Tuesday, August 26, 2014

၈ ။ ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့



၈ ။ ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
Women's World Journal ပါဆောင်းပါးလေး
10152604_625872457493630_370042960_n.jpg
ကိစ္စတစ်ခုနှင့် ဆိုက်ကယ်လေး စီးပြီး  ပြည်ကို သွားခဲ့ပါတယ် ။ လမ်းတစ်ဝက်အရောက်မှာ က စစ်ဆေးရေးဂိတ်မှာ စောင့်နေသော ယာဉ်ထိန်းရဲများမှ ဆိုက်ကယ်ကို  တားပါလေကော ။ ခပ်တည်တည်နဲ့ ရပ်ပေးရတာပေါ ။ တားနေတာကို မရပ်လို့မှ မရတာဘဲလေ ။ လိုင်စင်တောင်းတယ်    ဘယ်ရမလည်း အိတ်ထဲကို ခပ်တည်တည် နှိပ်လိုက်တယ် ။ ပြာကလက်စိန် ဒေါ်ခိုင်လေး ထူပူသွားပြီ ။ အယ်မေ့ကျန်နေပြီ ပါမလာဘူးတော့။သွားပြီ အဲဒီမှာ ပြစ်မှုက တစ်ခု ။ ထပ်မေးတယ် ဆိုက်ကယ် ၀ှီးတက် ပြပါ ။ ထပ်ရှာကြည့်တယ် ။ ပါမလာပြန်ဘူး ။
သွားပြန်ပြီ နှစ်မှု့ ။ တော်သေးတယ် ဆိုက်ကယ်ဦးထုပ်တော့ ဆောင်းထားပေလို့ ။ ဒါနဲ့ ဒဏ်ငွေ ၁၁၀၀၀ ကျပ်တိတိ ဆောင်လိုက်ရလေ၏ ။ အိတ်ထဲက ပိုက်ဆံ ရှောခနဲထွက်ကုန်တာမို့ စိတ်ကလည်း အတော်လေး တိုနေပါပြီ ။ ပြည်ရောက်လျှင် ၀က်သားတုတ်ထိုးစားမယ် ၊ စပါကီ ဆွဲမယ်ဆိုသည့် အတွေးအားလုံး ပလုံသွားလေ၏ ။ စိတ်ပျက်ခြင်းများသွာဖြင့် ဆက်မောင်းလာစဉ်  ပြည်ရောက်ခံနီး  ဆိုက်ကယ် ဘီးကပေါက်ပြန်ပါလေကော ။
ဘယ်လောက်ကံဆိုးစေသည့် နေ့ပါလဲ ။ တိုက်ဆိုင်လွန်းစွာ ဆက်တိုက်ဖြစ်ပေါ်နေသည့် အကြောင်းအရာတို့ကြောင့် ဒေါသတွေ ဖြစ်တည်လာရတယ် ။ ထို  ဒေါသဆိုသည့်အရာက တစ်ကိုယ်လုံးသို့ လွှမ်းခြုံ သွားလေ၏ ။ စိတ်တိုတိုနဲ့ ဆိုက်ကယ်ကို ဘီးဖာဆိုင်ထိ တွန်း။ ဆိုက်ကယ် တွန်းနေရင်း မောတော့ စိတ်တိုတာတွေက ဒီဂရီတွေတက် ။ ဘီးဖာဆိုင်ရောက်ပြန်တော့ ဆိုက်ကယ်ထားပြီး လိုင်းကားဆိုသည့် အရာကို တားပြီး ပြည်ကနေ ရွှေတောင်ကို ပြန်ခဲ့လိုက်ပါတော့တယ် ။
 ခိုင်လေး တက်စီးသည့် ကားမှာ ဈေးသိမ်းချိန်ဖြစ်တာမို့ လူများ ကျပ်ညှပ်နေပါတယ် ။ ဈေးသည်တွေ ပြန်ချိန်မို့ ကားပေါ်မှာ ဈေးသည်တွေက အများပြားပေါ့ ။ လူပေါင်းစုံမို့ အနံ့သက်ကလည်း အစုံ ။ ကြီးကျယ်တာမဟုတ်ပေမယ့် အနံ့ဆိုး ဒဏ်တွေကို ခိုင်လေး ခံနိုင်ရည်မရှိဘူး ။ ဒေါ်သန့်လို့ပင် အိမ်က ခေါ်ဆိုကြသည်အထိ ဇီဇာကြောင်သူတစ်ဦးပါ ။ သောက်ရေအိုးက ရေခွက်တောင် တစ်ယောက်ထဲ တစ်ခွက်ထားသည့် သူမျိုးပေါ့ ။  ကားပေါ်ရောက်လို့ အမောဖြေမယ်ကျန်သေး ပြသနာက စပါတော့တယ် ။ ခိုင်လေးဘေးနားက ဈေးသည်အန်တီကြီး တစ်ယောက် ။ ငိုက်လိုက်တာမှ တအားပါပဲ ။ တစ်ချိန်လုံး ခိုင်လေး အပေါ်ကိုမှီလို့ ။ ကားကကျပ်ပါတယ်ဆိုမှ သူကမှီ သူဆီက အနံ့တွေက ခိုင်လေးနှာခေါင်းဆီသို့ တည့်တည့်မတ်မတ်ကြီး ၀င်လာနေ၏ ။ တော်တော်လေး ငိုချင်မိသွားတယ် ။
ထိုစဉ် ရုတ်တရက်ဆိုသလို ခိုင်လေး ခေါင်းထဲသို့ မဆီမဆိုင်အတွေးတွေ တန်းစီ ၀င်ရောက်လာခဲ့တယ် ။ ဘာကိုအရင်တွေးလိုက်မိသလဲဆိုရင် ဆိုက်ကယ်အဖမ်းခံရတာကစပြီး တွေးမိလိုက်တယ်။ ဖမ်းတဲ့ သူအပြစ်လား ၊ စည်းကမ်းပေါ့လျော့တဲ့ ခိုင်လေး အပြစ်လား ။ တကယ်တော့ ဆိုက်ကယ်စီးရင် လိုအပ်တဲ့  လူလိုင်စင်၊ဆိုက်ကယ်လိုင်စင်၊ ဆိုက်ကယ်စီးဦးထုပ် ဆိုတာတွေ ပြည့်ပြည့်စုံစုံပါခဲ့မယ်ဆိုရင် ဘယ်သူမှ ဖမ်းစရာမလိုဘူးလေ ။ ခိုင်လေး ပေါ့လျော့လို့အပြစ်ပေးခံရတာကို ဘယ်သူကို စိတ်တိုနေရသနည်း ။  တိုရင်းတို ကိုယ်ကို တိုရမှာပေါ့ ။ ခိုင်လေးက တစ်လနေလို့ တစ်ခါတောင် အပြင်ထွက်သည့်သူ မဟုတ်ပါဘူး ။ တခါတလေ ကိုယ်သွားမယ့် ခရီးကိုသေချာပြင်ဆင်ရမည်ကို ပေါ့လျော့မိတာ ကိုယ်အပြစ်ပေ ။  ဒီလိုတွေးမိလိုက်ချိန်တွင် တိုနေသည့် စိတ်များ ပြေလျော့သွားလေ၏ ။
 စိတ်ပြေသွားချိန်တွင် စိတ်အစဉ်သည်လည်းကြည်လင်လို့သွားလေ၏ ။ ဘေး အိပ်ငိုက်နေသော အန်တီကြီးထံ တချက်စောင်းငဲ့ကြည့်လိုက်မိပြန်တယ် ။ နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေရှာလေ၏ ။ ဈေးသည် အန်တီကို ငေးကြည့်နေရင်း စိတ်တိုခြင်းခံစားချက် အစား ဂရုနာသက် သနားခြင်း ခံစားချက်တွေ အစားထိုးဝင်ရောက်လာတယ်။ ခိုင်လေးမနက်ကဆို (  ၇.၀၀ )နာရီ ထိုးမှ အိပ်ယာကထဖြစ်တယ်  ။ ၇ နာရီမှ ထသည်ကိုပင် လူက အိပ်ချင်မူးတူး ဖြစ်နေပါသေးတယ် ။  ဒီဈေးသည် အန်တီဆို ခိုင်လေးတို့ ဇိမ်နဲ့ နှက်နေသည့် မနက် ၃ နာရီလောက်ကတည်းက ထနေရလောက်ပါပြီ ။ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရသည့် ဘ၀သမားတွေမှာ ခိုင်လေး တို့ သုံးနေကြ ဂျိုင်းလိမ်းတောင့် ၊ ရေမွှေး အစရှိတာတွေ ဘယ်မှာ သုံးနိုင်မလဲ ။  ဘ၀အတွက် ရုန်းကန်နေရသူတွေမို့ ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့  ဆိုတာဘဲရှိမှာပေါ့ ။ ဒါကို နားလည်မိလိုက်တဲ့ အချိန်မှာ ခိုင်လေး ရင်ထဲမှာ ရှိနေသည့် ဒေါသတွေ၊စိတ်တို ခြင်းဆိုတာတွေ စိုးစဉ်းမျှမရှိတော့ပါဘူး ။ ထိုစိတ်တွေအစား စာနာနားလည်ခြင်း ၊ သနားခြင်းဆိုသည့် ခံစားချက်တွေက နေရာအပြည့် ယူသွားပါတော့ ၏ ။ ကားပေါ်မှ ဆင်းခံနီးအချိန်ကျမှ မှီနေသည့် ဈေးသည်အန်တီ၏ဦးခေါင်းကို ညင်တာစွာ ဖယ်လိုက်မိပါတယ် ။ ဒီချိန်မှ နိုးသွားသည့် ထိုအန်တီမှ ခိုင်လေးကို အားနာ ဟန်ဖြင့် ပြုံးပြလာပါတယ် ။ သူမှအပြုံးကို နားလည်မှု အပြုံးဖြင့် တုံ့ပြန်ပြုံုးပြရင်း စိတ်လက် ပေါ့ပါးစွာဖြင့် ကားပေါ်မှ ဆင်းလာခဲ့လိုက်ပါတော့၏ ။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment