၇၃ ။ အချစ်စစ်ဆိုသည်မှာ - ဒီနေ့ထုတ်
27. 8 . 2014 Women's World ဂျာနယ်ပါစာမူလေးပါ
။
ရေးသားသူ = ခိုင်လေး
( ရွှေတောင် )

ကျွန်မတို့ပတ်ဝန်းကျင်မှာ
မကြာခဏကြားနေရတဲ့ စကားလေးတစ်ခွန်းရှိပါတယ် ။ ဒါကတော့ လူတစ်ဦးက တစ်ဦးကို ချစ်တယ်လို့
ပြောတတ်ကြတာပါပဲ ။ ချစ်တယ်လို့ ပြောနိုင်ဖို့အတွက် ချစ်တယ်ဆိုတဲ့ ခံစားချက်ဖြစ်တည်စေဖို့
အကြောင်းအရာတွေတော့ လိုအပ်တယ်လေ ။ အချစ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေဖို့ အတွက် ကျွန်မလေ့လာထားမိတဲ့အချက်လေးတွေ ရှိပါတယ် ။
နံပတ်
( ၁ ) - ခင်မင်ရင်းနှီးခြင်းကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ်
( ၂ ) - သနားခြင်းကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ်
( ၃ ) - မြင်မြင်ချင်း ရင်ခုန်ရာကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ်
( ၄ ) - လေးစားအားကျရာကနေ စတင်ပေါက်ဖွားလာသော အချစ်
နံပတ်
( ၅ ) - အထိအတွေ့ နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော
အချစ်
နံပတ်
(၆)- အနေကြာလာသည်နှင့်အမျှ ကိုယ်အပေါ်ထားရှိသော နားလည်ခြင်း ၊ ကိုယ်အပေါ်ထားရှိသော မေတ္တာတရားတွေကို
သိရှိနားလည် ခံစားမိချိန်တွင် ဖြစ်တည်လာသော လေးနက်ခိုင်မာသော အချစ်
ဆိုပြီး
အခြေခံ အကြောင်းအရာ ခြောက်ချက်ကို တွေ့ရှိရပါတယ် ။ ဒီအချက်တွေထဲက မခိုင်မြဲဆုံး အချစ်ဟာ
* နံပတ် ( ၅ ) - အထိအတွေ့ နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော အချစ် * ပဲဖြစ်ပါတယ် ။ အထိအတွေ့ နီးစပ်မှု့ကနေ စတင်ပေါက်ဖွားလာသော
အချစ်ဟာ အချစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ သံယောဇဉ်မေတ္တာဆိုတာတွေကို အုတ်မြစ်မချနိုင်ပါဘူး ။ ဒီအချစ်ရဲ့ သဘောတရားက ကာမ
ဆန္ဒ ကနေဖြစ်ပွားလာသော အချစ်ဖြစ်တာမို့ အချစ်စစ်
အချစ်မှန်မဟုတ်နိုင်ပါဘူး ။
အချစ်စစ်
အချစ်မှန်ဆိုတာ အနေဝေးလို့လည်း သွေးအေးမသွားနိုင်ပါ ။ အနေနီးတိုင်းလည်း အချစ်စစ် ဖြစ်မလာနိုင်ပါဘူး
။နီးစပ်ခြင်းအပေါ် သာယာနေခြင်းမျိုးပါ ။ ဒါကို အချစ်လို့ ထင်ယောင်ထင်မှား ခေါင်းစဉ်တပ်မိကြပြန်တယ်
။ တကယ်တော့ အချစ်ဆိုတာ တန်ဖိုးရှိရတနာ တစ်ပါးပါ ။ ဒီလိုတန်ဖိုးရှိတဲ့ ခံစားချက်လေးကို
ပေါ့တန်စွာ အသုံးချနေကြတာတွေကို တွေ့ရမြင်ရတိုင်း ရင်ထဲမကောင်းဖြစ်မိပါတယ် ။
ခေတ်ကြီးကပဲ
လူတွေကိုပြောင်းလဲစေခဲ့တာလား ။ လူတွေကပဲ ခေတ်ကိုညစ်နွမ်းသွားစေခဲ့သလား ။ လူတိုင်းကို
မဆိုလိုသော်လည်း ယောက်ျားလေးအများစုသည် မိမိချစ်သူအပေါ် တန်ဖိုးထားရကောင်းမှန်းမသိကြတော့ပေ
။ မိန်းကလေး တစ်ချို့သည်လည်း သူတို့၏ ချစ်သူအမျိုးသားများအပေါ် မိန်းကလေးပီတခြင်း ဆိုသော
အချက်တွေဖြစ် ဆွဲဆောင်ကြဖို့ မေ့လျော့ကုန်ကြပါပြီ ။ အထိအတွေ့ဆိုတာ အချစ်ကိုမွေးဖွားစေတဲ့အရာဟု
ဘယ်ပညာရှိကများ ပြောခဲ့ဘူးပါလိမ့် ။ ဘယ်သူမှ မပြောခဲ့ပါဘူး ။
ကျွန်မကြုံဆုံခဲ့ရသော
အချစ်ကတော့ ရိုးရှင်းပါ၏ ။ ဘာကြောင့် ချစ်ခဲ့ပါသလဲ။ အရိုးရှင်းဆုံး
ဝန်ခံရလျှင် အကြောင်းပြချက်မရှိအောင် တန်ဖိုးထား ချစ်မိသွားလို့ပါ ။ ရင်ခုန်ခြင်းတွေကို
