးဦးကလည်း သူရင်သွေးလေးကို လိုချင်ရှာတာပေါ့ကွယ် ။ ဒီကလေးလေးကြောင့် မြေးကို အချစ်လျော့စရာအကြောင်းလည်း မရှိပါဘူး ။ မိဘဆိုတာလေ သားသမီးအပေါ်မှာ ဘယ်သောအခါမှ နှစ်တန်းနှစ်စား မထားတတ် ကြရှာပါဘူး။ အမှန်ဆို မြေးက ပျော်ရမှာ။ မြေးမှာ အဖော်ရတော့မှာလေ။*

*ဟင်အင် ။ ဘာအဖော်မှ ကျွန်တော်မလိုချင်ဘူး။ မေမေ ကျွန်တော်ကို ချစ်နေတဲ့ အချစ်တွေကို သူအတင်းခွဲယူတော့မှာ လေဘွားဘွား ။ ကျွန်တော်မပေးချင်တာကို သူဇွတ်ယူတော့မှာ။ သူကို မုန်းတယ် ။*

*အောင်မလေး မဟုတ်တာမြေးရယ် ။ ဘာစကားတွေ ပြောနေရတာလည်းကွယ် ။ မကြားဝံ့စရာတွေပါလား ။ မြေးက အမှန်တော့ မနာလိုနေတာဘဲ ။ မြေးကလေးလည်း မဟုတ်တော့ဘူး။ အရွယ်ရောက်နေပြီလေ။ မနာလိုစိတ်ဆိုတာ ထားကောင်းတဲ့ အရာမဟုတ်ဘူး မြေး။ တစ်ယောက် နဲ့ တစ်ယောက် ဂုဏ်တုဂုဏ်ပြိုင်လုပ်ခြင်းမာန၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယတရားတို့ ဖြစ်နေခြင်းက မသင့်လျောဘူးမြေး ။ အယ်ဒီ မာန၊ ဣဿာ၊ မစ္ဆရိယ ဆိုတာတွေကို မြေးစိတ်ထဲမွေးမြူတားခြင်းဟာ နောင်သံသရာလည်း ဆင်းရဲမယ် ။ ယခုမျက်မှောက်ဘ၀မှာလည်း ဆင်းရဲခြင်းတွေက နောက်ကထပ်ကြပ်မကွာ လိုက်နေတတ်တယ်မြေး ။အတိတ်ကပြုခဲ့သော ကံ တရားတို့ကြောင့် ယခုရရှိခံစားရတယ် မြေး။ ယခုပြုသောကံတရားတို့သည် နောင် ခံစားရပေအုံးမယ်လေ။ဒီတော့ မနာလိုခြင်းဆိုတဲ့ ဒီမကောင်းတဲ့ စိတ်ကြီးကို ဘွားမြေးစိတ်ထဲ ရင်ထဲကနေ ထုတ်လိုက်ပါတော့ မြေးရယ် ။ ဘွားမြေး ပင်ပမ်းလှပြီ ။ ဘွားမြေးကို ဘွားပညာတွေ သင်ပေးထားတယ် ။ ဒီပညာတွေက တွေးခေါ်ဆင်ခြင်တတ်ဖို့ပဲ ။ ခုလို မိုက်မဲတဲ့ အတွေးခေါ်တွေ တွေးတောဖို့မဟုတ်လေဘူးနော် ။ အောက်မှာ သားမေမေတို့ ရောက်နေကြပြီ ။ သားမေမေလည်း အရမ်းကို စိတ်မကောင်းဖြစ်နေတယ် ။ သားကို ခုတွေ့မယ်လုပ်နေတာ ။ ဘွားက မြေးစိတ်ပြေမှ တွေ့ဆိုလို့ ချက်ချင်းသားဆီ တက်မလာတာ ။ မြေးမေမေ နေမကောင်းဘူးမြေး ။ ဦးဦးကတော့ ပြည်က သူအမျိုးတွေ ခဏ သွားတယ်။ သူတို့လည်း စင်ကာပူကနေ ရန်ကုန် ။ ရန်ကုန်ကနေ ရွှေတောင်ကို တန်းပြန်လာရတာဆိုတော့ အတော်လေး ပင်ပမ်းနေကြပြီ။ မြေး ဘွားခုပြောတာတွေကို သေသေချာချာ တွေးပါကွယ် ။ ကဲ မြေးလည်း ခဏနားအုံး ။*

ပြောလို့ပြီးတာနဲ့ ဘွားက အောက်ထပ်ကို ဆင်းသွားပါတော့သည် ။

အတွေးတွေက ခေါင်းထဲမှာ ရှုတ်ရှက်ခက်နေဧ။် ။ ငါမှားနေသလား ။

ဟူးးးးးးးးးးးးးးးးးးးးးးးးး!

ဆိုတဲ့ လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည် ။ မေမေတို့ အိမ်ထောင်ကြပြီး တစ်နှစ်အကြာမှာ ကလေးယူလိုက်ကြတယ်ဆိုပဲ ။ မနေ့ညကထိ မေမေ အလည်ပြန်လာမယ်ဆိုတဲ့ အသိတစ်ခုနဲ့ သိပ်ကို ပျော်ရွင်နေခဲ့မိပါသေးသည် ။ မေမေဆီက ဖုန်းဝင်လာချိန်မှာတော့ ကျွန်တော်အပျော်လေးတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပါတော့ဧ။် ။ မေမေ နှုတ်ဖျားဆီက ထွက်ကျလာတဲ့ စကားသံချိုမြမြလေးက ကျွန်တော် အတွက်တော့ သိပ်ခါးသီးစေခဲ့သည် ။

*သားလေး အဖော်ရအောင် မေမေ လက်ဆောင်တစ်ခုပါလာတယ် သား ။ သားထက် 6 နှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက် မေမေ မွေးထားတယ် ။ ခုဆိုသားညီမလေးက နှစ်လသားအရွယ်လေးရောက်နေပြီသား။ သိပ်ချစ်ဖို့ ကောင်းတယ်သိလားသား။ ဖြူဖွေး တုတ်ကစ်နေတာဘဲ ။ *

ပြန်ပြောဖို့စကားလုံးတွေ ကျွန်တော်ဆီမှာ အဆင်သင့် ရှိမနေခဲ့ဘူးမေမေ။ ကလေးလေးတောင် နှစ်လရှိနေပြီ ။ အချိန်အကြာကြီး ကျွန်တော်ကို ဖုံးကွယ်ထားခဲ့ကြသည် ။ ပထမဆုံးရင်ထဲ ရောက်လာတာက သိမ်ငယ်မှု ၊ နောက် အားငယ်ခြင်း ၊ နောက်ဆုံး အရှိန်ပြင်းပြင်းဝင်ရောက်လာတာကတော့ မနာလိုခြင်းပါပဲ ။ မေမေကို ဘာဆိုဘာမှ ပြန်မပြောနိုင်တော့ပါဘူး ။ ဖုန်ကို လွတ်ချပြီး ပြေးထွက်လာခဲ့မိပါတော့သည် ။ ခုတော့ ထွက်ပြေးလို့လည်း မရတော့ဘူး ။ တွေ့ကိုတွေ့ရတော့မည် ။ ရင်ဆိုင်ရတော့မည် ။

နွမ်းလျနေတဲ့ စိတ်ကိုကော လူကိုပါ အရင်ဆုံး10မိနစ်လောက် အနားပေးလိုက်ပါသည် ။ ရေမိုးချိုးပြီး လေးလံသောခြေလှမ်းတွေနဲ့ မေမေရှိနေသော အခန်းလေးဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့မိဧ။် ။ မေမေ အခန်းရှေ့ရောက်တော့ ဟနေတဲ့ တံခါးကို အသာယာတွန်းဖွင့် လိုက်ဧ။် ။ ဘေးတစ်စောင်းလေး လှဲနေတဲ့ မေမေနားကို ညင်သာစွာ တိုးကပ်သွားလိုက်မိသည် ။ မေမေရင်ခွင်ထဲမှာ လှုတ်နေတဲ့ ဖြူုဖြူအထုပ်လေးတစ်ခု။ အနားကိုရောက်မှ သေချာ သဲသဲကွဲကွဲ တွေ့လိုက်ရတာက ဖြူဖွေးဝကစ်နေတဲ့ ကလေးလေး ။ မေမေက အိပ်ပျော်နေလေဧ။် ။ ကလေးလေးကတော့ မေမေ့ရင်ခွင်ထဲမှာ နှိုး နေပေမယ့် မငိုဘဲ လက်ကလေးတွေ ခြေထောက်လေးတွေ ယက်ယက်ကန်ကန်လုပ်နေလေရဲ့ ။ အနားကို သေချာတိုးကပ်ကြည့်လိုက်တော့ ကျွန်တော်ကိုတောင် ပြုံးပြနေသယောင်ထင်လိုက်မိပါဧ။် ။ စိတ်ထဲ အလိုလို ဖြစ်လာတဲ့ ခံစားမှု တစ်ခု ။ သူပါးလေးတွေကို ကျွန်တော်တို့ ကိုင်ကြည့်ချင်နေမိသည် ။ ကျွန်တော်လက်တွေ တဆက်ဆက်တုန်လာသည် ။ ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းနေဧ။် ။ သူကို မြင်တွေ့လိုက်ရချိန်မှာ သူကို မုန်းတဲ့ စိတ်တွေ ဘယ်နားကို သွားပုန်းနေကြသလဲ မသိတော့ပါဘူး။ ကျွန်တော်ကိုယ် ကျွန်တော်မှန်ထဲမကြည့်ပေမယ့် အလိုလိုသိနေခဲ့တယ် ။ သူကိုကြည့်နေတဲ့ ကျွန်တော်မျက်လုံးတွေ တဖြေးဖြေးပြုံးယောင်သန်းနေလောက်ပါပြီ ။ ငါညီမလေး ပါလားဆိုတဲ့ အသိတစ်ခုက ကျွန်တော်ရင်ထဲမှာ ဖြတ်ခနဲလင်းသွားစေသည် ။ ကလေးလေးမျက်နှာက ဖွေးဖွေးပြည့်ပြည့်လေး။ သူမကိုကြည့်ရတာ အေးချမ်းလိုက်တာ ။ ငါမှာသာ ပူလောင်နေပြီး သူမလေးကတော့ အေးချမ်းစွာ မေမေရင်ခွင်ထဲမှာ နားခိုလို့ ။ ဖောင်းကားနေတဲ့ သူမ ပါးမို့မို့လေးတွေကို တို့ထိချင်တဲ့ စိတ်တွေက တားဆီးမရစွာ သူမပါးလေးတွေပေါ် ကျွန်တော်လက်ကလေးတွေ တို့ထိဆော့ကစားနေမိစဉ်မှာဘဲ မေမေမျက်ခွံ့လေးတွေ လှုပ်ရှားလာသည် ။ ဟော မေမေနိုးလာပြီထင်ပါရဲ့။ သူမပါးပေါ်မှ ကျွန်တော်လက်တွေကို မရုတ်သိမ်းနိုင်ခင်မှာဘဲ မေမေက မြင်သွားခဲ့ပါပြီ။ အရင်ဆုံး အံ့သြသွားတဲ့ မေမေမျက်ဝန်းတွေက ကြည်နူးခြင်း ၀မ်းသာဖြင်း ချမ်းမြေ့ခြင်းဆိုတဲ့ ခံစားချက်တွေ ပါဝင်စီးမျောနေတဲ့ အပြုံးလေးတစ်ခု မေမေမျက်နှာမှာ ဖြစ်တည်စေခဲ့ပါပြီ ။ ဘာစကားတစ်ခွန်းမှ ပြောစရာမလိုအပ်တော့ဘဲ မေမေ နဲ့ ကျွန်တော် နားလည်မှုတစ်ခုကို ရလိုက်ကြပါပြီ ။ မေမေရင်ခွင်ထဲကို ညီမလေးနှင့် အတူ တိုးဝင်ဖက်ထားလိုက်မိဧ။် ။ ဆုံးရှုံးလိုက်ရပြီလို့ထင်ခဲ့မိတဲ့ အရာတစ်ခုကို ပြန်ရှာတွေ့လိုက်ရသလို ကြည်နူးနေရပါတယ်မေမေ ။ အပိုဆုလေးတောင်ရလိုက်သလိုပါပဲ။ သိပ်ကို ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ကိုပါ မေမေက ကျွန်တော် အတွက် လက်ဆောင်ပေးခဲ့တာပါ ။ ကျွန်တော် အနာတရတွေ ဖြစ်ခဲ့ချိန်တွေမှာ ကျွန်တော်မေမေ သည်းထန်စွာငိုကြွေးခဲ့ဖူးတာတွေ၊ ဆေးရုံတက်တုန်းက ကျွန်တော် တစ်ကိုယ်လုံးက သွေးတွေကို ဖေဖေသွေးတွေနဲ့ လဲထည့်ခဲ့ရစဉ်က ဖေဖေက သူမှာ ဘာရောဂါရှိလို့ သွေးစစ်ရမှာဆိုပြီး ရစ်နေခဲ့သည် ။ ဒီချိန်မှာ မေမေကပြောခဲ့တယ်စကားလေးကို အဒေါ်တွေ ခဏခဏ ပြန်ပြောလို့ အလွတ်တောင်မှတ်မိနေခဲ့ပါသေးသည် ။

*ငါသား အသက်ရှင်ဖို့အတွက် နင်သွေးကိုထည့်ရမယ် ။ အဲဒီသွေးက သန့်ရှင်းရောဂါကင်းနေဖို့အတွက် လိုအပ်တယ်။ ငါသားနဲ့ ပတ်သတ်လာရင် နင်အပါဝင် ဘယ်သူကိုမှ ငါမယုံနိုင်ဘူး ။ ယုံကြည်မှုတစ်ခုလို့ ခေါင်းစဉ်တပ်ပြီး ငါသားအသက်ကိုလောင်းကြေးမထပ်ရဲဘူး ။ နင်ပေးမလား မပေးဘူးလား ။ သွေးစစ်ရမှာဆိုးလို့ မပေးဘူးဆိုလည်း ရတယ် ။ လိုနေတဲ့ သွေးကို ရအောင်ငါရှာမယ် ဆိုမှ ဖေဖေက ချက်ချင်းသွေးစစ်ခံခဲ့တယ် ။ *

ဖေဖေကိုချစ်သလို မေမေကို ပိုချစ်နေခဲ့သူ မေမေသားပါ ။ တူတူနေခြင်း မနေခြင်းတွေထက် သားရင်ထဲမှာ မေမေက ထာဝရ တူတူရှိနေခဲ့သလို ၊ မေမေ့နှလုံးသားနဲ့ အနီးဆုံးနေရာမှာ ကျွန်တော်အမြဲရှိနေခဲ့တယ်ဆိုတာကို အကျွင်းမဲ့လက်ခံလိုက်ပါပြီ ။ ရုတ်တစ်ရက် ရုန်းထွက်မရအောင်ခဏတာ စိတ်ရှုပ်ထွေး မွမ်းကျပ်မှုများနဲ့ ညီမလေးအပေါ် မနာလို ဖြစ်ခဲ့ခြင်းတွေအတွက် ရှက်မိပါဧ။် ။ မေမေနှလုံးသားထဲက သားအတွက်နေရာလေးမှာ ညီမလေးကိုပါ ကျေကျေနပ်နပ် နေရာပေးပါတယ်မေမေ ။ ညီမလေး အတွက်လေးစားထိုက်သူ အကိုတစ်ယောက်အဖြစ် ထာဝရ နေသွားပါတော့မယ် မေမေရယ်။

ခိုင်လေး ( ရွှေတောင် )



ခိုင်လေး ( ရွှေတောင် )

1 comment: