Tuesday, August 26, 2014

၅၄ ။ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရှိသင့်တော် နေရာသည် မိမိခင်ပွန်းသည်ဧ။် အိမ်ပင်ဖြစ်သည်

၅၄ ။ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရှိသင့်တော် နေရာသည် မိမိခင်ပွန်းသည်ဧ။် အိမ်ပင်ဖြစ်သည် ။

အိမ်ထောင်ပြုခြင်းဆိုတာ မိသားစုဘ၀တစ်ခုကို စတင်တည်ထောင်ခြင်း ဖြစ်ပါတယ်။ လောကကြီးမှာ ရှိကြတဲ့ လူမှုရေးအဆောက်အုံရဲ့ အရိုးရှင်းဆုံး အခြေခံအကျဆုံး ဖွဲ့စည်းမှု တစ်ရပ်ကတော့ အိမ်ထောင်ပြုခြင်းပါပဲ ။ လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြပါသနည်း။ မိသားစု ဆိုတဲ့ ရိုးရှင်းကြည်နူးဖွယ် ဘ၀လေးနဲ့ နွေးထွေးမှုကို လိုချင်လို့ပါ ။ ခုခေတ်မှာ အိမ်ထောင်ပြုလိုက်ကြပေမယ့် ဘ၀အခြေနေတွေကြောင့် မယ်တစ်ရွာ ၊ မောင်တစ်မြို့တွေ အများကြီးမှာပါပဲ ။ ဘယ်သူမှ ခွဲမနေချင်ကြပေမယ့် အခြေနေတွေ ကြောင့် တကွဲတပြားဆီ နေနေကြရတဲ့ အိမ်ထောင်ရှင်တွေ အများပြားရှိနေပါတယ် ။ သူတို့တွေ ရဲ့ ရင်ထဲမှာ နွေးထွေးတဲ့ မိသားစု အသိုက်မြုံလေးတွေကို လွမ်းဆွတ်သတိရနေကြမယ်ဆိုတာ တွေးကြည့်ရင် ပြေးကြည့်တာထက်ပင် မှန်ကန်နေမှာပါ ။ သူငယ်ချင်း ၊ မိဘ ၊ ညီအကို မောင်နှမတွေကို ပြောလို့မရတာတွေ ဇနီးမောင်နှံတွေ ကြားမှာ အများပြားရှိနေတတ်ပါတယ် ။ ဇနီးသည်တိုင်း မိသားစုဆိုတဲ့ ခံစားချက်လေးတွေနဲ့ ကြည်နူးချင်လို့ အိမ်ထောင်ပြုကြခြင်းအမှုကို ပြုကြတယ် ။ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ အလှပဆုံး ကပြနိုင်ဖို့အတွက် ကျရာ ဇာတ်ကွက်မှာ ဆုံစည်းခြင်းပြကွက်တွေကိုလည်း ကပြကြည်နူးနေရသူတွေ ရှိနေသလို ၊ ခွဲခွာခြင်းဆိုတဲ့ နာကျင်ခြင်း ပြကွက်တွေကိုလည်း ရင်နာနာနဲ့ ကပြနေရ သူတွေလည်း အများပြားရှိနေကြရပါတယ် ။

ကျွန်မ လေယာဉ်ကွင်းကို ရောက်တိုင်း မမြင်ချင်ဆုံး မြင်ကွင်းတွေ ရှိပါတယ် ။တိုင်းတစ်ပါးကိုထွက်ခွာသွားသူ ခင်ပွန်းသည်ကို ဖြစ်စေ ၊ ဇနီးသည်ကို ဖြစ်စေ လိုက်ပို့ လက်ပြ မျက်ရည်ကျနေတဲ့ မြင်ကွင်းတွေကို ကျွန်မ မမြင်ချင်ဘူး ။