အချစ်ပင် ပျိုး ၊ကြင်နာခြင်းတွေကို မြေသြဇာချ ၊သံယောဇဉ်ရေစင်တွေကို ပတ်ဖျန်းကာ သစ္စာတရား
ဆိုတဲ့ ပိုးသတ်ဆေး သုံးစွဲပြီး အန္တာရယ်အပေါင်းက ကင်းလွတ်အောင် အလှပဆုံး အချစ်ပန်းလေးကို
အမျိုးသားအတွက် ဖူးပွင့်စေခဲ့ပါတယ် ။
အထိအတွေ့ဆိုတဲ့ ဆွဲဆောင်မှု့မျိုးနဲ့
ဆွဲဆောင်မှ ရတဲ့အချစ်ဟာ ဘယ်လိုနည်းနဲ့မှ အချစ်စစ်အချစ်မှန်မဟုတ်တဲ့ အတွက် ရေရှည်ခံမှာလည်း
မဟုတ်နိုင်ပါ ။ အချစ်အတွက် ရိုးရှင်းရမယ် ။
ရိုးသားရမယ် ။ ကိုယ်ချစ်သူကို အဆင်တန်ဆာတွေ ဆင်ပြီးပြောတဲ့ ချစ်စကားထက် * မင်းကို ကိုယ်သိပ်ချစ်တယ် *ဆိုတဲ့စကားတစ်ခွန်းဟာ
အကောင်းဆုံး ၊ အလေးနက်ဆုံး နှင့် ကြည်နူးစရာ အကောင်းဆုံး စကားလေးတစ်ခွန်းပါပဲ ။
စစ်မှန်သောချစ်ခြင်းရဲ့
အနှစ်သာရဟာ နူးညံ့သိမ်မွေ့ခြင်းမှ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမျိုးပါ ။ နားလည်မှု
၊ သည်းခံမှုဆိုတဲ့ အရာတွေဟာ အမှန်တကယ် ချစ်မိသွားသူတွေရဲ့ ရင်ထဲကို အလိုလို ၀င်ရောက်
လာတတ်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် တဖြည်းဖြည်းချည်နှောင်ထားတတ်ကြတဲ့ မေတ္တာတရားတွေ၊သံယောဇဉ်တွေဟာ
အချစ်ရဲ့ အနှစ်သာရတွေပါပဲ။
ကိုယ်ပိုင်ဆိုင်ရရှိထားတဲ့
ချစ်ခြင်းတွေ ကိုယ်ဆီကနေ ပြေးထွက်မသွားဖို့ဆိုတာ အထိတွေ့နဲ့ စွဲဆောင်နေမှာ ခိုင်မြဲနေမှာ
မဟုတ်ပါဘူး ။ ကိုယ်ချစ်သူအပေါ် အမှန်တကယ်ချစ်မိပြီဆိုလျှင် ချစ်သူကိုတန်ဖိုးထားတတ်ပါ
။ လေးစားပါ ။ အလေးနက်ရှိပါ ။ သစ္စာတရား လက်ကိုင်ထားပေးပါ ။ အရေးကြီးဆုံးက မေတ္တာနဲ့ နားလည်မှု့တွေ
မိမိဆီက မကင်းကွာသွားအောင် ဂရိုစိုက်ဖို့ပါပဲ ။
အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု
သက်သက်လည်းမဟုတ်သလို ၊ စိတ်ခံစားမှု
သက်သက်လည်း မဟုတ်ပါဘူး ။ ကိုယ်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရားကို
တန်ဖိုးထားလေးစားရမှာပါ ။သိပ်ကိုပြီးပြည့်စုံတဲ့ ချစ်ခြင်းတရားကို
ပိုင်ဆိုင်ထားရသူတွေဟာ အချစ်နဲ့ ပတ်သတ်တဲ့ ကောင်းမွန်တဲ့ အရာတွေကိုချည်း
ပိုင်ဆိုင်ထားရတာ မဟုတ်ပါဘူး ။ မိမိခံစားလိုက်ရတဲ့ အချစ်ကို အကောင်းဆုံး
ပုံဖော်ဖန်တီးတတ်ကြလို့ပါပဲ ။
ချစ်သူအပေါ်ထားတဲ့
စိတ်ခံစားချက်တိုင်းဟာ စေတနာပါရမယ် ။ ချစ်သူကို ခွင့်လွှတ်နားလည်တတ်ဖို့
လိုအပ်ပေမဲ့ အလိုလိုက်ဖို့တော့ မဟုတ်ပါဘူး ။ ခွင့်လွှတ်တာနဲ့ အလိုလိုက်ခြင်းဟာ
မတူညီပါဘူး ။ ချစ်သူကို အားပေးနှစ်သိမ့်တတ်ဖို့လိုအပ်ပေမဲ့
အချိန်တိုင်းမယုံသင်္ကာစစ်ဆေးနေဖို့တော့ မလိုအပ်ပြန်ဘူး ။ ကျွန်မတို့ခံစားတတ်ကြတဲ့
အချစ်ဆိုတဲ့ ခံစားချက်လေး ထာဝစဉ်လှပတည်တံ့နေစေဖို့ ကျွန်မတို့ပေါ်တွင်သာ
မူတည်နေပါတယ် ။ မှန်ကန်တဲ့ ဆွဲဆောင်ခြင်းတွေနဲ့ လှပတဲ့ ခံစားချက်လေးကို
အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ခြင်းဖြင့်
စစ်မှန်တဲ့ ချစ်ခြင်းတွေကို လက်ကမ်းကြိုဆိုနိုင်ကြပါစေ ။ချစ်သူတိုင်း
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကို ပိုင်ဆိုင်ကာ ပျော်ရွင်ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment