၅၆ ။ နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက တန်ဖိုးရှိဖို့လိုအပ်ပါတယ်
*၂၀၁၂ ခုနှစ်ကရေးသားထားသော ဆောင်းပါးလေးပါ ။ *
ရေးသားသူ = ခိုင်လေး ( ရွှေတောင် )
မရောက်ဘူးသေးတဲ့ ဒေသတစ်ခုကို ခိုင်လေး အလည်ပတ်ရောက်ရှိနေခဲ့ပါတယ် ။ မြင်ကွင်းအသစ် ၊ ဓလေ့ အသစ်တွေနဲ့ လူတွေကို
မြင်တွေ့နေရတာ ခိုင်လေးအတွက် သိပ်ကို ထူးဆန်းနေသလို ကိုယ်မြေ
ကိုယ်ရေကိုလည်း ပိုလို့တောင် လွမ်းဆွတ်မိလာပါတယ် ။ ခိုင်လေး
မလေးရှားနိုင်ငံကို ရောက်ရှိနေပါတယ် ။ နေရာဒေသ သစ်တစ်ခုမှာ ဗဟုသုတ အသစ်တွေ
လေ့လာခွင့် ရတဲ့အတွက် ကျေနပ်မိပေမယ့် မလေးရှားနိုင်ငံရဲ့ ခံယူချက် ၊ ပုံစံ
တော်တော်များကိုတော့ လုံးဝကို မနှစ်သက်မိပါဘူး ။ ခိုင်လေး စိတ်ထဲ
သဘောမကျဆုံး အချက် လေးကို ပြောပြချင်တယ် ။
.......... အသက်ရွယ်
အိုမင်းမစွမ်းတော့တဲ့ အဘိုးအို ၊ အဘွားအိုတွေ အလုပ်လုပ်နေရတဲ့
အချက်လေးကတော့ ရင်ထဲတော်တော်လေးကို မကောင်းဖြစ်မိခဲ့ရပါတယ် ။ သူနိုင်ငံ
သူဓလေ့နဲ့တော့ ဟုတ်နေကျပေမယ့် ခိုင်လေး တို့ မြန်မာပြည်ဖွား
မြန်မာတစ်ယောက်အနေနဲ့တော့ ရင်ထဲ နစ်အောင် ခံစားမိခဲ့ရပါတယ် ။ အမှတ်တရ
အဖြစ်ပျက်လေး တစ်ခုကို လက်တွေ့ ကြုံတွေ့ခဲ့ရပါတယ်။KL မြို့ထဲကို
လျှောက်လည်ပြီး အပြန်မှာပေါ့ ။ ဟိုတုန်းက ဘတ်(စ်)ကားအသေလေးကို ခိုင်လေးတို့
တက်စီးကြပါတယ် ။ ကားမောင်းတဲ့ အမျိုးသားကြီးက တော်တော်လေး အသက်ကြီးနေတဲ့
အဘိုးအိုတစ်ယောက်ပါ ။ ကားပေါ်တက်လိုက်ထဲက အဘိုးအိုမြင်ပြီး တော်တော်လေး
စိတ်မကောင်းဖြစ်မိသွားတယ် ။ ကားမောင်းလို့ ၁၀ မိနစ်လောက်အကြာမှာတော့ ကားက
လမ်းတွေမှားနေပြီလို့ ကားပေါ်က လူအချို့ရဲ့ တီတိုးစကားသံတွေ ထွက်လာပါတော့တယ်
။ မကြာပါဘူး ရဲကားလိုက်လာပြီးကားကိုတားပြီးဖမ်းပါတော့တယ် ။ ကားပေါ်မှာ
မြန်မာတွေ တော်တော် များပါသလို အိန္ဒိယ ကပ္ပလီတွေလည်း အများအပြားပါနေပါတယ် ။
ကားကိုတင်မဟုတ်ဘဲ ကားပေါ်လိုက်ပါလာသော လူတွေကိုပါ စစ်ပါလေကော။
ရဲမြင်တာနဲ့တင် ခိုင်လေးမှာ ခြေဖျား လက်ဖျားတွေ အေးစက်လာပါတော့တယ် ။
တူတူလာတဲ့ သူငယ်ချင်းတွေကို စစ်နေပါပြီ ။ အမျိုးသားက အစောထဲက မှာထားပါတယ် ။
ရဲတွေ ဘာတွေစစ်ရင် ကိုယ်ဘာကို ရှင်းတတ်အောင်ရှင်းဖို့ပါ ။ အလည်လာသူကိုဆို
တော်သေးကြောင်း အလုပ်လုပ်နေသူတွေဆို လှည့်ပတ်ရစ်တတ်ဆိုတာကို
ကြိုပြောပြထားတဲ့ အတွက် ကိုယ်ကိုယ်ကို အဆင်သင့် ပြင်ဆင်လိုက်ပါတယ်
။မျက်နှာကို ခပ်တည်တည်ထားပြီး မသိသလိုနေလိုက်တယ်။ရဲက
တစ်ယောက်ပြီးတစ်ယောက်တာ ကားပေါ်က ဆင်းခေါ်သွားပေမယ့် ခိုင်လေးကိုတော့
ချန်ထားပါတယ် ။ ခိုင်လေး တစ်ယောက်ထဲ မစစ်တာကို အံ့သြရပြန်တယ် ။ အမှန်တော့
ခိုင်လေးကို မလေး နိုင်ငံသား အိန္ဒိယလူမျိုးလို့ ထင်ပြီး မစစ်ဘဲ
ချန်ထားခဲ့တာပါ ။
ကားထွက်တော့မှ အောက်က သူတွေကို အကုန်
ကားပေါ်ပြန်တက်စေတယ် ။ခရီးသည်တွေ ကားပေါ်ပြန်ရောက်တာနဲ့ တစ်ယောက်တစ်ပေါက်
ကားမောင်းတဲ့အဘကို မေတ္တာပို့ကြပါတော့တယ်။ ခိုင်လေးလည်း အစစ်ခံရမှာကို
ကြောက်မိပေမယ့် လမ်းမှားတဲ့ အဘကိုတော့ အပြစ်တင်ဖို့ထက် စာနာသနားတဲ့ စိတ်က
ပိုနေမိတယ် ။ ဒီအသက်ရွယ်ဆိုတာ သူငယ်ပြန်တဲ့ အရွယ်တောင် ရောက်နေပါပြီ ။
အဘိုး ခင်ဗျာ မှတ်ဥာဏ်အင်အားတွေလည်း ချို့တဲ့ နေလောက်ပါပြီ။
မှားတော့မှာပေါ့လေ ဆိုတဲ့ အတွေးနဲ့ ဒီအရွယ်အထိ အလုပ်လုပ်နေရတဲ့ အဘကို
သနားနေမိပါတယ် ။
ခိုင်လေးတို့ မြန်မာနိုင်ငံမှာဆို တော်တော်များများ
အဘိုအို အဘွားအိုတွေ အိမ်မှာ ဘုရားတရားလေး နဲ့ အေးချမ်းစွာနေထိုင် သူတွေ
ပိုများမယ်လို့ ခိုင်လေးတွေးမိပါတယ် ။ ဒီနိုင်ငံမှာတော့
ကိုယ်ဝမ်းစာကိုယ်ရှာနေရပါသေးတယ် ။ နေရာတိုင်းမှာဆိုးကျိုး ၊
ကောင်းကျိုးဒွန်တွဲနေတတ်တယ်ဆိုတာ ဒီအချက်လေးကို သာဓက တစ်ခုလိုပါဘဲရှင်။
မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတယ်ဆိုတဲ့ အချက်က
မကောင်းပေမယ့် လူသားချင်းနွေးထွေးစွာ ကူညီတတ်တာတော့ ချစ်စရာကောင်းတဲ့
ဓလေ့လေးတွေ ခိုင်လေးတို့ မြန်မာတွေရဲ့ စိတ်ဓာတ်လေးတွေ ပါ ။
နိုင်ငံခြားရောက်ကာ နိုင်ငံခြား အကျင့်တွေ
အကုန်ဝင်ကုန်သူတွေလည်းအများပြားရှိပါတယ် ။ မြန်မာဆိုတဲ့ စိတ်လေးတွေကို
ထိန်းသိမ်းထားတဲ့ သူတွေလည်းအများပြားရှိနေပါသေးတယ် ။ ကားစီးတော့ အထုပ်တွေ
အများကြီးသယ်လာတဲ့ ခိုင်လေးကို အမအထုပ်တွေပေးထားလေဆိုတဲ့
မြန်မာစကားသံလေးတစ်ခုက နိုင်ငံခြားမှာ အရမ်းချိုမြိန်တယ်ဆို
ပိုတယ်ထင်မယ်နော် ။ အမှန်တကယ် ရင်ထဲကို အေးမြစေတာပါ ။ တစ်ဦးကို
တစ်ဦးနားလည် ခြင်း ၊ စာနာခြင်းဆိုတဲ့ စိတ်တွေ ခိုင်လေး မြန်မာ
ညီကိုမောင်နှမတွေမှာ ရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုက တကယ်ကို
ချိုမြိန်အေးမြစေပါတယ် ။ နေတဲ့နေရာထက် ထားတဲ့ စိတ်ထားလေးက
တန်ဖိုးရှိဖို့လိုအပ်ပါတယ် ။ဘယ်နေရာ ဘယ်ဒေသမှာဘဲ နေပါစေ ။
ကောင်းမွန်ပြီးချစ်စရာကောင်းတဲ့ မြန်မာအကျင့်လေးတွေကို မမေ့လျော့ဘဲ
ရင်ထဲအသည်းထဲက တန်ဖိုးထားမြတ်နိုးနိုင်ကြပါစေလို့ လေးနက်စွာ
ဆုတောင်းပေးနေမိပါတော့တယ် ရှင် ။
No comments:
Post a Comment