ခွဲခွာခြင်းဖြစ်စဉ်တွေကို မလုပ်ချင်ပါဘူးလို့ လွန်ဆန်ခွင့်တာရခဲ့မယ်ဆို ငြင်းဆိုချင်ကြမှာပါ ။ ဒီလိုနေရမယ် လို့ ဖြစ်လာခဲ့တဲ့ အတွက် နေတတ်အောင် ကြိုးစားကြရတယ် ။ ဒါပေမယ့် အိမ်ထောင်ရှင် အမျိုးသမီးတိုင်းကို မေးကြည့်လိုက်ပါ ။ ဘယ်နေရာမှာ အနေချင်ဆုံးလည်းဆိုရင် မိမိခင်ပွန်းသည် သားသမီးတွေ ရှိနေသော နေရာတွင်သာ နေချင်တယ်လို့ တစ်ညီတညွတ်တည်း ဖြေကြမှာပါ ။ မဖြစ်သာလို့ ခွဲနေရပေမယ့် ကျွန်မတို့ မိန်းမသားတွေ ရင်ထဲမှာအမြဲ တမ်းတနေမှာ ကျွန်မတို့ မိသားစုအိမ်လေးကိုပါပဲ ။ မိန်းမသားဆိုတာ ဘယ်လောက် စိတ်ဓာတ်တွေ ခိုင်မာပါစေ ၊ ပညာတွေအော်ပျံအောင် တတ်နေပါစေ ၊ ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာနေပါစေ သိပ်ကို ၀မ်းနည်းစေတဲ့ အခါမျိုး ၊ စိတ်ဓာတ်တွေ ကျဆင်း
နေတဲ့ အချိန်မျိုး တွေမှာ ယောကျာင်္းရင့်မာတွေလိုတော့ တောင့်ခံနိုင်ဖို့ အင်အားနည်းကြပါတယ် ။ ရင်ခွင်လေးတစ်ခု နှောင်ဖွဲ့ခြင်းတွေမပါတဲ့ နွေးထွေးတဲ့ မိမိခင်ပွန်းသည် ရင်ခွင်ကို မျှော်လင့်တောင်းတ လွမ်းဆွတ်ကြပါတယ် ။ ဒုက္ခရောက်ချိန်မှ တမ်းတ တောင်းတခြင်းမျိုး မဟုတ်ပါဘူး ။အချိန်တိုင်း သတိရနေတတ်ပေမယ့် ခံစားနာကျင်ရချိန်မှာ ပိုလိုတမ်းတ မျှော်လင့်မိခြင်းမျိုးပါ ။ ဘ၀အတွက် ရုန်းကန်ခြင်းများစွာထဲက ခွဲခွာခြင်းဆိုတဲ့ ရုန်းကန်ရခြင်းမျိုးကို အိမ်ထောင်ရှင်အမျိုးသမီးတိုင်း မကြုံဆုံကြပါစေနဲ့ ။လောကကြီး မှာ ရှိကြကုန်သော ဇနီးသည်တိုင်း ရင်ခွင်ပျောက်နေသူတွေ အဖြစ်ကနေ လွတ်မြောက်ကြပါစေ ။ တစ်ကွဲတစ်ပြားဆီနေရခြင်း ဒုက္ခတွေက ကင်းဝေးကြပါစေ ။ အစားထိုးရင်ခွင်တွေကို ရှောင်ရှားနိုင်ပါစေ ။အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရှိသင့်တော် မိမိခင်ပွန်းသည်ဧ။် အိမ်လေးတွင် မိသားစု ဆိုတဲ့ ဘ၀လေးတွေ
ကို အလှပဆုံး ပုံဖော်ဖန်တီး တည်ဆောက်နိုင်ကြပါစေ လို့ ဒီခံစားချက်စာမူလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်ပါရစေ ။

ခိုင်လေး ( ရွှေတောင် )

အစ်ကိုဆရာ ကွန်ဆူးမားရဲ့ စာသားလေးပါ ။

ပျော်ရွှင်စရာတွေ မရှိတဲ့........
ခင်ပွန်းသည်ရဲ့ အိမ်က House...............

ပျော်ရွှင်စရာတွေ ရှိတဲ့........
ခင်ပွန်းသည်ရဲ့ အိမ်က Home...............

ဘယ်ကိုရောက်ရောက်...... ဘယ်မှာ ရှိရှိ သတိရတမ်းတပြီး သစ္စာတရားတည်နေရာနေရာက Own Land (or) my Heart ပေါ့....

ဟဲဟဲဟဲ.......... တကယ်တော့ အမျိုးသမီးတစ်ယောက်ရှိသင့်တာက သူ့ရဲ့ ခင်ပွန်း(သို့)ချစ်သူရဲ့ နှလုံးသားပါပဲ............ နော်။တဲအိုပျက်ပဲ ဖြစ်ဖြစ်....... ရွှေနန်းတော်ပဲဖြစ်ဖြစ်........ ကန္တာရပဲဖြစ်ဖြစ် အားလုံး အတူတူပါပဲ......

ကွန်ဆူးမား

No comments:

Post a Comment