Tuesday, August 26, 2014

၆၀ ။ ပွဲတက်မယားသက်သက်တော့မဖြစ်ချင်ဘူး......ပွဲတက် အကြင်နာ ဇနီးမယားပဲ ဖြစ်ပါရစေ ။

၆၀ ။ ပွဲတက် အကြင်နာ ဇနီးမယားပဲ  ဖြစ်ပါရစေ ။
*2010 ခုနှစ်က ရေးသားခဲ့သော ဆောင်းပါးအဟောင်းလေးပါ ။
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

ဒီတခါ ရေးချင်တဲ့ ဆောင်းပါလေးကတော့ ပွဲတက်မယား နဲ့ အကြင်နာဇနီးမယား ၏ ကွာခြားချက် အကြောင်းလေးပါ ။ မိန်းမတစ်ယောက် အိမ်ထောင်ပြုကြလိုက်သည်။ တစ်ချို့တွေ ပိုက်ဆံပြည့် ပြည့်စုံစုံနှင့် နေကြသည် ။ ဒါပေမယ့် ခြောက်သွေ့ အထီကျန်မှုတွေကြားထဲမှာ ပွဲတက်ဖော် မယားတစ်ယောက်အဖြစ် ပဲရှိနေသည် ။ လူတွေက ထင်ကြပါလိမ့်မည် ။ ပြည့်စုံတဲ့ ဘ၀တစ်ခုမှာ နေထိုင်ခွင့်ရနေခြင်းကြောင့် ပျော်နေလိမ့်မည်ပေါ့ ။ ဟုတ်ရဲ့လား ။ သေချာပါ့မလား ။ ပြန်တွေးကြည့်ပါ။ အောင်မြင်တဲ့ လုပ်ငန်းတွေနဲ့ ပြေးလွှားနေရတဲ့ အသိုင်းဝိုင်းတော်တော်များမှာ အချိန်ဆင်းရဲတတ်ကြပါသည် ။
အိမ်ထောင်တစ်ခုကို တည်ထောင်ကြတယ်ဆိုတာ လူနှစ်ယောက် ဘ၀နှစ်ခုကို တစ်ခု တည်းပါင်းစပ်လိုက်ခြင်းပါ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပြုကြကာ လူမှုဘ၀အခက်ခဲတွေကို အတူတကွ ရင်ဆိုင်ကြခြင်းပါ ။ မောင်နေထိုင်မကောင်းလျှင် မေက ပြုစုရမည် ။ မေနေမကောင်းလျှင် မောင် ဂရုတစိုက် ပြုစုပေးရမည် ။ ခုတော့ အလုပ်ဆိုတာတွေ ကြားထဲမှာ နစ်မြှပ်ကာ မိသားစုဆိုတာ ဘာပါလိမ့်လို့ အော်မေးရမလို ပွဲတက်ယုံ ၊ ကာမဆက်ဆံမှုနိယာမတစ်ခုတည်းကို အခြေခံကာ ပွဲတက်မယားဘ၀မျိုးကို ကျွန်မ အလွန်တရာ မုန်းတီးမိပါသည်။
နိုင်ငံခြားရောက် မြန်မာတွေ တစ်ချို့ဆို ဆယ်နှစ်လောက်ရှိ ကြာအောင်ခွဲနေကြသူတွေကို မြင်ဘူးပါသည် ။ ခိုင်လေး တွေးမိသည် ။ ဘာအတွက် အလုပ်လုပ်နေကြသလဲ  ။ မိသားစု အတွက် သူများဆီမှာ အလုပ်တွေ လုပ်နေကြရပါသည် ။ ဒါပေမယ့် ဘယ်မှာလဲ မိသားစုဘ၀ဆိုတာ ။ ဒီလိုပါပဲ သူများဆီမှာ အလုပ်လုပ်နေရင်းနဲ့ ကျွန်မတို့ အချိန်တွေ ကုန်နေကြရတော့မှာလား။ အရင်းနှီးအတွက် အလုပ်လုပ်နေကြရတယ်ဆိုရင်လည်း အမှန်တစ်ကယ် ဆုကြပါ။မိသားစုဘ၀ဆိုတာ အရမ်းကို တန်ဖိုးရှိပါ၏ ။ တစ်လ တခါလောက် ဖုန်းလေပြော။ လကုန်ငွေပို့ နေရုံနဲ့တာဝန်ကျေနေပြီလို့ ကျွန်မကတော့ မမြင်ဘူး ။ ဆိုကရေးတီးက ပြောဖူးသည် ။
* သားသမီးတွေကို စည်းစိမ်ချမ်းသာတွေ နဲ့ လိုလေသေးမရှိ ထောက်ပံ့ပေးကမ်းမှုတော့ ပြုပါရဲ့။ သားသမီးတွေရဲ့ ကောင်းမြတ်အရည်သွေးတွေ တိုးတက်လာအောင် လုပ်ပေးဖို့ ကိုတော့ လစ်လျူရှုထားတယ်ဆိုရင်……မြင်းတွေ မွေးပြီးအစာတော့ အလွန်မင်းကျွေးပါရဲ့ ။ အဲဒီမြင်းတွေကို အသုံးချလို့ရတဲ့ အသုံးဝင်တဲ့ မြင်းတွေ ဖြစ်လာအောင်ဘယ်တော့မှ လေ့ကျင့်ပေးမထားတဲ့ လူတွေနဲ့ တူတာပေါ့ *
လို့ ရေးဘူးပါတယ်။ ဇနီးမယားတွေ အနေနှင့်လည်း ငွေမျက်နှာတစ်ခုတည်း မကြည့်ကြပဲ မိသားစုဘ၀လေးကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်ကြစေချင်ပါသည်။ ပွဲတက်ရုံနဲ့ လက်ထပ်ထားသလို ဖြစ်နေကြမယ်ဆိုရင်တော့ အရမ်းကို ခြောက်သွေ့တဲ့ အိမ်ထောင်တစ်ခုနဲ့ တူနေပါလိမ့်မည်။အညမညမေတ္တာ တရားကို အခြေခံကာ ပြုစုယုယမှုများ ရှိကြမှသာ အကြင်နာဇနီးမယားဘ၀နဲ့ အိမ်ထောင်မှုဘ၀သုခကို ခံစားပိုင်ဆိုင်ကြရမှာပါ။အိမ်ထောင်တစ်ခု သာယာချမ်းမြေ့ဆိုတာ ဇနီးဖြစ်သူက သူနေရာနဲ့သူ အရေးပါ အဓိကကျလှပါသည်။
ပွဲတက်ယုံသက်သက် မဟုတ်ဘဲ အကြင်နာဇနီးမယားတစ်ယောက် အဖြစ်ရပ်တည်ချင်တယ်ဆိုရင်တော့ မိမိခင်ပွန်းကို ချစ်နေယုံနဲ့တင် မလုံလောက်ပါဘူး။ တခါတရံမှာ ချစ်သူလို ချစ်သလို ၊တခါတရံမှာတော့ အစ်မတစ်ယောက်လိုလည်း ချစ်တတ်ရပါမည်။ တခါတလေမှာ ချစ်သူဘ၀တုန်းကလိုလဲ ချစ်တတ်ရပါဦးမည် ။ဒါမှလည်း ခင်ပွန်းသည်ကစိတ်ချမ်းမြေ့မှုနဲ့ ပြည့်ဝတဲ့ မိသားစု စိုပြည်ရေးကို ရှေးရှု ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါသည်။
ဇနီးကောင်းဆိုတာမီးဖိုဆောင် ကိစ္စတွေ နိုင်နင်းရုံ နဲ့လည်း မပြည့်စုံပါဘူး ။ ကိုယ်ခင်ပွန်းသည်၏ လုပ်ငန်းဆောင်တာတွေကိုလည်း တိုင်ပင်ဆွေးနွေးပေးနိုင်သည့် အရည်ချင်းမျိုးတွေလည်း ရှိနေသင့်ပါသေးသည်။ နေရာတကာဝင်ရောက် စွက်ဖက်တာမျိုးကို မဟုတ်ဘဲ အကြံကောင်းတွေကို ပေးနိုင်တာမျိုးကို ဆိုလိုပါ၏ ။ နမူနာပြောပြရရင် ယောကျာင်္းက အလုပ်ကိစ္စ စကားပြောနေမည် ။ ဘေးမှ ဇနီးသည်လည်း ရှိနေမည် ။  ယောကျာ်င်္းပြောနေတာတွေထဲမှာ သဘောမကျတာ နိုင်စရာတွေ ရှိနေမယ်ဆိုပါစို့ ။ အဲဒီနေရာမှာ ရှင်ပြောနေတာကတော့ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာမျိုးတွေ ၀င်ရောက်ပြောဆိုခြင်းထက် တိတ်ဆိတ်စွာ နားထောင်ပေးလိုက်ခြင်းက မိမိယောကျာင်္းကို ဂုဏ်တက်စေပါ၏ ။နှစ်ယောက်တည်းရှိချိန်ကြမှာ အကျိုးကြောင်းကို သေချာထောက်ပြပြောဆိုသင့်ပေသည်။
အိမ်ထောင်တစ်ခု ထူထောင်တာ မလွယ်သလို ရေရှည်တည်တံ့ ဖို့ဆိုသည်မှာလည်း ခက်ခဲလှပါသည် ။သစ္စာနဲ့ မေတ္တာကိုအရင်းတည်ကာ အပေးအယူမျှတစွာနှင့် တစ်ယောက်အပေါ်တစ်ယောက် ယုံယုံကြည်ကြည် လက်တွဲမှာသာလျှင် အကြင်နာဇနီးမယားအဖြစ် ချမ်းမြေ့သာယာမှုများအား ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါသည်။ပွဲလေးတွဲတက်ယုံ ဟန်ပြ ပွဲတက်မယားဘ၀မျိုးကိုတော့ ကျေနပ်မနေကြပါနှင့် ။  ဘ၀အတွက် အနှစ်သာရ ကင်းမဲ့လွန်းလွန်းပါသည်။ မိန်းမသားများ၏ ဘ၀မှာ အိမ်ထောင်ကျပြီ ဆိုကတည်းက တစ်ကယ်ထောင်ကျသလိုပါပဲ ။ မိသားစု အရေးခင်းတွေထဲမှာပဲ နစ်မျောစီးဝင်နေကြရတော့သည် ။ ပင်ပမ်း စိတ်ကျဉ်းကျပ်စရာတွေကြားထဲ ခင်ပွန်းသည်ရဲ့ ဥပက္ခာပြုခြင်းကိုပါ ထပ်မံခံရမည်ဆိုလျှင် ပျော်ရွင်ချမ်းမြေ့စရာဆိုသည်မှာ ဘယ်မှာ ရနိုင်ပါတော့မည်နည်း။
ပွဲလေးတူတူ တွဲတက်ရုံဖြင့် ဇနီးမယားတစ်ယောက် လို့မှတ်ယူလို့ မရပါဘူး။သွေးသားမတော်စပ်သူ လူသားနှစ်ဦး ပေါင်းစပ်ကြတဲ့နေရာမှာ မတူညီတာတွေ အများကြီး ရှိနေနိုင်ပါသည်။ အိမ်ထောင်ရှင် မိန်းကလေးတိုင်း မတူညီတာတွေကို နားလည်မှု ၊ ချစ်ခင်တွယ်တာမှု ဆိုတာတွေနဲ့ ညှိနှိုင်းကာ ပွဲတက် အကြင်နာဇနီးမယား ဆိုတဲ့ ဘ၀လေးတွေကို ကြည်နူးနွေးထွေးစွာ ပိုင်ဆိုင်နိုင်ပါစေ ။ ပြီးပြည့်စုံသော မိသားစုဘ၀လေးကို အမှန်တကယ် တည်ဆောက်နိုင်ကြပါစေ ။

No comments:

Post a Comment