Tuesday, August 26, 2014

၂၆ ။ အက်ကြောင်း



၂၆ ။ အက်ကြောင်း
ခိုင်လေး ( ရွှေတောင် )

28.jpg

အက်ကြောင်းလေး တစ်ခုဟာ တစ်ဘက်နဲ့ တစ်ဘက်ကို ကွာဟစေတဲ့ အကြီးမားဆုံး ရန်သူပါပဲ ။လူတစ်စုနဲ့ တစ်စု ကြားကွာဟနေမှုလေးတွေဟာ မထင်မှတ်တဲ့ အခြေနေ အချိန်အခါတခုမှာပြသနာရယ်လို့ ဖြစ်လာတတ်တယ် ။ ပြသနာဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါ။ ပြသနာတိုင်းသည် လူကို  ပူလောင်စေသည့် အပြင် လောင်မြိုက်ဝါးပြိုစေနိုင်တဲ့ အဆိုးရွားဆုံးသော လက်နက်တစ်ခုပါပဲ ။ယခုမလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အဖမ်းဆီး ပြသနာတွေ ၊ တရားမ၀င်မြန်မာအလုပ်သမားတွေကို နေရာအနှံ့ပြား ဖမ်းဆီးနေတဲ့ သတင်းတွေ ၊ ဖမ်းဆီးရင်းကြောက်ကြောက်လန့်လန့် တိုက်ပေါ်က ခုန်ချလို့ သေဆုံးသွားတဲ့ အသက်နှစ်ဆယ်အရွယ် မြန်မာကောင်လေးသတင်းတွေကို ကြားရတဲ့အခါ တကယ်ဘဲ ရင်ထဲမကောင်းမိပါဘူး ။ ကာကံယရှင်များသာမက နီးစပ်သူအားလုံးကို စိုးရိမ်ထိတ်လန့်စေရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င်အလုပ်သမားဘ၀တွေကို ရောက်ခဲ့ကြရတယ် ။ ကိုယ့်အကြောင်းကိုကိုယ်သာအသိဆုံးဖြစ်ပါတယ် ။ မဖြစ်သာလို့ တရားမ၀င်ဘ၀နဲ့ ရင်တထိတ်ထိတနေနေကြရတဲ့ သူတွေချည်းပါပဲ ။ဒီလိုအခြေနေမျိုးမှာ အရမ်းတမ်းတမိတာလေးတစ်ခုရှိပါတယ် ။ဒို့မြန်မာပြည်ကြီး တိုးတက်ထွန်းကားပါစေဆိုတဲ့ ဆန္ဒတစ်ခုပါပဲ ။ မြန်မာပြည်ကြီးကို အလွန်ပဲ တိုးတက် ဖွံ့ဖြိုးစေချင်မိပါတယ် ။အဲဒီလိုတာဖြစ်ခဲ့မယ်ဆို မိသားစုတွေလည်း နွေးထွေးစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြမယ် ။ မိသားစု ထမင်းဝိုင်းလေးတွေ ပြန်လည်စိုပြည်လာမယ့် မြင်ကွင်းလေးတွေကို ကြည်ကြည်နူးနူး တွေ့မြင်နိုင်ကြမှာဖြစ်ပြီး  ခုလိုစိုးရိမ်ထိတ်လန့်စရာတွေနဲ့ ကျီးလင့်စာ  စားနေရတဲ့ ဘ၀တွေက ကင်းဝေးကြရမှာပါ ။မိသားစု တစ်ခု ၊ တိုင်းပြည်တစ်ပြည် တိုးတက်ထွန်းကားဖို့ ဆိုတာ အတူတကွအေးချမ်းစွာ လက်တွဲလုပ်ဆောင်ဖို့ဟာ အရေးကြီးတဲ့ အဓိကအချက်ထဲမှာပါဝင်ပါတယ် ။ သူတစ်မျိုး ငါတစ်ပေါက် နဲ့ လုပ်နေလို့ကတော့ အင်အားတစ်ရပ်ကိုကျွန်မတို့ ရနိုင်မှာ မဟုတ်ဘဲ ချိနဲ့ပြိုယိုင်ပျက်ဆီးခြင်းကိုဘဲ ဦးတည်သွားမယ်ဆိုတာအားလုံးနားလည်ကြမှာပါ ။

ကျွန်မတို့ ကိုးကွယ်တဲ့ မြတ်စွာဘုရား လမ်းညွန်ဟောကြားခဲ့တဲ့ တရားဓမ္မ လမ်းစဉ်လေးတွေကို လိုက်နာရင်း မေတ္တာတရားလေးတွေ ထားတတ်ဖို့ လိုအပ်နေပါပြီ။ မေတ္တာဟာ တည်ဆောင်မှုကို ပြုတယ်။ သူနဲ့ ဆန့်ကျင်ဘက်က ရန်လိုခြင်းဖြစ်ပါတယ် ။ရန်လိုခြင်းသည် ပြိုပျက်ခြင်းကိုသာ ပြုတတ်ပါဧ။် ။အဲဒီတော့ ကျွန်မတို့ မြန်မာပြည်ကြီး ကိုတိုးတက်ထိုးကားဖို့ အားလုံးစည်းလုံးဖို့ အချိန်တန်နေပါပြီ ။ အတူတကွ နှစ်ပေါင်းများစွာ ယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံး တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ လက်တွဲကာ ကျွန်မတို့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ကြမယ်ဆိုရင် နောင်လာနောင်သားများအတွက် အလွန်တရာ အကျိုးကြီးမှာ ဖြစ်ပါတယ် ။ယခုကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိုးရိမ်သောကပူပန်မှုတွေကို နောင်လာနောင်သားတွေထိ လက်ဆင့်ကမ်း မမျှဝေချင်တော့ပါဘူး ။ ကျွန်မတို့ရဲ့ နောင်လာနောင်သားများကိုမိမိတိုင်းပြည်မှာ အေးအေးလူလူ လုပ်ကိုင်စားသောက်ခွင့် ရနိုင်ဖို့ ကျွန်မတို့ တိုင်းပြည်ကြီး တိုးတက်အောင် လက်တွဲလုပ်ဆောင်လိုက်ကြရအောင် ။အချင်းချင်းအားကြီးတဲ့ မေတ္တာတရားတွေနဲ့  စိတ်ရှည်သည်းခံပြီး ကိုယ့်အကျိုးထက် သူ့အကျိုးကို  ဦးစားပေးပြီး ကြိုးစားလုပ်ဆောင်သွားကြမယ်ဆိုခဲ့ရင် တဟုန်ထိုး မဟုတ်သည့်တိုင် တရိပ်ရိပ်မြင့်တက်လာနိုင်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။လူမျိုးပေါင်း 135 မျိုးခန့် ရှိတဲ့ မြန်မာပြည်မှာ တိုင်းရင်းသားများကြားမှာရှိနေတဲ့ ဘယ်လိုကွာဟမှုမျိုးကိုမှ ပမာမပြုဘဲ တစ်ဦးနဲ့ တစ်ဦး စည်းလုံးညီညွတ်စွာလက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် အမိတိုင်းပြည်တိုးတက် ယုံသာမက စစ်ရေးစစ်ရာများပါ အေးချမ်းပြီး သာယာတဲ့ လူ့ဘောင်လေးတစ်ခု ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေကြားမှာ ရှိနေတဲ့ အက်ကြောင်းလေးတွေကိုစေ့စပ်ရင်း ကျွန်မတို့ တိုင်းပြည်ကြီး တိုးတက်အောင် လက်တွဲလုပ်ဆောင်လိုက်ကြပါစို့။

ဒီဆောင်းပါးလေး ဖြစ်လာဖို့ စိတ်ကူးပုံဖော်ပေးတဲ့ မမနန်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် ။

No comments:

Post a Comment