၇၀
။ အဆိုး အကောင်း
Women's
World Journal
ရေးသားသူ
= ခိုင်လေး ( ရွှေတောင် )


25.6.204 - ဒီနေ့ထုတ်
Women's World Journal ပါဆောင်းပါးလေးပါ ။
၇၀ ။ အဆိုး အကောင်း
Women's World
Journal
ရေးသားသူ = ခိုင်လေး
( ရွှေတောင် )
အကြောင်းအရာတိုင်း၌ အဆိုးအကောင်း ဒွန်တွဲနေခြင်းသည် လောကကြီး၏ ညီမျှခြင်းတစ်ခုဖြစ်ခဲ့လေသလား။
အဆိုးအကောင်း စသည်တို့အား ခံနိုင်ရည်ရှိခြင်းသည်ပင် လူတစ်ယောက်၏ အရည်ချင်းဟု သတ်မှတ်ကြသလားဆိုသည့်
အတွေးမေးခွန်းများဖြင့် ချာချာလည်လည်နေမိ၏် ။ ထိုအတွေးတွေအား အစပြုစေခဲ့သော အကြောင်းအရာသည်ကား
ကျွန်မ၏ ဆိုက်ကယ်လေးပင်ဖြစ်လေတော့သည် ။မလေးရှားနိုင်ငံသို့ စတင်ရောက်ရှိစဉ် ကာလကတည်းက
အမျိုးသားမှ ဆိုက်ကယ်တစ်စီးဝယ်ပေးမည်ဟု ပြောခဲ့ပါသည် ။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့်
မ၀ယ်ဖြစ်ခဲ့ကြပါဘူး ။ ဒီတော့ဘတ် ( စ် )ကားသည်သာ ကျွန်မအတွက် အားထားစရာဖြစ်လာခဲ့ရသည်
။ နေထိုင်ရာ တိုက်ဝန်းမှ ကားမှတ်တိုင်ရှိရာသို့ တော်တော်လေးလမ်းလျှောက်ရသည် ။ မလေးရှားနိုင်ငံသည်ကား
မိုးရွာလျှင် ရွာ ၊ မရွာပြန်လျှင် နေတအားပူသည့်နိုင်ငံဖြစ်သည်မို့ လမ်းလျှောက်ရသည်မှာ
မသက်သာလှပေ ။ တိုက်ခန်းလေးသည် တိုက်ဝန်း၏ အစွန် ၌ တည်ရှိသည် ။ အပြင်သို့ ထွက်မည်ဆိုပါလျှင်
တော်တော်လေးလမ်းလျှောက်ရလေ၏ ။ လမ်းလျှောက်လျှင် မောတတ်သည်က အစဉ်အလာ ရှိပြီးသား ။ထိုကြောင့်
ဘတ်(စ်) ကားမှတ်တိုင်သို့ လမ်းလျှောက်၍ သွားရခြင်းသည်
ကျွန်မအတွက် ရုပ်ပိုင်းဆိုင်ရာ မောပမ်းခြင်းအား
ဖြစ်စေသည်ဟု ယူဆမိလေသည် ။
ဒီလိုနှင့် တစ်နေ့တော့
အမျိုးသားဖြစ်သူ၏ မေတ္တာတော်အနန္တဖြင့် ဆိုက်ကယ်လေးတစ်စီး ၀ယ်ဖြစ်ဖို့ အကြောင်းတရား ဖန်လာခဲ့လေသည်
။ အမျိုးသား၏ သူငယ်ချင်းဖြစ်သူမှာ မြန်မာပြည်သို့အပြီး ပြန်တော့မည်ဖြစ်သောကြောင့် သူစီးနေသည့်
ဆိုက်ကယ်လေးအား ကျွန်မတို့လင်မယားထံ ပြန်ရောင်းခဲ့လေသည် ။ ၀ယ်ဖို့ အစီစဉ်ရှိနေပြီးတားမို့
ဝယ်ထားလိုက်သည်။ ဆိုက်ကယ်လေးရောက်လာချိန် လမ်းမလျှောက်ရတော့ဘူး ဆိုသည့်အသိက ကျွန်မကို
ပျော်ရွင်ကျေနပ် စေခဲ့သည် ။ အမျိုးသား အလုပ်သွားလျှင် ဆိုက်ကယ်လေးဖြင့် လိုက်ပို့ရသည်
။ နေ့လည် ထမင်းစားချိန်ကို ထင်းချိုင့်လိုက်ပို့ပေးရ၏် ။ တစ်နေ့ကို နှစ်ကြိမ် ဆိုက်ကယ်စီးပြီး
အပြင်ထွက် ရသည် ။ ဆိုက်ကယ်ဖြင့် သွားလာရခြင်းကြောင့် ခြေညောင်းခြင်း ၊ နေပူခံရခြင်း
၊ မောပမ်းခြင်းဒုက္ခဘေးတို့မှ ကင်းဝေးရလေ၏ ။ ရုပ်ပိုင်းဆိုင်ရာ မောပမ်းခြင်းတို့မှ ကင်းဝေးခဲ့ရသော်လည်း
စိတ်ပင်ပမ်းခြင်းဒုက္ခကိုတော့ ဇနီးမောင်နှံ နှစ်ဦး ခံစားရပြန်သည် ။
အမျိုးသား အလုပ်ရှိရာသို့
လိုက်ပို့ချိန်ကအစပြုလို့ နေ့လည် ထမင်းပို့ပြီးပြန်ချိန်ထိ စိတ်မောရခြင်း ခံစားချက်တို့ကို
ခံစားရလေတော့သည် ။ ဆိုက်ကယ်စက်နှိုး မောင်းထွက်သည်နှင့် အနောက်မှထိုင်လိုက်သည့် အမျိုးသား၏
စိုးရိမ်ပူပန်သံ ။ ဆိုက်ကယ်မောင်းတာဖြစ်စေ
ကားမောင်းတာဖြစ်စေ ဘေးကနေတောက်လျှောက်လိုက်ပြောနေလျှင် မောင်းသူအတွက် စိတ်ဖိစီး
ပင်ပမ်းခြင်းတွေကို ခံစားရပါ၏ ။ ယဉ်မောင်းသူအတွက် အန္တာရယ်အရမ်းများဆုံးအရာသည်ကား စိတ်ဖိစီးခြင်းပင်ဖြစ်သည်
။ မြန်မာပြည်၏ ညာမောင်းစနစ်ဖြင့် ယဉ်ပါးလာသူ ကျွန်မ မလေးရှားနိုင်ငံ၏
ဘယ်မောင်းစနစ်သို့ ပြောင်းမောင်းကာစပေမို့ သတိကြီးစွာထားရပြန်သည် ။ အဝေးပြေးလမ်းပေါ်
မောင်းရသည်မို့ စတန့်ဆိုက်ကယ်သမားများ၏ ပွတ်ဆွဲ ၀ှိုက်ဆွဲ ခြင်းများအား ရှောင်ရသည်မှာလည်း
စိတ်ကို များစွာ လေးပင်ရပြန်သည် ။ မနက်ပိုင်း ကားလမ်းများကျပ်ချိန် ပိတ်နေသည့်ကားတွေကြား
စတန့်မင်းသမီးတစ်ဦးနှယ် မောင်းနေရသည်မှာသည်း
စိတ်ရှုပ်စရာပင် ။
အမျိုးသားကို ထမင်းပို့ပြီးပြန်လာခဲ့သည်
။ ခါတိုင်းနေ့တွေထက် ပို၍ကျပ်သော ကားများကြား
မနည်းသတိထား မောင်းနှင်ခဲ့ရသည်။ အတော်လေး စိတ်မောလက်မော ဖြစ်ခဲ့ရသည် ။ အိမ်ပြန်ရောက်သည်နှင့်
လေးပင်လွန်းသော ဆိုက်ကယ်ဦးထုပ်ကြီးအား ချွတ်လိုက်၏ ။ မ၀တ်ချင်ဘဲ ၀တ်ထားရသည့် မိုးကာအကျီင်္ကြီးကိုလည်း
ကိုယ်ပေါ်မှ အလျှင်မြန်ခွာထုတ်လိုက်သည် ။ မ၀တ်ချင်ဘဲ ဘာကြောင့် ၀တ်နေရသနည်းဆိုရင် မလေးရှားစတိုင်ဟု
ပြောရပေမည်။ ဆိုက်ကယ်စီးသည့်သူတိုင်း မိုးကာအကျီ ၀တ်ဆင်ခြင်းဖြင့် ရင်ဘတ်လေတိုးခြင်းကို
ကာကွယ်ကြသည် ။
စိတ်အိုက်ခြင်းကို
ပြေပျောက်စေခြင်း အလို့ငှာ ရေခဲသေတ္တာထဲမှ ရေအေးတစ်ဘူးကို ထုတ်ကာ မော့သောက်လိုက်သည်
။ ရေအေးအေးလေးများ စီးဆင်းသွားခြင်းကြောင့် မောပမ်းခြင်းများ အထိုက်လျောက် ပြေပျောက်သွား၏
။ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချမိရင်း မျက်လုံးအစုံကို မှိတ်ထားလိုက်မိသည် ။ မှိတ်ထားတဲ့
မျက်လုံးတွေက ခဏတာ အနားရသွားကြလေ၏ ။ အတွေးများကြောင့် ကျွန်မဦးနှောက်လေးမှာဖြင့် အလုပ်များ
ဆက်လုပ်နေရပြန်၏ ။
တန်းစီဝင်ရောက်လာသော အတွေးများအား မောင်းထုတ်ပစ်ဖို့မကြိုးစားချင်ပါ
။ ထိုအတွေးများ၏ နောက်ဆုံး အဖြေအား ကျွန်မကိုယ်တိုင်သိချင်နေမိသည်ပင်။
အကြောင်းအရာတိုင်း၌ အဆိုး အကောင်း ဒွန်တွဲ နေခြင်းသည် လောကကြီး၏ ညီမျှခြင်းတစ်ခုများလား ။ ဖြစ်နိုင်ပေသည်။ အခြေနေ အကြောင်းအရာတိုင်း၌ အကောင်းရှိသလို ၊ အဆိုးလည်း
ရှိနေသည် ။ အချစ်ရှိသလို အမုန်းရှိသည် ။ ပျော်ရွင်စရာ ရှိသလို ကြည်ကွဲစရာတွေလည်း ရှိနေနိုင်သည်
။ ဒါနိယာမတစ်ခုလိုပါပဲ ။ လောကကြီးက လူသားတွေအား ပိုပြီးလူပီတစေဖို့ အဆိုးအကောင်းအားလုံး
ဒွန်တွဲပေးထားခြင်းဖြစ်နိုင်သည် ။ကျွန်မ လမ်းလျှောက်ပြီး ဘတ်(စ်)ကားစီးခဲ့စဉ်က လူရဲ့
ရုပ်ပိုင်းဆိုင်ရာကို ပင်ပမ်းစေခဲသည် ။ ဆိုက်ကယ်လေးဝယ်ပြီး လိုရာခရီးကို သွားတဲ့အချိန်ကြတော့
ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာကို ပင်ပမ်းစေခဲ့ပြန်သည် ။ ဒါပေမယ့် တခုခုကိုတော့ ကျွန်မ
မဖြစ်မနေလုပ်ရပေမည် ။ ဒါမှလည်း လိုရာခရီးကိုရောက်နိုင်ပါလိမ့်မည် မဟုတ်လား ။
နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရသည့်
အကြောင်းအရာ တိုင်းတွင် အဆိုးအကောင်းဆိုသည့် မတူညီသော ရလာဒ်တွေ ရှိနေစမြဲပါ ။ ကျွန်မတို့လူသားတွေသည်
အကောင်းတွေကိုသာ မျက်ဝါးထင်ထင် ပိုင်ဆိုင်ချင်ကြ၏ ။ အဆိုးတွေထဲက အကောင်းဆုံးသင်ခန်းစာတွေကိုကြ
ယူဖို့မေ့နေတတ်ကြသည် ။ အဆိုးထဲက သင်ခန်းစာတွေကို ယူတတ်ကြမယ်ဆိုလျှင် ခံစားနာကျင်ရခြင်းတွေ
သက်သာပေလိမ့်မည် ။ အခြေနေ အကြောင်းအရာတို့အား ဘ၀တိုက်ပွဲဟု ခေါင်းစဉ်တပ်မည်ဆိုလျှင်
အဆိုးတို့သည် ရန်သူမည်ကာ ၊ အကောင်းတို့သည် မိတ်ဆွေမည်ပေလိမ့်မည် ။ စစ်ပွဲဆိုကတည်းက
ရန်သူဆိုသည့်အရာ ရှိစမြဲပါ ။ အဆိုးတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့
သတ္တိမွေးပါ ။ ထို စိတ်လေးရှိနေပြီဆို အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်ပါလိမ့်မည်
။ကိုယ်ဆန္ဒနှင့်ကိုယ် ရွေးချယ်ပြီးသည့် လမ်းတစ်ခုကို ဆုံးအောင် လျှောက်တတ်ဖို့အတွက်
ပြတ်သားဖို့လိုပါပေ၏ ။ လူသားတိုင်းမှာ ဖန်တီးနိုင်စွမ်းအားတွေ ရှိကြသည် ။ ထုတ်သုံးတတ်ဖို့ဘဲ
လို၏် ။ အဆိုးအကောင်း တွဲနေသည့် လောကကြီးထဲ ဘ၀စစ်ပွဲတွေနှင့် ကြုံဆုံရချိန်တိုင်း မိတ်ဆွေမည်သော
အကောင်းတွေကို ပြုံးပြကြိုဆိုနိုင်သလို ၊ ရန်သူမည်သော အဆိုးတွေကိုလည်း တိုက်ထုတ်နိုင်ခြင်းဖြင့်
လူပီတသူတွေအဖြစ် သက်သေထူနိုင်ရပေမည် ။ အတွေးတွေက အခြေနေမှန် နှင့် အဖြေမှန် တို့အား
ထုတ်ပေးပြီ်းချိန်မှာတော့ စိတ်အစဉ်သည် ပေါ့ပါးသွားသော ၀ါးဂွမ်းစလေး တစပမာ ။ အဆိုး အကောင်း
ဒွဲတွဲနေသည့် လောကကြီးထဲ အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်သွားမည့် အားအင်တွေပြည့်ဝစွာဖြင့် မှိတ်ထားသော မျက်လုံးအစုံကို ဖွင့်လိုက်မိပါတော့သည်
။
ခိုင်လေး ( ရွှေတောင်
)
စာရေးခြင်း၊ စာဖတ်ခြင်းကို
ခုံမင်နှစ်သက်သူ
25.3.2014…..ညနေ ၆
နာရီ ။
မလေးရှားနိုင်ငံ ။
No comments:
Post a Comment