ရင်ထဲရှိတာလေးတွေကို ပြောခွင့်ပြုပါနော်
ှိရင်ထဲရှိတာလေးတွေကို ပြောခွင့်ပြုပါနော် ……………………….

ဒီနေ့ ခိုင်လေး ခင်ပွန်းအကြောင်းလေး ပြောပြချင်တယ် ။ နားထောင်ပေးနော် ။ ခိုင်လေး မလေးရှားကို ရောက်တာ 7လရှိပြီ ။ သူက အလုပ်မလုပ်ခိုင်းဘူး ။ အိမ်မှာဘဲနေခိုင်းတယ် ။ ထမင်းဟင်းချက် အိမ်သိမ်းပြီးတာနဲ့ ခိုင်လေး တနေကုန် အင်တာနက်သုံးချင်သုံး မသုံးချင် ရုပ်ရှင်တွေထိုင်ကြည့် ၊ တခါတလေကျတော့လည်းစာဖတ်ပေါ့ ။တခါတလေ သူကို ပြောမိတယ် ။ အလုပ်လုပ်ချင်တယ်လို့ .. ဒီလိုပြောတိုင်း သူပြန်ပြောနေကြ စကားက မဖြစ်ပါဘူးကေရယ်တဲ့ ။ သူပြောသလိုဘဲ ခိုင်လေးက ကျန်းမာရေးကလည်း မကောင်းပြန်ဘူးလေ ။ တစ်ပတ်မှာ 2ရက်လောက်က ရင်ဘတ်တွေ အောင့်ရင်အောင့် မောချင်မော ဖြစ်နေတတ်သူပါ။ နောက်ပြီး ဟိုးငယ်ငယ်လေးထဲက ခုချိန်ထိအောင် ဘယ်သူလက်အောက်မှာမှ အလုပ်မလုပ်ခဲ့ဘူးဘူး ။ နောက်ဆုံး အိမ်မှာ ကိုယ်သောက်ဖို့ရေတောင် တခါမှ ခပ်မသောက်ခဲ့ရသူပါ။ ဒါနဲ့ မလေးရှားကို ဘယ်လိုရောက်လာလည်းဆို အဖြေက ရှင်းပါတယ် ။ သူကို သိပ်ချစ်လို့ပါ ။ သိပ်ချစ်မိသွားလို့ပေါ့ ။ ဒီလိုချစ်တဲ့နေရာမှာ ချစ်သူဘ၀မှာထက် တကယ်အိမ်ထောင်သည်ဘ၀ကို ရောက်မှ သိလိုက်ရတဲ့ သူရဲ့သိတတ်မှုတွေ ၊ သူဆိုးတတ်တဲ့အကျင့်လေးတွေကိုလည်း ပိုသိခဲ့ရပါတယ် ။ ဒါဆို မေးစရာရှိတာပေါ့နော် ။ အဆိုးနဲ့ အကောင်း ဘယ်ဟာပိုလည်းလို့ မေးလာမယ်ဆို မဆိုင်းမတွ ချက်ချင်းပြန်ဖြေမိမှာပါ ။ ခိုင်လေး အပေါ် ကောင်းတဲ့ အချက် စာနာတဲ့ အချက်တွေက ပိုပါတယ် ။ ကဲ သူဘာတွေ ခိုင်လေးအပေါ် ကောင်းလည်း ပြောပြမယ်နော် ။ သူနဲ့ ခိုင်လေး အွန်လိုင်းပေါ်မှာ စတင်တွေ့ရှိခဲ့ပါတယ် ။ ရည်းစားတွေဖြစ်ခဲ့တယ် ။ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ။ ရည်းစားကနေ ချစ်သူဆိုတဲ့ ဝေါဟာရတစ်ခုကို ပြောင်းလဲ အသုံးပြုလိုက်လို့ ထူးဆန်းနေမလား မသိဘူးနော် ။ ခိုင်လေး အယူဆကတော့ ချစ်သူနဲ့ ရည်းစား မတူညီဘူး ။ ရည်းစားဆိုတဲ့ နာမ်စားက ပေါ့တန်တယ် ။ အများကြီးလည်းရှိနိုင်တယ် ။ ချစ်သူဆိုတာက လေးနက်တယ် ။ အရေတွက်နည်းတယ်လို့ ခံစားမိတယ်လေ ။ ဒီတိုင်းပါဘဲ သူမှာလည်း အွန်လိုင်းရည်းစားတွေ အများကြီး ရှိခဲ့ဘူးပါတယ် ။ ဒီထဲကမှာ ခိုင်လေးလည်း တစ်ယောက်အပါဝင်ပေါ့ ။ရည်းစားဖြစ်ပြီး တစ်နှစ်လောက်မှာတော့ သူ အနည်းငယ်တည်ငြိမ်လာတယ် ။ ခိုင်လေးအပေါ် လေးနက်လာတယ်လို့ ခံစားမိလာရတယ် ။ ဒါပေမယ့် ခိုင်လေးကို လက်ထပ်ဖို့ကိုတော့ သူ သေသေချာချာ မဆုံးဖြတ်ရသေးပါဘူး ။ ဒါတွေကို သိနေသားနဲ့ ဒီလောက်နှစ်တွေ အကြာကြီး ပတ်သတ်နေရသလားလို့ ပြောမလားမသိဘူးနော် ။ ခိုင်လေးက သူကို သိပ်ချစ်မိသွားလို့ပါ ။ ခိုင်လေး သူကို ချစ်မိတဲ့ အချစ်ကို ယုံကြည်မိလို့ပါ ။ ခိုင်လေးက သူကို စစ်မှန်တဲ့ ချစ်ခြင်းတွေကိုဘဲ ရိုးသားစွာ ပေးခဲ့တာမို့ သူဆီက အချစ်စစ် အချစ်မှန်တွေကိုလည်း ပြန်လည်ပိုင်ဆိုင်ရမယ်လို့ အပြည့်ဝယုံကြည်နေမိတယ် ။ ခိုင်လေးတို့ နေ့တိုင်း vzo ချက်တင်ထိုင်ဖြစ်တယ် ။ နှစ်ယောက်စလုံးက ကိုယ်ပိုင်သုံးကြတာမို့ သူအလုပ်ကနေ ပြန်လာတဲ့အချိန်ကနေ အိပ်တဲ့အထိ နေ့စဉ်ပြောဖြစ်ပါတယ် ။ ဒီနေရာမှာ သူလေးစားစရာကောင်းတာက ခိုင်လေးအပေါ် စကားလုံးတွေနဲ့တောင် လုံးဝကို အခွင့်ရေးမယူတတ်တဲ့ အတွက် ပိုလေးစားချစ်ခဲ့မိရပါတယ် ။ သူက ခိုင်လေးထက် 3နှစ်ကျော်ကျော်ငယ်ပါတယ် ။ သူဆိုးတာတွေလည်းရှိတတ်ပါတယ် ။ ဆိုးတာတွေကို ပြီးမှ သီးသန့်ပြောပြမယ်နော် ။ သူခိုင်လေးကို လက်ထပ်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ တော်တော်လေး စဉ်းစားစေခဲ့တယ်ဆိုတာ သူမမှားပါဘူး ။ ဘာလို့လည်းဆိုရင် သူကော ခိုင်လေးမှာပါ နောက်ခံ အကြောင်းတွေရှိနေတာကို ။ သူကို မှီခိုအားကိုးနေတဲ့ သူမိသားစုရှိတယ် ။ သူအဖေ သူအမေ သူညီမ သူညီ ဒီ4ယောက်လုံးကို သူတစ်ယောက်ထဲက လုပ်ကျွေးလာခဲ့တာ ဆယ်စုနှစ်တိုင်ခဲ့ပြီလေ။ ခုချိန်ထိ ဒီတာဝန်တွေက သူပုခုံးပေါ်မှာ တင်ရှိနေဆဲပါ။ ခုမှ သူညီမလေးက အလုပ်ဝင်ကာစရှိပါသေးတယ် ။ အိမ်တာဝန်တွေကို တာဝန်မယူနိုင်သေးပါဘူး ။ လက်ထပ်ဖို့ သူတွးတောခဲ့သလို ခိုင်လေးလည်း တော်တော်လေးကို အားမွေးခဲ့ရပါတယ် ။ နားလည်ပါတယ်ဆိုတဲ့ စကားလေးက အပြောရလွယ်ပေမယ့် တကယ့်လက်တွေ့မှာတော့ သိပ်ခက်ခဲပါတယ် ။ သူပြောလာတယ် ။ ကေကို မောင် လက်ထပ်မယ် ။ ဒါပေမယ့် မောင်မိဘနှစ်ပါးကိုတော့ သူတို့ သေဆုံးသည့်တိုင်အောင် မောင်ဘဲ တာဝန်ယူမယ်ကေ ။ ဒီတာဝန်တွေကို ဘယ်သူကမှ မောင်ကို မပေးဘူး ။ မောင်ကိုယ်တိုင် ကျေကျေနပ်နပ် ယူချင်တာ ။ ကေလည်း မောင်နဲ့ တူတူ နားလည်ပေးမှ ဖြစ်မယ်ကေ ။ နောက်ပြီး မောင် ညီနဲ့ မောင် ညီမတွေကိုလည်း လမ်းကြောင်းတစ်ခုအပေါ် လျှောက်နိုင်တဲ့အထိ မောင်တာဝန်ယူရမယ် တဲ့လေ။ မောင်ဆီက ဒီစကားသံတွေကို ကြားလိုက်ရစဉ်ခဏလေးမှာ ပြန်ပြောဖို့ စကားလုံးတွေ မရှိအောင် စွံ့အသွားမိတယ် ။ ထင်ကြမယ်နော် နားလည်မှု မထားနိုင်ဘူးထင်တယ်လို့လေ ။ အပြောလွယ်ပေမယ့် တကယ်လက်တွေ့ဘ၀မှာ ရင်ဆိုင်ရရင် ဘယ်လောက် ခက်ခဲမယ်ဆိုတာကို ခိုင်လေးက ဘ၀တစ်ခုလုံးနဲ့ရင်းနှီးပြီး သိရှိခဲ့ရဖူးသူပါ။ ဖြစ်ပါ့မလားလို့ အကြိမ်ကြိမ် အခါခါ တွေးခဲ့ပါတယ် ။ ခိုင်လေး အတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရသလိုပါပဲ။ သူပြောတာက ရှင်းနေတယ်လေ ။ ဒါတွေကို လက်ခံနိုင်မယ်ဆို ရှေ့ဆက်မယ် ။ မဖြစ်နိုင်ရင် နောက်ဆုတ်မယ်ပေါ့ ။ ဒီနေရာမှာ ခိုင်လေးအကြောင်းလေးကို ထည့်ပြောမှ တရားမယ်ထင်ပါတယ် ။ တော်တော်များလည်းသိနေကြပါတယ် ။ ခိုင်လေးက အပျိုတစ်ယောက်မဟုတ်ပါဘူး။ ခိုင်လေး အသက်18နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ် ။ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ် ။ 2008ခုနှစ်မှာ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပါတယ် ။ ကလေးတွေကတော့ ခိုင်လေးနဲ့ တူတူနေကြပါတယ် ။ 2010မှာ မောင်နဲ့ ဆုံခဲ့ပါတယ် ။ ခိုင်လေး သားလေးနဲ့ သမီးလေးနဲ့ပါ အဆင်ပြေအောင်သူ ဆက်ဆံပေးခဲ့ပါတယ် ။ အဖေအရင်းတစ်ယောက်လို မချစ်နိုင်ပေမယ့် ဦးဆိုတဲ့ အခေါ်ဝေါ်တစ်ခုနဲ့ ယဉ်းကျေးစွာ ဆက်ဆံပေးတတ်တဲ့ သားနဲ့သမီး ကြောင့် ခိုင်လေး စိတ်ချမ်းသာခဲ့ရပါတယ် ။ နားလည်သိတတ်နေပြီဖြစ်တဲ့ သားနဲ့ သမီး ရှိနေတဲ့ ခိုင်လေးလို လူကို သူလို လူပျိုတစ်ယောက်က လက်ထပ်ဖို့ဆိုတာ သူတော်တော် တွေးခဲ့မှာပေါ့ ။ ဆုံခဲ့ကြတာလည်း အွန်လိုင်းပေါ်မှာလေ ။ မိုက်မဲတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ် ။ အွန်လိုင်းအချစ်မို့ တော်တော်လေးကို ဆုံးဖြတ်ခဲ့ရပါတယ် ။ သူအပေါ် စမ်းသပ်မှု အမျိုးမျိုးကိုလည်း စမ်းသပ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း မလေးရှားဆိုတာ အခြေခံ လူတန်းစားတွေ အများဆုံးလာ အလုပ်လုပ်ကြတာ များပါတယ် ။ ဒီထဲက တစ်ယောက်အပါဝင်ဖြစ်တဲ့ မောင်ဟာလည်း အခြေခံလူတန်းစားထဲက လူတစ်ယောက်ပါဘဲ ။ ပိုဆိုးတာက မိသားစု တာဝန်တွေကို တစ်ယောက်ထဲ ထမ်းနေရသူပါ ။ သူထက်စာရင် ခိုင်လေးက အစစပို ပြည့်စုံသူပါ ။ မိဘတွေရဲ့ အရိပ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေလာခဲ့ရသူပါ ။ ကလေးအမေဖြစ်ချိန်ထိအောင် မိဘတွေက အစစကို တာဝန်ယူ ဖြည့်စီးပေးထားတာမို့ ဘ၀ဆိုတာကို သိပ်ခက်ခက်ခဲခဲ မရင်ဆိုင်ခဲ့ဘူးဘူး ။ အိမ်ထောင်ကျခဲ့တုန်းကလည်း မိဘကဘဲ အစစကို တာဝန်ယူပေးတာမို့ အိမ်ထောင်တစ်ခုကို သိပ်ကြီးကြီးမားမား ဘာတာဝန်မှ မထမ်းဆောင်ခဲ့ရပါဘူး ။ ဒီလို လူသားနှစ်ဦး တွေ့ဆုံမှုက နေသားတကျဖြစ်ဖို့ဆိုတာ သိပ်ခက်မယ်လို့တွေးမိပေမယ့် သူကိုချစ်တဲ့ အချစ်တွေက အရာရာကို ခံနိုင်ရည်ရှိမယ်လို့ တွေးထင်မိခဲ့ဘူးတယ် ။ အပြင်မှာ တစ်ခါမှ မဆုံခဲ့ဘူးသေးတဲ့ မိန်းမတစ်ယောက်ကို သူပေးဆပ်မှုက ခိုင်လေးနှလုံးသားတွေကို ကျင်နေအောင် တုန်ခါစေခဲ့ပါတယ် ။ ခိုင်လေး စမ်းသပ်မှုတွေကို ဂုဏ်ထူးမှတ်ရအောင် ဖြေဆိုနိုင်ခဲ့တယ် ။ ပထမဆုံး သူခိုင်လေးဆီကို ပိုက်ဆံ 5သိန်းပို့လာပါတယ် ။ ဆုထားပါတဲ့ ။ နောက်လစဉ်လတိုင်း ပိုက်ဆံတွေ ပို့လာလိုက်တာ သူနဲ့ လက်မထပ်ခင် ခိုင်လေးဆီမှာ သူပိုက်ဆံ 15သိန်းတိတိ ရောက်ခဲ့ပါတယ် ။ လက်ထပ်မယ်လို့ တိုင်ပင်ချိန်မှာ သူပြောတယ် ။ မဖြစ်နိုင်ဘူးဆိုရင် နောက်ဆုတ်လို့ရပါတယ်တဲ့ ။ ကလေးတွေ အဖေနဲ့ ပြန်လည်ညှိနှိင်းလို့ အဆင်ပြေမယ်ဆိုလည်း ပြန်ပေါင်းနိုင်ပါတယ်တဲ့။ မောင်ပို့ပေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း ကေခေါင်းထဲက မေ့ထားလိုက်ပါကေ ။ မောင်က ကေကို ချစ်လို့ ကေသုံးဖို့ ပေးခဲ့တာပါ ။ ချစ်သူတွေ မဟုတ်တော့လို့ ပြန်ေပေးစရာလည်းမလိုပါဘူးကေ ။ ကေ အမျိုးသားနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ပါအုံးတဲ့လေ ။ သူပြောသလို ပြန်လည်ကြိုးစားခဲ့ပါသေးတယ် ။ ကလေးတွေ အဖေက ခိုင်လေးနဲ့ ကလေးတွေ မနှစ်သက်တဲ့ အချက်ကို ဘယ်တော့မှ မပြုပြင်တော့တဲ့ ဖက်တွယ်ထားမယ့်သူဆိုတာ သေချာနေတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့ မောင်ကို လက်ထပ်ဖို့ ကျွန်မ အသေချာကို ဆုံးဖြတ်လိုက်ပါတော့တယ် ။ ဒီနေရာမှာ ပြောစရာလေး နည်းနည်းရှိပါတယ် ။ မိန်းကလေးတစ်ယောက်ဘ၀မှာ တင့်တင့်တည်တည် နေနိုင်သွားဖို့ဆိုတာ ကိုယ်ကိုကိုယ် မလိမ်ညာတမ်း ဝေဖန်ပိုင်းခြားတတ်ဖို့ အဓိကကြပါတယ် ။ ကလေေးတွ ရှိနေတာကို နောက်ထပ်အိမ်ထောင်ပြုချင်တယ်လို့ အပြစ်တင်ဝေဖန်သူတွေလည်း အများပြားရှိခဲ့ပါတယ် ။ မောင်ကို သိပ်ချစ်မိသွားသလို ကျွန်မဘ၀လေးကိုလည်း တန်ဖိုးရှိရှိ နေထိုင်သွားဖို့ အတွက် မောင်ကို ကျွန်မ လက်ထပ်ခဲ့ပါတယ် ။ ခိုင်လေးက စိတ်ဓာတ်အရမ်းကို ပျော့သူပါ။ ဒီအချက်ကို အခွင့်ကောင်းယူချင်တဲ့ အကျင့်ဆိုးယောကျာင်္းတွေကို ခိုင်လေး ဆုံခဲ့ဘူးတယ်။ သူတို့ရန်က လွတ်မြောက်အောင် မနည်းကို ကာကွယ်ခဲ့ရတယ် ။ ဒီအတွက် ခိုင်လေးမှာ အားကိုးရာတစ်ခု လိုအပ်တယ်လို့ မှတ်ယူခံစားမိပါတယ် ။ ဒီအတွက် မောင်ကို ကျွန်မရွေးချယ်ဖြစ်ခဲ့တယ် ။ ကျွန်မ မောင်ကိုေ၇ွးချယ်တဲ့နေရာမှာ ငွေကြေးပြည့်စုံမှုကို လုံးဝ မကြည့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ခိုင်လေးလို လူအတွက် အရည်ချင်းရှိပြီး ခိုင်လေးဘ၀ကို အစစ်မှန်နားလည်ပေးမယ့်သူသာလျှင် အရေးကြီးသာကြောင့်ပါ။ ယောကျာင်္းကောင်းတစ်ယောက်မှာ စစ်မှန်တဲ့ အရည်ချင်းရှိနေဖို့ ၊ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်ဖို့ ၊ ကြင်နာ စာနာ နားလည်ပေးတတ်ဖို့က အရေးကြီးတယ်လို့ ခိုင်လေးမှတ်ယူထားလို့ပါပဲ ။ ဒီအချက်တွေ မောင်မှာ အကုန်ရှိတယ် ။ မိသားစုအပေါ် ဒီလောက်ကြင်နာတတ်တဲ့မောင်ဟာ ခိုင်လေးကိုလည်းဖေးမ နားလည်မယ်လို့ ယုံကြည်စွာနဲ့ သူကို လက်ထပ်ဖို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ပါတယ် ။ သူလည်းယောကျာင်္းများထဲက ယောကျာင်္းတစ်ယောက်မို့ သူဆိုးတာတွေလည်းရှိပါတယ် ။ ပြောစရာရှိရင် အားမနာတမ်း တုတ်ထိုးအိုးပေါက် အပေါက်ဆိုးတာတွေ ၊လူရှေ့မရှောင် သူဆူချင်မတရားဆူတတ်တာတွေ ၊ အ၀တ်စားဝတ်တာကအစ သူစိတ်တိုင်းကျ ၀တ်စေတာတွေက ခိုင်လေး သူကို မုန်းတဲ့အချက်တွေပါ ။ ခိုင်လေးကို ကြာကြာစိတ်မဆိုးတတ်တာတွေ ၊ ခိုင်လေး စကားမပြောဘဲ အချိန်နည်းနည်းကြာရင် သူမနေတတ်တာတွေ ၊ ခိုင်လေး မျက်နှာပျက်ရင် ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲ အတင်းလိုက်မေးတတ်တွေ ၊ မလေးရှားကို ခိုင်လေး ရောက်မှ သူအကျင့်တော်တော်များကို ပြောင်းလဲပြုပြင်လိုက်တာတွေကတော့ သူကိုခိုင်လေး အရမ်းချစ်စေခဲ့တဲ့ အချက်တွေပေါ့ ။ သူနဲ့ လက်ထပ်ခဲ့တယ် ။ ဖိတ်စာကအစ ၀တ်စုံအဆုံး ခိုင်လေးစိတ်တိုင်းကျ သေသေချာချာလေး လုပ်ပေးခဲ့ပါတယ် ။ လက်ထပ်ပြီးစီးခြင်းကအစ သတင်းစာထဲကို ထည့်ပေးပါတယ် ။ ဒါသူ ခိုင်လေးအပေါ်ထားတဲ့ တန်ဖိုးတစ်ခုပါ ။ ဘယ်အရာကိုမှ ပေါ့ပေါ့ပျက်ပျက် မထားခဲ့ပါဘူး ။ ခိုင်လေးက အရာရာကို အကောင်းကြိုက်သူမို့ သူတခါခါ စိတ်ညစ်စရာတွေရှိပေမယ့် ခိုင်လေး အလိုကျအမြဲဖြည့်စီးပေးတတ်ပါတယ် ။ အမှန်ဆို ဘ၀သမားတွေဘဲလေ သူ ခိုင်လေးကို အလုပ်လုပ်ခိုင်းရမယ် ။ သူ့ သူဠေးကတောင်ပြောပါတယ် ။ မင်းမိန်းမကို အလုပ်လုပ်ခိုင်းလေတဲ့ ။ သူပြန်ပြောတယ် ငါမိန်းမက ဘာမှ လုပ်ဘူးတာမဟုတ်ဘူး ။ မလုပ်ခိုင်းပါဘူးကွာတဲ့လေ။ တကယ်လည်း ဘာမှကို မလုပ်ခိုင်းပါဘူး ။ တခါတလေ ကလေးဆိုးလို ဆိုးချင်တာကလွဲရင် ခိုင်လေး စိတ်ချမ်းသာပါတယ် ။ မတူညီတဲ့ အသိုင်းဝိုင်းတွေကြားမှာ နေသားမကျတာ တစ်ခုကလွဲရင်ပေါ့ ။ အလုပ်ကည9.30မှ ပြန်ရောက်ပေမယ့် ခိုင်လေးကို ကူညီတတ်တဲ့ သူအကျင့်လေးက ခိုင်လေးရင်ကိုအေးမြစေပါတယ် ။ အရမ်းကို အသန့်ပြန့်ကြိုက်သလို ၊ သူကိုယ်တိုင်လည်း သန့်ရှင်းနေအောင် အမြဲနေတတ်ပါတယ် ။ အလုပ်က တစ်ရက်မှ မပိတ်ပေမယ့် စနေ တနင်္ဂနွေလိုနေ့မျိုးတွေဆို ညနေ နာ၇ီပြန်ရပါတယ် ။ ဒီလိုရက်တွေမှာဆို အိမ်အလုပ်တွေ ဘာမှ မရှိတာကိုတောင် လိုက်ကူပေးတတ်သေးတယ် ။ ခိုင်လေးမှာ ဘာတွေ ပိုင်ဆိုင်တယ်ဆိုတာ သူလုံးဝ စိတ်မ၀င်စားခဲ့ဘူးပါဘူး။ ဘာလို့ ခုလို အတိကျပြောနိုင်တာလည်းဆိုရင် သူပြောတယ် ။ ခိုင်လေး ဘာတွေပိုင်လည်း ပိုင်တာတွေ ကလေးတွေ နာမည်နဲ့လွဲပေးလိုက်ပါတဲ့ ။ တကယ်လည်း ခိုင်လေး အကုန်လွဲပေးထားခဲ့တယ် ။ သူဆီကို လိုက်လာတာ ခိုင်လေး အ၀တ်စားကလွဲရင်ဘာဆို ဘာမှ မပါခဲ့ပါဘူး ။ အစစ သူအားလုံးတာဝန်ယူစီစဉ်ပေးခဲ့တာတွေချည်းပါပဲ။ မနေ့က သူ့အလုပ်ထဲကို လိုက်သွားတယ် ။ သူက မနက် 8.30 ကနေ ည9.00ထိ အလုပ်ဆင်းရတယ် ။ ခိုင်လေးက တစ်ပတ်တစ်ခါ သူနဲ့ အလုပ်ထဲကို လိုက်သွားဖြစ်တယ်လေ။ သူပြန်တဲ့အထိ သူစက်ဘေးမှာ ထိုင်နေတာပေါ့ ။ သူ့က တွင်ခုံလုပ်ရပါတယ် ။ မလေးရှားမှာနေကြတဲ့သူတွေဆို သိကြမှာပါ ။ ဘယ်အလုပ်ရှင်ကမှ အလုပ်ထဲကို လိုက်ခွင့်ပြုမှာလည်းနော် ။ ခိုင်လေးကတော့ ကံကောင်းတယ် ။ သူ့ သူဠေးက သဘောကောင်းသူပါ။ ခိုင်လေး တစ်ပတ်တစ်ခါ သူဘေးမှာ လိုက်ထိုင်တာကို ဘာဆိုဘာမှ မပြောဘူး။ခိုင်လေးတို့ မင်္ဂလာဆောင်တုန်းကလည်း သူဠေးအပါဝင် အားလုံးလာကြပါတယ် ။ ခိုင်ေးလကိုလည်း ခင်ခင်မင်မင်ဆက်ဆံတယ် ။ သူက အလုပ်လုပ် ခိုင်လေးက သူ့ဘေးမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး note နဲ့ အင်တာနက်သုံးတယ်။ ပျင်းလာရင် သူကို စကားပြောတယ်။ ခိုင်လေး လိုက်တဲ့ နေ့တွေဆို သူဠေးက မုန့်တွေလာပေးတယ်။ တချို့သူဠေးတွေဆို မိန်းမရပြီဆို သက်သက်နေခိုင်းကြပါတယ် ။ တကယ်လို့ မိန်းမပါ အလုပ်တူတူဆိုရင်သာ တူတူပေးနေကြတာပါ။ ခိုင်လေးက ဘာအလုပ်မှ မလုပ်ပေမယ့် သူဠေးက သူငှားပေးတဲ့ အိမ်မှာဘဲ ပေးနေပါတယ် ။ ရေဖိုး မီးဖိုး အားလုံးကို သူဠေးကဘဲ ပေးတာပါ။ တူတူနေတဲ့ မောင်လေး5ယောက်ရှိပါတယ် ။ အားလုံးကလည်း ခိုင်လေးကို ဦးစားပေးကြတယ် ။ အိမ်မှာ ရေချိုးခန်းအိမ်သာတပါတည်းပါတဲ့ အခန်းကျယ်ကို ခိုင်လေးတို့ လင်မယားကို ပေးနေကြတယ်။ တပတ်တခါ သူတို့ အလုပ်ထဲကို လိုက်သွားမှ သူ အလုပ်လုပ်ရတာ မသက်သာဘူးဆိုတာကို သိလာရတယ် ။ တနေကုန် လုံးဝမထိုင်ရဘူး ။ စက်ကတချိန်လုံး လက်လွှတ်လို့လည်းမရဘူး လေ ။ မနေ့ကဆို သူအလုပ်လုပ်တာကို ထိုင်ကြည့်နေရင်း ခိုင်လေး ရင်ထဲ တော်တော်လေး မကောင်းဖြစ်မိပါတယ် ။ သူတော်တော် ပင်ပမ်းရှာပါလားဆိုတဲ့ စာနာစိတ်လေးတစ်ခုရင်ထဲကို တိုးဝင်လာချိန်မှာ နေရာတကာ ကောင်းမှ ကြိုက်တဲ့ ခိုင်လေး အကျင့်တွေကို ကြိုးစားပြုပြင်တော့မယ်လို့ ဆုံးဖြတ်လိုက်မိပါတယ် ။ ခိုင်လေးအပေါ် သူနားလည်ပေးမှူတွေ အရမ်းများသလို သူအပေါ် စာနာ နားလည်မှုတွေ ထပ်တူပေးနိုင်ဖို့ အတွက် ပြင်ဆင်ကြိုးစားရင် ခိုင်လေး (ခေါ် ) ကေ ဘေးမှာ မောင် သက်ဆုံးတိုင်ရှိနေခွင့်ကို ထာဝရပိုင်ဆိုင်ပါရစေလို့ ဘုရားရှင်ကိုယ်တော်မြတ်ထံမှာ နေ့စဉ်မပျက်ဆုတောင်းနေမိပါတော့တယ်မောင် …………………..။

No comments:
Post a Comment